Menu bar

19 October 2012

နာမည် ပြဿနာ

အနောက် နိုင်ငံတွေမှာ နာမည်တွေက ကိုယ့်နာမည် (First name)၊ မိသားစုနာမည် (Surname)ဆိုပြီး ၂ခုရှိတာကိုး။ ပုံမှန်တော့ ကျမတို. မြန်မာတွေမှာ သိပ်အခက်အခဲ မရှိလှပါ။ ကိုယ့်နာမည်ရဲ့ ရှေ.တလုံးက ကိုယ့်နာမည်ဖြစ်သွားပြီး၊ နောက်ဆုံးက အလိုလို Surname ဖြစ်သွားတာပေါ့။

ဒါပေမယ့် တချို.ကျတော့လဲ နာမည်က ဒီနိုင်ငံမှာ သိပ်အဆင်မပြေလှဘူး။ ဥပမာ ကျမရဲ့ အသိထဲက တယောက်က မောင်ဦး ဆိုပါတော့။ အင်္ဂလိပ်ကြီးတွေက သူ.ကို မောင် .. မောင် .. နဲ.ခေါ်နေတာမျိုးတွေ။ တခြားအသိတယောက်ကတော့ ချစ်ကိုကို ဆိုပါတော့၊ ချစ် .. ချစ် ... နဲ. အခေါ်ခံရပြန်ပါရော။

နောက်တခု ကျမအနေနဲ. ပြဿနာ ခဏခဏ တက်ရတာက လက်ထပ်ပြီး နောက်ဆုံးနာမည်ကို ယောက်ကျားနာမည် မပြောင်းတာပါဘဲ။ ကျမ အမျိုးသားက Dr Oo တဲ့။ ကဲဘယ်ပြောင်းချင်ပါ့မလဲနော်။ ဒီနိုင်ငံမှာ သူနာမည်ကလဲ အနောက်ခံရဆုံး နာမည်တွေအထဲမှာ ပါပါတယ်။ တခါကဆို သူ.ရှေ.မှာတင် တခြားဆရာဝန်တယောက်က ဆေးကျောင်းသားတွေကို ပြောနေတာ “ကဲမင်းတို.ကို စာသင်မှာတော့ ဒေါက်တာဦးတဲ့။ ဟီးဟီးဟီး နာမည်က ဦးတဲ့ အို နှစ်လုံးတွဲတဲ့ ဦးတဲ့ ဆိုပဲ ဟားဟား” ဆိုပြီး ရယ်နေတာကို ကြားမိပါသေးတယ်။ တနေရာရာသွားလို. နာမည်ဘယ်လိုလဲ မေးလို. ပြောပြရရင် ပြုံးပြုံးစိစိ မျက်နှာတွေကိုလဲ မကြာခဏ ကြုံရတတ်ပါတယ်။

14 October 2012

Italy trip

ကဲ ဒီဘလော့ဂ် ကလေးကို ပြစ်ထားရတာလဲ အတော်ကြာပြန်ပေါ့။ 

အခု ဘာရေးရမလဲ စဉ်းစားတော့ တလောက ထွက်ခဲ့တဲ့ အီတလီ အကြောင်းရေးရမလား တွေးမိပါတယ်။ 

ခရီးသွားဖြစ်တာက ဘာမင်ဂန် အမျိုးသမီး ဘောလုံး အသင်းနဲ. သူတို.ရဲ့ ဥရောပ ချန်ပီယန်ပွဲ ကန်ဖို.ဆရာဝန် အနေနဲ. လိုက်သွားတာပါ။ အဲ မြန်မာက သူငယ်ချင်းများ ကြားရင်တော့ Birmingham City Football club  - ဘာကြီးတုန်း၊ ကြားတောင်ကြားဖူးဘူးလို. ပြောကြမလားဘဲ။ 

ဒီနိုင်ငံမှာ ဘောလုံးက League တွေ အဆင့်ဆင့် ရှိပါတယ်။ League 1, 2, Champion league, Premier League, European FA စတာတွေပေါ့။ ကျမလုပ်တဲ့ Birmingham City FC ဆိုတာကတော့ အရင်က Premier League အသင်း ပေါ့။ ကစားတာ ညံ့ပြီး League ရဲ့ Bottom အောက်ဆုံးရောက်တော့ Premier League ကနေ အခု Champion League မှာ ကစားနေပါတယ်။ ကျမက ဘာမင်ဂန်မှာ နေတာဆိုတာ့ အလုပ်ကလဲ ဘာမင်ဂန်ဘောလုံး အသင်း မှာဘဲပေါ့နော်။ အရင်ကတော့ အာဆန်နယ် အမျိုးသမီး ဘောလုံးပွဲအတွက် ဆရာဝန် လုပ်ဖြစ်ပါသေးတယ်။ ကျမနေတဲ့ နေရာနဲ. အရမ်းဝေးတော့ ခရီးသွားရတာ အဆင်မပြေတာနဲ. အခု ဆက်မလုပ်ဖြစ်တော့ပါဘူး။ 

27 September 2012

Medical Novels?

ဒီနေ. ရေဒီယိုမှာ ကြားလိုက်ရတယ် J K Rowling (Harry Potter ရေးတဲ့ စာရေး ဆရာမ) တော့ နောက်ထပ် စာအုပ်တအုပ် ထုတ်ပြီဆိုပဲ။ ဒီတခါတော့ လူကြီး ဖတ်ဖို. (adult theme) ရည်ရွယ်ရေးပါတယ်တဲ့။ ရှာတော့ ဖတ်ဦးမယ်လို.တော့ အခု အားခဲထားပါတယ်။

ဒါနဲ. အခုရက်ပိုင်း Dan Brown ရဲ့ စာအုပ်တွေ ပြန်ဖတ်ပြီး ငယ်က အလွန် စွဲလန်းစွာ တအုပ်မကျန် ဖတ်ခဲ့ဘူးတဲ့ မင်းသိန္ခရဲ့ စာအုပ်တွေကိုလဲ ပြန်သတိရမိပါတယ်။ Free Mason အသင်းကြီး၊ လျှို.ဝှက်အက္ခရာ သင်္ကေတတွေ၊ ပရော်ဖက်ဆာ ဆိတ်ဖွားရဲ့ ပြီးတော့လဲ ပြီးတာပါဘဲ ဆိုတာတွေ၊ ကိုမိုးသီးနဲ. သေတ္တာတိုရဲ့ စကားပုံဝှက်တာတွေ၊ ငယ်စဉ် ဒါတွေဖတ်တုန်းကတော့ တွေးစရာ စိတ်ကူးယဉ်ကြည့်စရာတွေမှ အများကြီးရယ်ပါ။

အခု Dan Brown ကို ဖတ်မိတော့လဲ တွေးစရာ အများကြီးကို ဖြစ်ပေါ်စေခဲ့ ပါတယ်။ Jesus ဘုရားသခင်၊ Pope ရဟန်းမင်းကြီး၊ George Washinton တို.ပါမကျန် ရည်ညွှန်းရေးထားတာတော့ တကယ်များလား၊ စာရေးဆရာရဲ့ စိတ်ကူယဉ်တွေပဲလားဆိုတာတောင် ခွဲမရဖြစ်ခဲ့ရပါသေးတယ်။ ဒီစာရေးဆရာ ဘယ်လောက်စာဖတ်ပြီး ဘယ်လောက်တောင် ဗဟုသုတ ကြွယ်ဝတယ်ဆိုတာ သူ.စာတွေ ဖတ်တာနဲ.ကို သိသာလွန်းပါတယ်။ နောက်ဆုံးဖတ်ဖြစ်ခဲ့တဲ့ သူ.ရဲ့ The Lost symbol ထဲမှာတော့ စိတ်ရဲ့ ခွန်အား စွမ်းအား ဆိုတာတွေ ရေးထားတာ တကယ်ကို တွေးကြည့် စိတ်ကူယဉ်ကြည့်စရာ တွေခြည်းပါပဲ။

ငယ်စဉ်က ဂျူးစာအုပ်၊ ဆောင်းပါးတွေ ရှားရှားပါးပါး ဖတ်ပြီးတိုင်း သြ ဒီဆရာမ တော်လိုက်တာ အမြဲ ချီးမွမ်းမိတာလဲ မှတ်မိတာပါဘဲ။

13 September 2012

ဂျူဒိုဆရာဝန်ရဲ. တစ်ရက် ဟာသများ

ကျမ ဘလော့ဂ်ကို အရင်ဖတ်မိသူများ ကျမ အားကစာပွဲတွေမှာ ဆရာဝန်လုပ်နေကြောင်း သတိပြုမိကြမယ်ထင်ပါတယ်။ အခု ပါရာ-အိုလန်ပစ်မှာတော့ ကျမက ဂျူဒိုအားကစားပွဲရဲ့ ဆရာဝန် ဆေးအဖွဲ.ရဲ့ ခေါင်းဆောင် အနေနဲ. တာဝန် အပေးခံရပါတယ်။ ဂျူဒိုဆိုတာ တယောက်နဲ.တယောက် ဆော်ကြ တီးကြတာဆိုတာက လွဲလို. ကျမမှာ ဒီအားကစားနည်းအကြောင်း ဘာမှ မသိခဲ့ပါဘူး။ ကျမကို ဒီအားကစားပွဲမှာ အလုပ်လုပ်ရမယ် ဆိုတာ ကြားကတဲက စိတ်ကတော့ ခပ်ပူပူ။ အထူးသဖြင့် ခေါင်းဆောင်လုပ်ရမှာ၊ ကျမကဘာမှ သိပ်မသိ။ ထိခိုက်ဒါဏ်ရာတွေလဲ များမှာဘဲပေါ့။   

ဒီလိုနဲ. ကျမရဲ့ ပထမဆုံး အလုပ်စတဲ့နေ.ကို ရောက်လာပါတယ်။ ရင်တွေကတော့ ခပ်ခုန်ခုန်ပေါ့။  အလုပ်ထဲရောက်ပြီးတော့် ကျမနောက်မှာ အသက် ၆၀နီးနီးလောက်ရှိတဲ့ ဆရာဝန်တယောက် ထပ်ရောက်လာပါရော။ ရောက်ကတဲက ဆရာကြီးက ဝူးဝူးဝါးဝါး။ 

“ငါ့နာမည် (မောင်မောင်ပဲ ဆိုပါတော့)။ ငါ့က ဆေးရုံ အရေးပေါ်ဌာနရဲ့ အကြီးဆုံးဆရာဝန်ဘဲ။ ငါသာ ဒီမှာ အသင်းခေါင်းဆောင်လုပ်သင့်တယ်” တဲ့။ ကျမလဲ တိတ်တခိုးတော့ ဝမ်းသာသွားမိပါတယ်။ အိုကေပေါ့။ သူလုပ်ချင်ရင်လုပ်ပါစေပေါ့။ ကျမအတွက် တာဝန်ပေါ့သွားတာပေါ့နော။ အဲလိုပြောနေချိန်မှာပဲ နောက်ဆရာကြီး တယောက်ရောက်လာပြန်ပါရော။ နာမည်ကတော့ ဒိုးလုံး ဆိုပါတော့။ သူကလဲ သူ.ဆေးရုံမှာ Consultant မို.လို. အသင်းခေါင်းဆောင် လုပ်ချင်ပြန်သတဲ့။ ကျမလဲ အသာလျှောင်ပြီး ကဲ နှစ်ယောက်သား ဖိုက်ချင် ဖိုက်ကြပစေလို.ပဲ လွှတ်ထားလိုက်ပါတယ်။ တကယ့် ဂျူဒို မစမှီ သွေးပူပေါ့နော။

12 September 2012

Facebook

ဖေ့ဘွတ်လိုမျိုး အင်တာနက်မှာ Social websites တွေ ပေါ်လာတာ ကျမ အနေနဲ.တော့ အရမ်း အသုံးတဲ့တဲ့ တိုးတက်မှု တခုအနေနဲ. မြင်မိပါတယ်။ ကျမ အင်္ဂလန်ရောက်စကဆို ဒီလို Social networks တခုမှ မရှိခဲ့ပါ။ မြန်မာပြည်မှာ အင်တာနက်တောင် သိပ်မသုံးကြတော့ မိသားစုက လွဲလို. ရှိသမျှ သူငယ်ချင်းများ အားလုံးနဲ. အဆက်အသွယ် ပျက်ခဲ့တာပါဘဲ။ လွမ်းရင် ဖြေစရာ၊ ပျင်းရင် အတင်းတုတ်စရာရယ်တော့ ဘယ်ရှိခဲ့ပါ့မလဲ။ 
နောက် Friendsters လိုမျိုး ပေါ်လာတော့ အမေရိကက သူငယ်ချင်းတချို.၊ အငယ်တန်းက သိကျွမ်းတဲ့ သူတချို.နဲ. ပြန်အဆက်အသွယ်ရလာတာကိုလဲ မှတ်မိပါသေးတယ်။

ကဲ အခုတော့ Facebook က အရမ်းကို ပေါ်ပြူလာ ဖြစ်လွန်းတော့ အတန်းထဲက (IM2 96 batch) အတန်းသား ၁၅၀ကျော်ရှိတာကနေ အခုဆို ၅၀ကျော်လောက်ရှိမယ် Facebook မှာ ပြန်တွေ.ရတာ။ အားရစရာကြီးပါ။ ဓါတ်ပုံတွေ လျှောက်ကြည့်၊ ဘယ်သူတွေ ဘာကောင်ကြီးတွေ ဖြစ်ပေါ့ (အဟိ)၊ ကလေး ဘယ်နှစ်ယောက်တောင်ရပေါ့ ဆိုတာမျိုးတွေကအစ အားရင်အားတိုင်း ဝင် စပ်စုရတာလေ။

အဲ ဓါတ်ပုံတွေ Status updates တွေ တွေ.နေရတော့လဲ စိတ်ကြိုက် ကွန်မန်.တွေ ဝင်ဝင်ပေးပြီး သူငယ်ချင်းတွေနဲ. အဆက်အသွယ် မပျက်နေရတာလေ။ သူများတွေ အောင်မြင်တာတွေ.တော့လဲ စိတ်ပါပါ မပါပါ Congratulations တွေဝင်လုပ် (အဟမ်း)။ မွေးနေ.ဆိုပြန်တော့လဲ့ ရက်တွေက တကယ့် အမှန်လား၊ မမှန်လားတော့ မသိ Happy Birthday ဝင်လုပ်၊ ဓါတ်ပုံ အသစ်တွေ pose အမျိုးမျိုးနဲ. တင်ထားတဲ့ သူငယ်ချင်းတွေ အတွက်လဲ ချောချော မချောချော ဝင်မြှောက်လိုက် ဝင် "Like" လိုက်နဲ.ပေါ့နော ..။

1 September 2012

For people who take everything for granted

ကျမ အပါအဝင် ဒီလောကမှာ လူအများစုဟာ ဘဝမှာ ကိုယ်ပိုင်ဆိုင်တာတွေကို  အလကားရထားတယ်ဆိုတော့ တန်ဖိုးမထားတတ်ကြ။ ဥပမာ စကားပုံထဲကအတိုင်း “ကျန်းမာရေးရဲ့ တန်ဖိုး မကျန်းမာခါမှသိ” ဆိုသလို။

ဒီတပတ် ပါရာ-အိုလန်ပစ် (သို.မဟုတ်) မသန်စွမ်းသူများ ကစားတဲ့ အိုလန်ပစ်မှာ တာဝန်ကျပါတယ်။ ကျမ တာဝန်ကျတဲ့ နေရာက လောလောဆယ် ဂျူဒိုမှာပါ။ မျက်စိမမြင်သူတွေ ကစားကြတာဖြစ်ပါတယ်။ 

သူတိုကစားဝင်းထဲဝင်လာပြီ ဆိုထဲက။ ကျမမှာ သူတို.အတွက် ဂုဏ်ယူမိသလို မျက်စိမမြင်ပေမယ့် သူများတွေလို လောကကို အရှုံးမပေး ထူချွန်အောင်လုပ်နိုင်သူများ ဆိုပြီး အားလဲကျ မျက်ရည်လဲ ကျမိပါတယ်။ ခြေကျင်းဝတ် အရိုးကျိုးတာတောင် (Fracture fibula) ပွဲပြီးအောင် အနိုင်မခံ ဆက်ကစားသူ၊ လည်ပင်းညစ်ထားတာတောင် သတိမေ့လဲသွားသည်အထိ တောင့်ခံတဲ့သူတွေ၊ လက်မောင်းရိုး အဆစ်လွဲသွားတာကို (Shoulder dislocation) ကိုယ့်ဘာသာကိုယ်  ပြန်ထဲ့ပြီး ပွဲပြီးသည်  အထိ ဆက်ကစားကြတဲ့ သူတို.တွေ။

27 August 2012

ဘဝရဲ. အခက်အခဲတွေ

ပြေးခုန်ပြစ် ပြိုင်ပွဲတခုမှာ သူငယ်ချင်းတွေနဲ. စကားစပ်ပြောမိတော့ လတ်တလော အိုလန်ပစ်ရဲ့ တာတို ပြေးပွဲမှာ ဆုတံဆိပ်တွေ အများကြီး ယူပြန်သွားတဲ့ ဂျမေးကားနိုင်ငံ အကြောင်းပြောမိပါတယ်။ ဂျမေးကားက BOLT ကလဲ အခုလောလောဆယ်မှာ ကမ္ဘာ့ အမြန်ဆုံးလူ တယောက် မဟုတ်လား။ 

ဘာကြောင့် ဂျမေးကန်းတွေ ဒီလို အောင်မြင်ရသလဲ သုံးသပ်မယ်ဆိုရင်၊ ဂျမေးကားနိုင်ငံ ဆိုတာ အရမ်းချမ်းသာတဲ့ နိုင်ငံ မဟုတ်ပါ။ အားကစား ဘက်မှာ ပိုက်ဆံတွေ အများကြီး ထဲ့သုံးနိုင်တဲ့ နိုင်ငံ မဟုတ်ပါ။ နောက်ဆုံးပေါ် နည်းပညာ၊ သုတေသနတွေကြောင့်၊ ဆေးကုထုံးနဲ. ကျန်းမာရေး ကုထုံးတွေကြောင့် လို.လဲ ပြောလို.မရပါ။ တရုတ်နိုင်ငံလို နိုင်ငံကြီး လူဦးရေများလွန်းတဲ့ နိုင်ငံကြောင့် ဆိုတာလဲ မဟုတ်ပြန်။

အဲဒီတော့ စိတ်ဝင်စား စရာ မိုက်ကယ် ဂျွန်ဆန်ရဲ့ BBC Documentary ထဲမှာ ပြောထားတာကို သူငယ်ချင်းက ပြန်ပြောပြပါတယ်။ 

ဂျမေးကန်းတွေဆိုတာ ဟိုးအရင်က အာဖရိကကနေ ကျွန်အဖြစ်နဲ. ခေါ်လာတဲ့သူတွေတဲ့။ ခေါ်လာတုန်းက ကျွန်တွေကို သဘောင်္ကြီးတွေနဲ. အများကြီး ခရီးကြမ်းကိုဖြတ် သယ်ခေါ်လာတော့ ပျော့ညံ့တဲ့သူတွေ မကျန်းမာသူတွေက လမ်းခရီးမှာထဲက သေကုန်ရောတဲ့။ လိုရာ ခရီးရောက်တော့လဲ ဘဝခရီးကြမ်းမှာ တချို.က မရှင်သန်နိုင်ကြ။ ကျွန်ပိုင်ရှင်များကလဲ စိတ်ပိုင်း လူပိုင်း ပျော့ညံ့သူတွေကို ခိုင်းမရတာနဲ. သတ်ပြစ်တာတွေလဲ ရှိခဲ့တာပေါ့။ ကျန်းမာသူ တကယ် စိတ်ဓါတ် ခိုင်မာသူနဲ. အရှုံးမပေးတတ်သူများသာ ရှင်သန်နိုင်ပါလိမ့်မယ်။ အဲဒီလူတွေထဲကမှ သူတို. အပျော်တန်း အပြေးပြိုင်ခိုင်းတာနဲ. ရှုံးရင် သတ်ပြစ်တာတွေလဲ ရှိသတဲ့။ နောက်ဆုံး တကယ့် အကောင်းဆုံး အသန်မာဆုံး ဆိုတဲ့ သူတွေသာ ကျန်တော့ သတဲ့။ 

20 August 2012

Life as a Foreign Doctor (6)

မကြာခဏကို အီးမေးပို. မေးလာကြတဲ့ မောင်ငယ်၊ ညီမငယ် ဆရာဝန်များအတွက်၊ ဒီစာတိုလေးရေးမိတာပါ။ ဒီရက်ပိုင်း အားတဲ့ အချိန်က နဲလွန်းတော့ ဘလော့ကိုလဲ လှဲ.မကြည့်နိုင်တာ အတော်ကြာသွားပါပြီ။ 

အားလုံး ရဲ့ အတွေးမှာတော့ နိုင်ငံခြားသွားရင် ထောပြီ။ ကြီးပွားပြီ၊ အစစအရာရာ အောင်မြင်ပြီ ထင်ချင် ထင်ကြပါလိမ့်မယ်။  ကျမကိုယ်တိုင်လဲ အဲဒီလို ထင်ခဲ့မိတာပါဘဲ။ 

ဒါပေမယ့် တကယ့်လက်တွေ.က နိုင်ငံခြားရောက်ပြီ ဆိုတာနဲ. ဘဝခရီးက စကြမ်းတော့တာပါဘဲ။ အားကိုးစရာ တိုင်ပင်စရာ သိပ်မရှိ၊ တချို.ဆို စကားပြောဖော်တောင် သိပ်မရှိ။ ငွေရေးကြေးရေးအတွက်ပူရ၊ အိမ်က ဘယ်လောက်ပဲ ပို.ပါမယ်ဆိုဆို ငွေတန်ဖိုးကလဲ အတော်ကွာသကိုး။ အလုပ်အတွက်၊ စာမေးပွဲအတွက်၊ အစရှိတဲ့ အပူတွေဟာ တကယ် မဆုံးနိုင်ပါ။ ကျမတောင် တော်ရုံခရီး သိပ်မညည်းပဲ ရအောင်သွားတတ်သူ၊ အတော် အရေခွံထူသူတောင်မှ ဒီနိုင်ငံရောက်ပြီး Stress နဲ. အစာအိမ်ရောဂါ (Gastritis) ရလာပါသေးတယ်။ 

14 August 2012

တွေးမိသမျှ

ဒီနေ. အိုလန်ပစ်ပြီးတော့ ပုံမှန် ဆေးရုံ အလုပ်ပြန်စရပါတယ်။ သြဂုတ်လဆိုတော့ ဆေးရုံဆောင်ထဲမှာ ဆရာဝန် အသစ်ကလေးတွေနဲ. ပြည့်နေတာပါဘဲ။ မျက်နှာသစ် အလုပ်သင် ဆရာဝန် (Foundation doctors) လေးတွေ မြန်မာပြည်က လက်ထောက်ဆရာဝန်အဆင့် (Core trainees) လေးတွေနဲ. ကျမ ကိုယ် ကျမ မိတ်ဆက်ပြီးတော့ သူတို.ရဲ့ ပညာရေးတွေ အကြောင်း မေးမိပါတယ်။ သူတိုထဲက MRCP စာမေးပွဲ ဖြေရမယ့်သူက ၃ ယောက်ရှိတော့ တပတ်ကို ၂-ရက် သူတို. စာမေးပွဲ (MRCP PACES) အတွက် စာသင်ပေးမယ်ပေါ့၊ အလုပ်သင် ဆရာဝန်လေးတွေကိုလဲ တပတ်တရက် စာသင်ဖို. အစီအစဉ်တွေ ဆွဲပြီး ဘော့စ်နဲ.ပြောတော့ သူက ဝမ်းသာအားရ ထောက်ခံပေးပါတယ်။ ဒီမှာ အားလုံးက စာသင်တာ စာဆက်ဖက်တာ အလွန်အားပေးတော့ အားတက်သရောပေါ့။ 

သူငယ်ချင်းတယောက် Facebook မှာ မြန်မာပြည်က အလုပ်သင်ဆရာဝန်တွေဘဝမှာ အရေမရ အဖတ်မရ အလုပ်တွေပဲ အခိုင်းခံနေရလို. အားမလို အားမရ ညည်းထားတာတွေ.မိပါတယ်။ ကျမ အလုပ်သင် ဆရာဝန် ဘဝတုန်းကရော ... စာတွေ ဆက်သင်တာ၊ စိတ်ဝင်စားစရာ လူနာအကြောင်းတွေ ဆွေးနွေးကြတာ အလွန် အခွင့်အလန်း နဲပါးခဲ့ပါတယ်။ အမှန်ဝန်ခံရရင်တော့ အဲဒီတုန်းက အကြောင်းတွေ ကျမ သိပ်မမှတ်မိတော့ပါ။ ဒါကြောင့် ဒီမှာပဲ ချန်လှပ်ထားလိုက်ပါတော့မယ်။

10 August 2012

မြန်မာ့ အားကစား ကမ္ဘာလွှမ်းဖို.

ပထမ မြန်မာ အားကစား သမားတွေ အိုလန်ပစ်လာပြိုင်မယ် ဆိုတာ သိရတုန်းကတော့ ဝမ်းသာအံ့သြ မိပါတယ်။  အခု ဘာဆုမှ မရပြန်တော့ အတော် အားမလို အားမရ ဖြစ်ရပြန်ပါတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက ဆုတံဆိပ်တွေ အများကြီးနဲ.၊ တရုတ်ဆို ရွှေဆုတံဆိပ် အများဆုံး နံပါတ် ၁မှာ၊ ကိုရီးယား ဂျပန်တို.တိုတောင် တကမ္ဘာလုံးရဲ နံပါတ် ၁၀ အတွင်းလောက် ချိတ်နေတော့ ကိုယ့်နိုင်ငံကိုယ် ပိုအားမရ ဖြစ်ရပြန်ပါရော။ ငယ်က အငတ်တိုင်းပြည်ပါလို. ပြောစမှတ်ပြုတဲ့ အီသီရိုးပီးယားတောင်မှ ရွှေ ၂ခု ကြေး ၂ခု။

ဒါပေမယ့်လဲ ပြန်စဉ်းစားကြည့်တော့ ကိုယ့်နိုင်ငံက အားကစားအတွက် ထောက်ပံ့မှုနဲ. ငွေကြေးဆိုတာတွေ သိပ်မှမရှိတာနော။ အားကစားမှာ ဘယ်လိုပဲ "talent" ရှိရှိ၊ ဖြစ်နိုင်ခြေရှိပေမယ့် သူထူချွန်ရာကို တစိုက်မှတ်မှတ် မနေမနား၊ တခြားကိစ္စတွေ မပူရပဲ လေ့ကျင့်နိုင်မယ့် အခွင့်အရေးမျိုးမှ မရှိဘဲကိုး။ သူများ နိုင်ငံတွေမှာဆို အားကစား ထူချွန်ရင် အားကစား စကောလာနဲ. ကျောင်းကောင်းကောင်းတက်၊ လခ ကောင်းကောင်းရသကိုး။ 

ဒီရက်ပိုင်း မြန်မာက သူငယ်ချင်းတယောက် ပြောပြလို. မြန်မာ အားကစား ဘောလုံးသမားတွေ ပြိုင်ပွဲမဝင်ခင် မိုရီယာမင်းအားဆေးထိုးကြတာမျိုး၊ အကိုက်အခဲ ပြောက်ဆေးမျိုးတွေ တာရှည်ဆွဲစားတာမျိုးတွေ၊ ဒီလိုမျိုး ကောင်းရာနှိုးနှိုး ထင်ရာမြင်ရာ ကုနေရတာလေးတွေလဲ ကြားမိပါတယ်။ ဒါပေမယ့် ကျမစိတ်ပူမိတာက ဆေးတွေက သေသေချာချာ မစီစစ်ရင် ဂရုမစိုက်ရင်တော့ တချို.ဆေးတွေဟာ (ဥပမာ သွင်းတဲ့ အားဆေးထဲက) တချို.ဓါတ်တွေဟာ တားမြစ်ဆေးနဲ. ညိပြီး (Doping နဲ.) အပိတ်ခံရနိုင်ပါတယ်။ 

8 August 2012

Olympics experience

ဘလော့လဲ မရေးဖြစ်တာ အတော်ကြာသွားပါပြီ။ ကိုယ့်ရဲ့ ဘလော့ကလေးကို ပြစ်ထားရတာ စိတ်တော့ မကောင်းပါဘူး။ ဒါပေမယ့် ဒီရက်ပိုင်း အချိန်က လုံးဝမရနိုင်တာနဲ.ရယ်၊ အင်တာနက် သုံးရတဲ့အချိန်နဲတာတွေရယ် ကြောင့်ပါ။ ခုတော့ နားရက်ရတော့ Facebook မှာ လျှောက် စပ်စပ်စုစုလုပ်ပြီးတော့ စာလဲ နဲနဲရေးဦးမှ တွေးမိပါတယ်။ 

အိုလန်ပစ်ကလဲ စီစဉ်ထားတဲ့ အတိုင်း အခုထိတော့ အားလုံးချောချောမွေ.မွေ.ပါဘဲ။ ခုထိတော့ ဒါဏ်ရာ ကြီးကြီးမားမား မရကြတဲ့ အတွက် တော်ပါသေးတယ်လို.ပဲ ပြောရမလိုပါ။ ကျမ အနေနဲ.တော့ အခုထိ ရွှေတံဆိတ် ဆွတ်ခူးသွားတဲ့ အားကစားတွေကို tv မှာ မြင်ရတိုင်း သူတို.နဲ. အတူ လိုက်ပြီး ဝမ်းသာ မျက်ရည်ကျရပါတယ်။ ဘယ်နှစ်ခေါက်ပဲ ကြည့်ကြည့် သူတို.ငိုရင် ကိုယ်လိုက်ငိုရတာ အခုထိပါဘဲ။ 

ကျမရဲ့ အလုပ်ကတော့ ဘောလီဘော နဲ. ကမ်းခြေ ဘောလီဘောမှာ အားကစားသမားတွေကုတဲ့ ဆေးအဖွဲ.ရဲ့ ခေါင်းဆောင် အနေနဲ. လုပ်ရပါတယ်။ အလုပ်ကတော့ တခါတလေ ခေါင်းဆောင်မှုနဲ. စီစဉ်မှုတွေမှာ ခေါင်းနဲနဲ ခြောက်ရတာပါဘဲ။ 

19 July 2012

Books I am reading

အလုပ်တွေ များလို. ဘလော့ဂ်မရေးဖြစ်တာ ကြာသွားပြန်ပေါ့။ အိုလန်ပစ်လဲ တပတ်ပဲ လိုတော့တာမို. နောက်ဆုံး အချောသပ် လေ့ကျင့်တာတွေ ဆွေးနွေးပွဲတွေလဲ ပြီးပေါ့။ တကယ့် ဂိမ်းပဲ ချောချောမောမော ပြီးပါစေလို. ဆုတောင်း ရပါတော့မယ်။

အလုပ်တွေများတယ် ဆိုတာထက် ဒီရက်ပိုင်း ခရီးတွေ အလွန်များနေတယ်လို.လဲ ပြောလို.ရပါတယ်။ ရထား ခဏ ခဏ စီးရတော့ iPad လေးနဲ. အပြင်းပြေ ဝတ္တု စဖတ်ဖြစ်ရာကနေ အခု ဝတ္ထုစွဲနေတာနဲ. ဘလော့ဂ် မရေးဖြစ်တာလို.လဲ ပြောလို.ရပါတယ်။ ဖတ်ဖြစ်တာကတော့ Stieg Larsson ရေးတဲ့ “millenium trilogy” ပါ။ Daniel Craig နဲ. The girl with the dragon tatoo ကို ရုပ်ရှင်တောင် ပြန်ရိုက်ထားပါသေးတယ်။ ဝတ္ထုက ရုပ်ရှင်ထက် အဆပေါင်းများစွာ ပိုကောင်းတယ်လို. ပြောလို.ရပါတယ်။ Harry Potter တုန်းကလို ရုပ်ရှင်ဘယ်လောက် ကောင်းတယ် ဆိုဆို စာအုပ်ကိုတော့ လုံးဝမမှီပါ။ အခုတော့ Stieg Larsson ၃အုပ်လုံး မရပ်မနား ဖတ်ပြီးသွားတော့ အားမရနိုင်သေးတာနဲ. အခု Dan Brown ရဲ့ မဖတ်ရသေးတဲ့ စာအုပ်တွေ (အခုလောလောဆယ်တော့ Digital Fortress) နဲ. Robert Patterson ရဲ. "Alex Cross" Series ဆက်ဖတ်ဖြစ်နေပါတယ်။ စာအုပ်ဖတ်ချင်တယ် ဆိုရင်တော့ တကယ် ဖတ်လို.ကောင်းတဲ့ (Thriller/Detective) စာအုပ်တွေပါ။ 

10 July 2012

Doctors moments

patient-doctor relationship အကြောင်းနဲ. လူနာတွေ ဆိုးကြောင်းပြောပြီးတော့ ဆရာဝန်တွေရဲ့ အကြောင်းလဲ နဲနဲ ပြောရမှာပေါ့နော်။ 

ကျမ ခွဲစိတ်ဌာနမှာ တာဝန်ကျတုန်းကပေါ့။ အလွန်ကို စိတ်မြန်တဲ့ အူမကြီးနဲ. စအိုဝ ခွဲစိတ်တဲ့ ဆရာကြီး တယောက်ရှိဘူးပါတယ်။ အဲဒီ ဆရာကြီးဆိုတာ သူ.လူနာတွေကိုလဲ ဘယ်တော့မှ မမှတ်မိ။ အဲဒီတော့ မနက်ခင်း wardround လုပ်ရင် ကျမတို.ကနေ သူ.လူနာတွေက ခုတင်နံပါတ် ဘယ်လောက်မှာ ဘာရောဂါနဲ. တက်တာလဲ ဆိုတာ သေသေချာချာ မှတ်မိအောင်လုပ်ထားပြီး သူ.ကို ဘယ်လူနာပြီး ဘယ်လူနာကြည့်မယ် ဆိုတာတွေ လမ်းပြခေါ်သွားရပါတယ်။ ဒါတောင် ကျမတို.က လူနာဆေးမှတ်စုရေးနေလို. နဲနဲလေးနောက်ကျသွားရင် သူက မစောင့်ဘဲ တွေ.ရာလူနာကို သူ.လူနာထင်ပြီး အတင်းဝင်ကြည့်တတ်ပါသေးတယ်။ တခါကတော့ လူနာ အမျိုးသမီးကြီး တယောက်အလှဲရောက်တော့ ကျမတို.က ဒီလူနာရဲ့ ရောဂါအကြောင်းပြောပြ၊ မနေ.က ဆရာကြီးခွဲထားတာပေါ့ ဆိုတာ ပြောပြပေမယ့် သူက မမှတ်မိတဲ့ ပုံစံနဲ. “အမ် ငါခွဲတာလား၊ မမှတ်မိတော့ဘူး” ဘာညာပြောပြီး၊ “ကဲ အနာကြည့်ရအောင်” ဆိုပြီး လူနာရဲ့စအိုဝက စမ်းသပ်တော့မှ သူက အားရဝမ်းသာ ထအော်တာ “သြ မှတ်မိပြီ၊ မှတ်မိပြီ။ ငါက လူနာကို မျက်နှာမြင်တာနဲ့ မမှတ်မိဘူး။ ဖင်ခေါင်းမြင်မှ (arse-hole) မှတ်မိတော့ သကိုးတဲ့” ကျမတို. အားလုံး ခွီးခနဲနေကို ရယ်မိခဲ့ကြပါတယ်။ 

9 July 2012

patient-doctor relationship

Patient-doctor relationship ဆိုတာ ဘယ်လောက် အရေးကြီးတယ် ဆိုတာ လူနာဖြစ်ဖူးသူတိုင်း ဆရာဝန်တိုင်း သိကြမှာပါ။ လူနာ တယောက်အတွက် ကိုယ့်ကို ကုသပေးမယ့် ဆရာဝန်ကို ယုံကြည်ဖို. လိုသလို ဆရာဝန်ကလဲ အဲဒီ လူနာရဲ့ ယုံကြည်မှု အားကိုးမှုကို မရရင် ကုသဖို. အခက်အခဲတွေ တွေ.နိုင်ပါတယ်။ အဲဒီလို လူနာတွေရဲ့ လေးစားမှုကို ခံရဖို. ကျမတို. ဘယ်လောက်ပဲ ကြိုးစားပေမယ့် တခါတလေ (ရှားရှားပါးပါး လို.တော့ ပြောချင်ပါတယ်) ကျမတို. ရတတ်တာက လူနာတွေ ဆော်ပလော်တီးတာ စိတ်အနာတရ ရအောင် လုပ်တာတွေပါ။  

မှတ်မှတ်ရရ တခါက Night duty ကျပြီး မနက်စောစောမှာ သူနာပြုတယောက်က “လူနာဘကြီး တယောက် အရမ်း confuse ဖြစ်နေတယ်။ လာကြည့်ပါ” ဆိုလို. သွားကြည့်ပေးရပါတယ်။ အမှန်ဘဲ ဘကြီးဟာ ဘေးလူနာနဲ့ ရန်ဖြစ်လိုက်၊ သူနာပြုတွေကိုအော်လိုက်နဲ.ပါ။ ကျမလဲ ရောက်သွားရော၊ ကျမလဲတွေ.ရော ဘကြီးဟာ သူ.နှာခေါင်းထဲ ထဲ့ထားတဲ့ ပိုက်ကြီးကို ဆွဲထုတ်ပြီး “ဟေး .. ယား ...” ဆိုပြီး cowboy ကြီး မြင်းစီးနေတဲ့ အတိုင်း သူ.ရဲ့ နှာခေါင်းပိုက်ကြီးနဲ့ ရှေ.တွေ.ရာ လူတွေကို လိုက်ရိုက်တော့တာပါဘဲ။ တော်ပါသေးတယ် သူကအိပ်ယာပေါ်က မထနိုင်တဲ့ လူနာဖြစ်နေလို.ပါ။ နို.မဟုတ်က ကျမတို. အားလုံးထွက်ပြေးရမယ် ထင်ပါတယ်။ ကျမတကိုယ်လုံးလဲ သူ.နှာခေါင်းပိုက်က အရည်တွေစင်ပြီး တော်တော် ညစ်ပတ်သွားပါတယ်။ နောက်မှ ဒီဘကြီးကို ဘယ်လိုလုပ်ရသလဲ ဆိုရင် သူ.ခုတင်အောင်ကနေ သူမမြင်အောင် အသာလေး ဝပ်သွားပြီး သူ.အနောက်ကနေ သူ.နှာခေါင်းပိုက်ကို သွားဆွဲလုရပါတယ်။ နို.မဟုတ်ရင် ဒင်းက လာသမျှလူ သူ.အနားကပ်လာသူ မှန်သမျှကို လိုက်ရိုက်နေတော့တာကိုး။ 

Happy career choice?

အလုပ်တွေကရှုပ် အလုပ်အကြွေးတွေ တင်လာတော့ စိတ်ညစ်ညစ်နဲ.ရှိနေတုန်း စာအုပ်တအုပ်ကို အင်တာနက်မှာ အမှတ်တမဲ့ ဖတ်လိုက်မိပါတယ်။ သင့်ရဲ့ အလုပ်မှာ ဘယ်လို အောင်မြင်အောင် နေရမလဲ ဆိုတာရေးထာတာပါ။ စာရေးသူနာမည်ကို မမှတ်မိတော့ပါ။ စာရေးစရာပြောတာက “သူဟာ သူ.ရဲ့ အလုပ်မှာ အလွန်ပျော်တယ်။ ဒါကြောင့် သူ.ရဲ့ အလုပ်မှာ သူဘာလုပ်လုပ် အောင်မြင်တယ်တဲ့” သူအကြံပြုထားတာက မိမိ ဝါသနာပါရာ စိတ်ပါရာ အလုပ်ကိုပဲ အင်တိုက် အားတိုက် စိတ်ရော ကိုယ်ပါနှစ်ပြီး လုပ်သင့်ပါတယ်တဲ့။ မိသားစု ပိုက်ဆံ အောင်မြင်မှု ဆိုတာတွေကို နောက်ထား ကိုယ့်အလုပ်ကိုယ် ပျော်ပိုက်ရင် ဒါတွေအားလုံး နောက်ကလိုက်လာပါလိမ့်တဲ့။ ဘယ်လောက်မှန်သလဲ မမှန်သလဲ ဆိုတာတော့ ကိုယ်တိုင်လုပ်ကြည့်မှပဲ တွေ.ကြရပါလိမ့်မယ်နော်။

တချို.ကလဲ ပြန်မေးထားပါတယ်။ သူဘာသာသူ ဘယ်အလုပ်ကို ဝါသနာပါမှန်းကို မသိဘူးတဲ့။ သြ .. ဒီမေးခွန်းဟာ လူအများစု ကြုံတွေ.တတ်တဲ့ မေးခွန်းပါဘဲ။ အဲဒီတော့ စာရေးသူက ပြန်ပြောထားတာက “မင်း မနက်ထလို. မျက်လုံးဖွင့်ပြီ ဆိုတာနဲ. မင်းရဲ့ အလုပ်အကြောင်းကိုတွေးပြီး စိတ်တက်ကြွ ပျော်ရွှင်တတ်သလား။ သြ အလုပ်သွားရပြန်ဦးမယ် ဆိုပြီး စိတ်ဓါတ်ကျ စိတ်ညစ်တတ်သလား ပြန်မေးကြည့်ပါ” တဲ့။ သုတေသန တခုမှာ ၇၀%လူတွေက သူတို.ရဲ့ အလုပ်ကို သူတို. မနှစ်ခြိုက်ကြဘူးတဲ့။

6 July 2012

နေ.စဉ်တွေထဲမှ တညနေခင်း

ကျမတို. ဆေးရုံမှာ Clinic ထိုင်ပြီဆိုရင် လူနာတယောက်ကို နာရီဝက် Book လုပ်ပါတယ်။ (တခြား အထူးကု ဘာသာရပ် တွေမှာတာ့ ၁၅မိနစ် မိနစ်၂၀ ဖြစ်မလား) အဲဒီတော့ ပုံမှန်ဆိုရင် ကျမတို. တညနေ ဆေးခန်းမှာ လူနာ ၆-ယောက် ၇-ယောက်လောက် ကြည့်ရတတ်ပါတယ်။ ကျမလုပ်တဲ့ အလုပ်နဲ. မနေ.က ကျမရဲ့ ဆေးခန်းလေး အကြောင်းပြန်ပြောရရင် ...

၁။  ။မာရသွန် အပြေးသမား ညာဘက် ခြေသလုံးရှေ.က အရိုးမှာ ပြေးလိုက်တိုင်း နာနေလို.တဲ့။ ထင်တဲ့ အတိုင်း ဓါတ်မှန် ရိုက်လိုက်တော့ “Stress Fracture”.. 
Stress fracture က မာရသွန် တာဝေး အပြေးသမားတွေ (အထူးသဖြင့် endurance exercise လုပ်တဲ့ သူတွေနဲ.) အသက်ကြီးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပါးလာ အားနဲလာတာနဲ့ (Osteoporosis) အရိုးကို အနားမရ တအားသုံးလို. ဖြစ်တတ်ပါတယ်။ ဘယ်လို ကုမလဲ ဆိုတော့ ကယ်လစီယမ်တွေ လုံလောက်အောင်စား၊ ဗိုက်တာမင် ဒီ အားမနဲအောင်နေ၊ ပြီးတော့ အရိုးကို အနားပေးရတာပေါ့။ ဒီမှာတော့ Air Cast Boot လို.ခေါ်တဲ့ ဖိနပ် ထူထူကြီးနဲ. ၈-ပတ်လောက် စီးခိုင်းရပါတယ်။ ကဲ ဒီအကြောင်း ပြောရင် ပြောစရာတွေ အများကြီးမို. ဒီမှာပဲရပ်။ နောက်တယောက် သွားမယ် .... 

1 July 2012

Life as a Foreign Doctor (5)

ကိုယ့်နိုင်ငံ မဟုတ်ပဲ နိုင်ငံခြားမှာ အလုပ်လုပ်ချင်၊ ပညာ သင်ချင်တယ် ဆိုရင်တော့ အများအားဖြင့် အခက်အခဲ တွေ.ရတတ်တာတွေက ဗီဇာပြဿနာပါ။ အင်္ဂလန်ကို လာမယ်ဆို ဗီဇာလျှောက်ရင် PLABစာမေးပွဲလာဖြေမယ့် (PLAB visa) အလည်လာတဲ့ (Visit visa) တချို.လဲ ကျောင်းတက်မယ်ဆိုပြီး (Student visa) အမျိုးမျိုး ရှိပါတယ်။ Student visa ကလွဲလို. အများအားဖြင့် ဗီဇာက ၆-လ ပေးတာများပါတယ်။ ဒီ ၆လ အတွင်း ဖြေရမယ့် စာမေးပွဲတွေ အလုပ် လျှောက်တာတွေ အဆင်ပြေသွားရင်တော့ ပြီးရောပေါ့။ စာမေးပွဲ မအောင်သေးလို. အလုပ်မရသေးလို. ဗီဇာကို ရက်ထပ်တိုးရရင် တခါတိုးဖို. ပေါင်စတာလင် ၅၀၀ ကျော် ပေးရပြန်ပါတယ်။ နဲတဲ့ ပိုက်ဆံ မဟုတ်ပါ။

အလုပ်ရပြီ ဆိုရင်တော့ အလုပ်လုပ်ဖို. Work permit visa ပြောင်းလျှောက်ရပါလိမ့်မယ်။ အခု တနိုင်ငံလုံး အတိုင်းအတာနဲ. Work Permit တွေကိုလဲ ဘယ်နှစ်ယောက်ပဲ ထုတ်ပေးရမယ် ဆိုတာ သတ်မှတ်ထား သလို၊ ဒီမှာ work permit visa နဲ. နောင်ဆို ၅နှစ်ထက် ကျော်ပြီး မနေရဘူးဆိုတာမျိုးတွေလဲ ကြားမိပါတယ်။ ဒီ Immigration rules တွေက အမြဲပဲ ပြောင်းလဲနေတာမို. အင်္ဂလန် လာမယ် ရည်ရွယ်ရင်တောံ့Home office Website (Link) မှာ သေသေချာချာ ဖတ်ကြည့်သင့်ပါတယ်။ အခုက အင်္ဂလန်မှာ အလုပ်က မခက်ပါ။ ဒီ ဗီဇာနဲပဲ ဒုက္ခရောက်နေကြတာ များပါတယ်။

30 June 2012

ပဲပြုတ် ကလေးတွေ


ဗမာပြည်မှာတုန်းက မနက် မနက်ဆို “ဟောဒီက ပဲပြုတ်” ဆိုတဲ့ အသံလေးတွေနဲ့ အတူ ပဲပြုတ်ဆီစမ်း ပဲပြုတ်ထမင်းကျော် ပဲပလာတာ လေးတွေ မကြာခဏ စားရပါတယ်။ ဗမာ အစားအသောက်တွေထဲမှာမှ အလွမ်းတကာ အလွမ်းဆုံးဆိုတဲ့ အထဲမှာ ပဲပြုတ်ကလဲ ရှေ.ဆုံးကပါ။ အင်တာနက် ဝက်ဆိုဒ်တွေထဲမှာမှ lulucooking blog ဆီက ရတဲ့ နည်းလေးနဲ. အခု မကြာခဏ လုပ်စားဖြစ်တဲ့ ပဲပြုတ်ကလေးတွေပါ။ 

အိမ်မှာက ဘာပဲချက်ချက် အလွယ်တကူ စောင့်စရာမလိုတဲ့ pressure cooker နဲ.ဘဲ ချက်စားဖြစ်ပါတယ်။ ပဲပြုတ်ပေါင်းတော့ အရောင်လှအောင် ထန်းလျက်ခဲ တခု ထဲ့ပေါင်းပေးပါတယ်။ မိနစ် ၂၀ပေါင်းပြီး သူးအပူအရှိန်နဲ.အတူ နာရီဝက်လောက် ထားထားပေးလိုက်ပါသေးတယ်။ အားလုံး ကျက်သွားပြီဆိုမှ အိုးထဲကထုတ် ဆားလေးနဲနဲနဲ. နယ်၊ ဘူးလေးတွေထဲထဲ့၊ Freezer ထဲထဲ့သိမ်းထားပြီး အကြာကြီး ထားစားလို.လဲ ရပါတယ်။

29 June 2012

Medical disaster!

ကျမ အင်္ဂလန်ရောက်ပြီး ၂ နှစ်မြောက်မှာပေါ့ တနေ. ကျမ အလုပ်ထဲမှာ အသက် ၉၈နှစ်အရွယ် ဗိုက်အောင့်ပြီး အော့အန်ပြီး ရောက်လာတဲ့ ဘကြီးလူနာ တယောက်နဲ. ကြုံရပါတယ်။ အဲဒီတုန်းကတော့ ကျမက ဟိုက်ပါ တက်ကြွ၊ အလွန် အလုပ်လုပ်တဲ့ ဆေးဝါးဆောင်က  FY2 (မြန်မာလို Junior AS) ဆရာဝန်လေးပေါ့။ လူနာကို ဓါတ်မှန်ရိုက်ပြီး ကြည့်လိုက်တော့ သူ.အစာအိမ် ဒါမှမဟုတ် အူလမ်းကြောင်းကြီးက လေတွေနဲ. တအားတင်းနေသလို၊ လုံးဝ ပုံမှန် အနေအထား မဟုတ်။ ဒါနဲ. ကျမလဲ သေချာအောင် ဓါတ်မှန်ဆရာဝန်တယောက်နဲ. ချက်ချင်း အရေးပေါ် သွားဆွေးနွေးရပါတယ်။ ဓါတ်မှန် ဆရာဝန်က ပြောတာက အစာအိမ်က သူ.နေရာသူနေတာ မဟုတ်ဘဲ ဟိုဘက်ဒီဘက် လိမ်သွားတာမျိုး (Gastric Volvulous) နဲ.တူတယ်တဲ့။ ဒါနဲ ကျမလဲ အမြန်ပြန်ပြေးလာ၊ တခြား တိုင်ပင်စရာ ကိုယ့်ထက် စီနီယာကျတဲ့ ဆရာဝန်တွေကလဲ အဲဒီနေ.မှာမှ မရှိကြ။ ဒါနဲ. Consultant အခန်း ပြေးပြီး ပြောပြတော့ ဆရာကြီးကလဲ နဲနဲ စိတ်ပူသွားပြီး “ဒါဆိုလဲ ဂျူတီကျတဲ့ ခွဲစိတ်ဆရာဝန်ကိုခေါ်” တဲ့။ 

ဒီမှာ နဲနဲ ထပ်ပြောရရင် လူအစာအိမ်နဲ. အူလမ်းကြောင်းဆိုတာ ပြွန်ကြီး တချောင်းလိုပါဘဲ။ ဒီအစာ ပြွန်ချောင်းကြီးက လိမ်ခေါက်သွားမယ်ဆိုရင် အစာတွေလဲ ဖြတ်လိုမရတော့၊ လေတွေလဲ ဖြတ်လို.မရ တင်းဖောင်းပြီး သွေးလဲ အလုံအလောက်မရ၊ နောက်ဆုံး အူပေါက်တာမျိုး အရေးပေါ် ကိစ္စတွေ ဖြစ်တတ်ပါတယ်။

28 June 2012

Raising a child

မနေ.က အလုပ်မှာ ၁၀နှစ်အရွယ် Gymnast မိန်းကလေး တယောက်ပေါ့။ လာပြတာက ခါးရိုးမှာ “stress fracture” ရတယ်ထင်လို.တဲ့။ အားကစား သမားတွေ လေ့ကျင့်တာများလွန်းပြီး အရိုးက မခံနိုင်တော့ပဲ ရောင်လာတာ၊ အက်ကျောင်းလေးတွေ ဖြစ်လာတာမျိုးပါ။ ကျမတို.ဆီမှာ Over used injury လို.ခေါ်ပါတယ်။ 

အဲ သူမလေးက ရောက်ကတဲက စမတ်ကျကျလေး ထိုင်ပြီးတော့ အပြုံးလေးနဲ. ကျမကို နှုတ်ဆက်ပါတယ်။ ကျမက မေးခွန်းတခု စလိုက်တာနဲ. သူမလေးက သွက်သွက်လက်လက်လေးနဲ. ပြောသွားလိုက်တာ သူ.မရဲ့ ရောဂါလက္ခဏာ ဘယ်မှာ ဘယ်လို လေ့ကျင့်ခန်းလုပ်ရင် နာတယ်ဆိုတာတွေက အစ။ သူမ မိခင်ကတော့ အနောက်မှာ ထိုင်ပြီး အပြုံးလေးနဲ. ကြည့်နေပါတယ်။ တခွန်းမှ ဝင်မပြော၊ ထောက်မပေးရ။ 

သူမလေးတင်မကပါဘူး ဒီနိုင်ငံမှာ ကျမတွေ.ဖူးသမျှ ကလေး အများစုက သိပ်ကြောက်တတ်တာ၊ မပြောရဲတာ မရှိကြပါ။ အရေးပေါ်ဌာနမှာ လုပ်တုန်းကဆိုရင် လာသမျှ ကလေးငယ်လေးတွေ စကားမပီကလာ ပီကလာနဲ. ဘယ်လိုဖြစ်ပြီး ဘယ်လို ချော်လဲတာ၊ ဘယ်နားမှာ နာတာ စတာတွေ ပြောပြသွားတာလေးတွေ ကြည့်ပြီး တခါတလေ ကျမမှာ မပြုံးဘဲ မနေနိုင်။ ဗမာပြည်မှာ တုန်းကတော့ ကလေးဆို ဆရာဝန်တွေတာနဲ. ငိုကြတာ များပါတယ်။ သူတို. ဘာဖြစ်လို. ဘယ်နားက နာတယ်ဆိုတာ ပြောပြတယ်ဆိုတာ ကျမ တခါမှ မတွေ.ဖူးခဲ့ပါ။ အမှန် ပြောရရင်တော့ ကျမက ကလေးဆရာဝန် မဟုတ်သလို၊ ဒီနေရာမှာ ကျမ အတွေ.အကြုံက နဲပါတယ်။

21 June 2012

Dedicated to my Uni Friends

ကျမတို. ၁၀တန်းအောင်ပြီးတော့ တက္ကသိုလ်တွေ ဖွင့်ဖို. ၃နှစ် ၃မိုး စောင့်ခဲ့ရပါတယ်။ ဒီ ၃နှစ် အတွင်း ဂိုက်လိုက်လုပ်လိုက် Pharmacy company တခုနဲ. ဆေးလိုက်ကျော်ငြာတာ လုပ်လိုက်၊ Library တွေသွားပြီး နိုင်ဂံဂြားဘဲ ထွက်ရတော့မလို လုပ်လိုက်နဲ. အချိန်တွေကို ဖြုန်းခဲ့ရပါတယ်။ စိတ်ရှည်ရှည်နဲ. စောင့်လို. နောက်ဆုံး ဆေးကျောင်းတွေ ဖွင့်တော့မယ်ဆိုတော့ ပျော်ခဲ့ရတဲ့ အပျော်ဟာ ခုထိ မမေ့နိုင်ပါ။ 

မျှော်လင့်ချက် အားမာန်တွေ အပြည့်နဲ. ကျောင်းကြီးဆီ ခြေတက် သွားတော့ Fresher Welcome မှာ တွေ.ရတာက ပထမနှစ်ရဲ့ စာသင်ဆောင် တဲပုတ်ကြီးပါ။ အဲဒီတုန်းက Lecture Theatre မလုံလောက်လို. ယာယီ ဆောက်ထားတဲ့ အဲဒီ တဲပုတ်ထဲမှာ ကျမတို.ရဲ့ ဆေးကျောင်း ခရီးကို စတင်ခဲ့ရပါတယ်။ ဒါတင်မကပါဘူး ကျမတို.နှစ်က စလို. အစိုးရ အဆောင်တွေလဲ မပေးတော့ဘူးတဲ့။ ဒါပေမယ့် ကျမတို.တွေ စိတ်ဓါတ်မကျခဲ့ပါ။ စိတ်ပျက်မသွားခဲ့ကြပါ။ သူငယ်ချင်း အသစ်တွေဖွဲ.လို. အားမာန် အပြည့်နဲ. စိတ်ညစ်စရာ တလှဲ. ပျော်စရာ တလှဲ. ကျောင်းခရီးကို စခဲ့ကြပါတယ်။ ကလေးကြီးတွေ ပီပီ (အဟွတ် အဟွတ်)၊ မှားတာလဲရှိ မှန်တာလဲရှိ၊ ရယ်ရတဲ့ နေ. တွေလဲရှိ၊ ငိုရတာ ရန်ဖြစ်ရတာတွေလဲ ရှိပေါ့ ...

အမှတ်ရစရာ အချစ်ဆုံး သူငယ်ချင်း တချို.ရဲ့ စာမေးပွဲတွေနဲ. ကဘောက်တိ ကဘောက်ခြာ အဖြစ်အပျက်လေးတွေ တချို. အမှတ်တရ ပြန်ပြောရရင် ..

18 June 2012

Fathers Day

အနန္တော အနန္ထ ငါးပါးထဲ အပါအဝင်ဖြစ်တဲ့ မိဘတွေရဲ့ အကျေးဇူးဟာ ဆပ်မကုန် အလွန်များပြားလှပါတယ်။ ဇွန် ၁၇-ရက်နေ. ဟာ ဖခင်များနေ.ပါ။ အရင်တပတ်က ဒီက အင်္ဂလိပ် သူငယ်ချင်း မိသားစု တခုဆီ သွားလည်ဖြစ်ပါတယ်။ အဲဒီမှာ စကားစပ်တုန်း လူနာ အဘိုးကြီး တယောက်ရဲ့ အိမ်ကို သူ.သားသမီးတွေက အတင်း ရောင်းစားပြီး၊ ပိုက်ဆံတွေ ခိုးသွားကြတဲ့ အကြောင်း ပြောပြဖူးပါတယ်။ ပထမတော့ လူနာကို သူ.သားသမီးတွေက ပြောတာပေါ့။ “အဖေ သားတွေ သမီးတွေနဲ.လာနေ၊ အိမ်ကို ရောင်းလိုက်တော့” ဆိုပြီး။ အိမ်လဲရောင်းပြီးရော ဖခင်ကြီးကို ဘယ်သူမှ ခေါ်မထားချင်ဘဲ အင်္ဂလန်ရဲ့ ထုံးစံ အတိုင်း ဆေးရုံမှာ လာတင်ထားခဲ့ပါတယ်။ ဒါကို ကျမရဲ့ အင်္ဂလိပ် သူငယ်ချင်းက ဝေဖန်တာက “အဖေကလဲ ဘယ်လို မိဘမျိုး ဖြစ်ခဲ့လဲမှ မသိတာ သားသမီးတွေက ဒီလိုမျိုး ဆက်ဆံတာကို ခံရတာ” တဲ့။ ကျမ အနေနဲ.တော့ လက်မခံနိုင်ပါ။ မိဘဟာ မိဘပဲ မို.လို. ဘယ်လိုမိဘပဲ ဖြစ်ဖြစ် မိဘလို.ဘဲ ဆက်ဆံသင့်ပါတယ်။

ကျမတို. မောင်နှမ နှစ်ယောက် အတွက်တော့  အလွန် ကံကောင်းပါတယ်။ ကျမ မိဘတွေက ကျမတို.ကို အလွန် အလိုလိုက်ပြီး ဆုံမရင် ဘယ်တော့မှ လက်ပါတယ်၊ ရိုက်တယ်ဆိုတာ မလုပ်ခဲ့ပါ။ အနောက်တိုင်းမှာတော့ ကလေးငယ်တွေကို လုံးဝ လုံးဝ မရိုက်ရပါ။ ကလေးတယောက် အညို အမဲတွေနဲ. ဆေးရုံရောက်လာလို.ကတော့ ကျမတို.အားလုံး ခေါင်းခြောက်၊ Paper work တွေ စုံနေအောင် အလုပ်ရှုပ်ရပါတယ်။ သူငယ်ချင်းတယောက် နောက်ပြောင်ပြီး ပြောဘူးတာ မှတ်မိပါတယ်။ “ကလေးကို ငယ်တုန်း စကား မတတ်ခင် နာနာရိုက် ဆုံးမထားမှတဲ့၊ တော်ကြာ ကလေးကြီးလာလို. စကားပြောတတ်တဲ့ အရွယ်ဆို သူ.ကို သွားတိုင်ရင် အဖမ်းခံနေရဦးမယ်”တဲ့။ 

17 June 2012

US vs UK medical training (My own personal views)

အင်္ဂလန် ရောက်လာပြီးတော့ အလုပ်တွေ မလွယ်တော့ ကျမလဲ အလုပ်က ရမှာ မဟုတ်ပါဘူးထင်ပြီး၊ USMLE စဖတ်ဖြစ်ခဲ့ပါတယ်။ ကျမက အရင် ငယ်ထဲက အမေရိကကို သွားချင်တဲ့သူ။ ၁၀တန်းအောင်တုန်းကတောင် USIS (US embassy Library) နေ.စဉ် သွားပြီး စာတွေဖတ် စိတ်ကူးတွေယဉ်နဲ.၊ သိပ်ခင်ဖို.ကောင်းတဲ့ သူငယ်ချင်းတွေလဲ အများကြီး ရခဲ့ပါတယ်။ အင်္ဂလန်လာဖြစ်ရတဲ့ အကြောင်းက အမျိုးသားက MRCP မှဆိုတဲ့ အစွဲကြောင့် သူနဲ.အတူ ကန်.လန်. ကန်.လန်. ပါလာခဲ့ရတာကိုး။ ဒါနဲ. USMLE စဖတ်တော့ STEP1 ကတော့ သိတဲ့ အတိုင်း Basic Science တွေ၊ Step 2 က Clinical ဆိုတော့ Step 2 ကနေ စဖြစ်ခဲ့ပါတယ်။ အင်္ဂလန်မှာ အလုပ်စတော့ စာကျက်လဲ အတော်ပျင်းသွားတာနဲ. စာဖတ်နှုန်းလဲ တော်တော်နှေးသွားခဲ့တာပေါ့။ ဒါတောင် USA California သွားလည်ပြီး၊ ဆေးရုံတွေ အကြောင်းလေ့လာ၊ Residency လုပ်နေတဲ့ သူတွေနဲ. စကားလိုက်ပြော ပညာယူခဲ့ပါသေးတယ်။

အခု ဆက်ပြောမှာက ကျမ တဦးထဲရဲ့ အမြင်ဖြစ်ပြီး၊ မှားတတွေ အမြောက်အများပါကြောင်းပါ ..


16 June 2012

weekends

တပတ်လုံး တော်တော် အလုပ် ရှုပ်နေတာနဲ. ဘလောဂ် မရေးဖြစ်တာလဲ ကြာသွားပြန်ပါပြီ။ မနက်စောစောထ၊ အလုပ်သွား။ တနေကုန် ဗြုတ်စ ဗြင်းတောင်း အလုပ်ရှုပ်။ တခါတလေ လူနာနဲ. ရန်ဖြစ်။ ပြန်လာရင် မောပြီး စောစော အိပ်ရာဝင်နဲ.။ ဘာမှ မသိလိုက်သေးခင် တပတ်က ကုန်သွားပြန်ပါပြီ။ မနေ.ကတောင် လူနာနဲ. ရန်ဖြစ်ခဲ့ရ သေးတယ် လူနာတယောက် ဆေးရုံက မဆင်းချင်တော့ Fits ရတယ် (တက်ပါတယ်) ဆိုပြီး ဆရာဝန် သူနာပြုတွေကို ညာနေတာ။ ဆေးရုံ အပြင်ဘက်တော့ ဆေးလိပ်ထွက်ထွက် သောက်နိုင်တယ်။ သူနာပြု ဝင်လာပြီဆိုရင် တက်သလို လုပ်ပြပြန်ရော။ လူနာတိုင်းကို Judgement မလုပ်ဘဲ ကုရမယ် ဆိုပေမယ့် တခါတလေတော့ အတော် စိတ်ပျက်မိတာ အမှန်ပါဘဲ။ 


ဒီမှာက ကိုယ့်ဘာသာကိုယ် နေရတာဆိုတော့ ပိတ်ရက် စနေ တနင်္ဂနွေ လိုမျိုးမှာ တပတ်တာအတွက် အိမ်ရှင်းတာတွေ၊ ဈေးဝယ်၊ ဟင်းချက်ထားတာတွေ လုပ်ရပါတယ်။ မလုပ်ထားမိရင် တပတ်လုံး စားစရာ မရှိ Take away နဲ. ညားတာများပါရော။ ညနေပြန်လာချိန်ဆို ဟင်းချက်ဖို.က မလွယ်တော့၊ ဗိုက်က တဂွီဂွီမြည်နေပြီ။ အရင်တပတ်က လန်ဒန်ရောက်နေတော့ ဘာမှ သိပ်မချက်နိုင်ခဲ့၊ တပတ်လုံး ကြက်ဥကျော်၊ ပဲပြုတ်ကျော်၊ ထမင်းကျော် Macdonald နဲ. ညားလို ဒီနေ.တော့ လာမဲ့ အပတ်အတွက် ကြိုကြိုတင်တင် ဈေးသွား ချက်ပြုတ်ထားရပါဦးမယ်။

11 June 2012

Life as a Foreign Doctor (4)

အင်္ဂလန်ရောက်ပြီးတော့ Attachment လုပ်တော့ အင်္ဂလန်ရဲ့ တောင်ပိုင်းမှာ သူတို. လူဖြူတွေဘဲ အနေများတဲ့ နေရာမှာပေါ့။ နိုင်ငံခြားသား အလုပ်လုပ်နေတာကို ရှားရှားပါးပါးဘဲ တွေ.ရတတ်ပါတယ်။ အဲဒီမှာ သူတို.ပြောတဲ့ အင်္ဂလိပ်စကားကလဲ Fantastic တို. Excellent တို. အလွန်သုံးတော့ သကိုး။ ဘာလုပ်လုပ် “Fantastic” ဥပမာ သွေးဖေါက်ထားပြီးပြီ ပြောလဲ "Fantastic"! Lunch Break သွားမယ်ခွင့်တောင်းလဲ “Fantastic”။ ကိုယ်လဲ သူတို.နဲ.ရောရောင်ပြီးတော့ Cheers တို. Fantastic သွင်သွင်ပြောလို. ဟုတ်သည်ရှိ မဟုတ်သည်ရှိ  ဂွိ။ 


တနေ.မှာတော့ ကျမကို ဘော့စ်က သူ.လူနာတယောက်ကို MMSE (Memory test) လုပ်ခိုင်းပါတယ်။ အဲဒီမှာ Confused ဖြစ်နေတဲ့ လူနာကို မေးခွန်းတွေ မေးရတော့တာပေါ့။ ဒီနေ.ဘာနေ.လဲ "Monday" (Wrong answer). Fantastic! ဘယ်နေရာရောက်နေလဲသိလား "My home" (Wrong answer). Excellent! မေးခွန်း ၃ခု လောက်လဲ ရောက်ရော လူနာက သူမသိတဲ့ မေးခွန်းတွေလာမေးနေတာရော ကျမရဲ့ Fantastics တွေကို အလွန် အမြင်ကပ်သွားတာရော ထင်ပါတယ် “ငါ့ကိုများ ဘာမှ မသိဘူး အောက်မေ့နေလား။ ဒီလူတိုင်းသိတဲ့ မေးခွန်းတွေ မေးပြီး ဘာ့ကြောင့် Fantastic ပြောနေတာတုန်း” ထအော်ပါတယ်။ (ကလူ ကလူ လိပ်ပြာပြန်လာပါ။) အဲဒီထဲက ကျမ Fantastic မသုံးရဲတော့ပါ။ တခြားစကားလုံး ပြောင်းသုံးတာပေါ့နော ဒါများ .. Wonderful ဟီးဟီး

Gary Barlow - Sing



I am going to admit I am not a royalist but Gary Barlow moves my heart again with this song. Every time, I hear this, my heart goes fluttering!

9 June 2012

ဆရာဝန် တယောက်ရဲ့ ဘဝ

ကျမ Liverpool Heart and Chest hospital or Cardiothoracic centre လို.ခေါ်တဲ့ အင်္ဂလန်ရဲ. တတိယ အကြီးဆုံး နှလုံးနဲ.အဆုတ် အထူးကု ဆေးရုံကြီးမှာ ၂၀၁၀ တုန်းက တာဝန်ကျပါတယ်။ အဲဒီမှာ မြန်မာ ဆရာကြီး တယောက်ကို Clinical Tutor/CardioThoracic Surgeon အနေနဲ. တွေ.ဆုံခွင့်ရရပါတယ်။ ကျမက နှလုံးဆေးပညာဘက်မှာ၊ သူက နှလုံး ခွဲစိတ်တာဆိုတော့ တိုက်ရိုက်တော့ သူနဲ. အလုပ် တွဲမလုပ်ခဲ့ရပါဘူး။ ဒါပေမယ့် မှတ်မှတ်ရရ သူပြောခဲ့တဲ့ စကားတခွန်းကိုတော့ အခုထိ မှတ်မိနေဆဲပါဘဲ။ တနေ. ကျမရဲ့ Study Leave အတွက် သူ.ကို လက်မှတ် သွားထိုးခိုင်းတုန်း သူက “စာတွေလဲရေးနော်၊ Paper တွေ ထွက်အောင်လုပ်၊ တို.မြန်မာဆရာဝန်တွေ အလုပ် သိပ်ကျိုးစားပြီး အဲဒီဘက် အပိုင်းမှာတော့ အလွန် အားနည်းကြတယ်” လို. သူက ဆုံးမလာပါတယ်။

8 June 2012

တွေးမိသမျှရယ်

ကျမ အလွန် ယုံကြည် ကိုးကွယ်တဲ့ ဗုဒ္ဓဘုရားရဲ့ ဆုံးမမှုအတိုင်း သူများကို ခွင့်လွှတ် နားလည်ပေးတတ်ဖို. ကျမ အမြဲ ကျိုးစား နေထိုင်ပါတယ်။ 

ကြားလိုက်ရတဲ့ မြန်မာပြည်က သတင်းတွေဟာ အခုတော့ ကျမစိတ်ကို ပူပန်စေ၊ ညစ်ညူးစေတာ အမှန်ပါဘဲ။ သတင်းတွေမှာ ဖတ်ရသလို နှစ်ဘက်လုံးက မှားတယ်လို.လဲ မြင်မိပါတယ်။ ကနဦး ပထမဆုံး ဝမ်နဲစရာ ဖြစ်ရပ်ကစလို. မတရားဘူး ဆိုပေမယ့် ဘာကြောင့် ကိုယ်ကိုယ်တိုင်လဲ လူသတ်သမား ဖြစ်ချင်ရတယ် ဆိုတာတော့ ကျမနားမလည်နိုင်ပါ။ တယောက်သောသူရဲ့ အမှားကြောင့် တခြား ဘာသာတူ၊ လူမျိုးတူ တွေကို အမုန်းပွားတာ လက်စားချေတာ ကျမတော့ ဘယ်ထောင့်က ကြည့်ကြည့် အမှန်မြင်လို. မရပါ။

7 June 2012

Life as a Foreign doctor (3)

ဒီရက်ပိုင်း လုပ်စရာတွေ Assessments တွေ များနေတာနဲ. စာတောင် မရေးဖြစ်တာ ကြာသွားပါပြီ။ Stress နဲနဲ များသွားပြီး စာရေးဖို.လဲ ခေါင်းထဲက ဘာမှမထွက် ဖြစ်နေတာကြောင့်ပါ။ အခုတော့ TV လေးကြည့်၊ ကော်ဖီလေးသောက်ပြီး၊ အေးအေးဆေးဆေး နားရင်း အရင် ချန်လှပ်ထားတဲ့ နေရာကနေ စာဆက်ရေးလိုက်ပါဦးမယ်။

ဒီအင်္ဂလန်မှာ အလုပ်လျှောက်မယ် ဆိုတော့ ကျမရောက်ခါစတုန်းကတော့ ဆေးရုံတခုစီကို သပ်သပ်စီ လျှောက်ရပါတယ်။ ကိုယ်လိုချင်တဲ့ အလုပ်ကို BMJ လို၊ nhs jobs လို website တွေမျိုးမှာ ရှာပြီး ဆေးရုံတခုစီကို လျှောက်လွှာတွေ ပို.ရပါတယ်။ တချို.ဆို အဲဒီလိုဘဲ လျှောက်တာ အစောင် ၁၀၀ ကျော်လျှောက်တာတောင် အလုပ်မရသေး ဆိုဘဲ။ ကျမလဲ Plan B တွေ၊ C တွေလဲ ချတန်တာ ချလို.၊ ကိုယ်နဲ. သင့်တော်မယ့် အလုပ်မျိုးလဲ ရှာပေါ့။ ကျမကတော့ သူများတွေလို အလုပ်ဘယ်နှစ်ခု လျှောက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက်မျိုး မရှိခဲ့ပါဘူး။ တကယ် ကိုယ်နဲ. အဆင်ပြေမယ့် အလုပ်မျိုးကို  သေသေချာချာ ရှာပြီး လျှောက်လွှာ တခုဆို တခု သေသေချာချာ ဖြည့်ခဲ့ပါတယ်။ 

6 June 2012

Train - Drive by


Sometimes, you just fall in love with a song straight away you heard it and before you know it, you just can't stop listening to it repeatedly! 

Now this stuck in my  head, can't get rid of it.

29 May 2012

Training, Is it really that important?

ဒီနေ. အလုပ်မှာ အမျိုးသမီး တယောက်က သူ.အမေအတွက် အိမ်ကိုလာတဲ့ Carers တွေနဲ. ပက်သက်ပြီး မကျေနပ်လို. ကျမကို လာပြောပါတယ်။ ဒီနေရာမှာ နဲနဲလေးထပ်ပြောရင် ဒီနိုင်ငံမှာ အသက်ကြီးတဲ့ လူနာတွေ အတွက် အစိုးရက ခန်းထားတဲ့ Carers ဆိုတာတွေရှိပါတယ်။ သူတို.က အိမ်ကိုသွား၊ အဖိုး အဖွားတွေကို ရေချိုးပေး၊ အစားအသောက်ပြင်ပေး၊ အိပ်ရာခင်းလဲပေး ဆိုတာ မျိုးတွေ လုပ်ပေးရပါတယ်။ အဖိုး အဖွား လူနာတွေရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး တနေ. အများဆုံး ၄ခေါက်ထိ သွားပေးကြပါတယ်။ 

ကျမဆီလာတွေ.တဲ့ အမျိုးသမီးက ပြောတာက သူမမိခင်ကြီးက လမ်းမလျှောက်နိုင်တော့လို. Carers တွေကလာပြီး ရေချိုး အဝတ်လဲတာ လုပ်ပေးရတယ်တဲ့။ ဒါပေမယ့် သူ.အိမ်လာတဲ့ Carers တွေက လူနာကို ဘယ်လို မ ရမယ် နေရာရွှေ.ရမယ် ဆိုတာ Train မလုပ်ထားဘူးတဲ့။ အဲဒီတော့ လူနာကို ရေချိုးပေးမယ်ဆိုရင် သမီးလုပ်တဲ့ သူက လူနာကို အတင်းတွဲမ။ Carers တွေက ရေပတ်တိုက်ပေးတဲ့။ အဲဒီတော့ သမီးက မကျေနပ်တော့ Complaint လုပ်ပြီပေါ့။ ဒီနိုင်ငံမှာ သားသမီးတွေက မိဘနဲ. အတူနေကြတာ မဟုတ်။ တမြို.ထဲနေတာတောင် အတော်ရှားပါတယ်။ 

28 May 2012

Life unexpected!

အားကစား ပွဲတွေ သွားတိုင်း အမြဲ ပြင်ဆင်သွားရတာက ဒီအားကစားသမားတွေ ဘယ်လို ဒါဏ်ရာမျိုး ရနို်င်လို.၊ ဘယ်လိုမျိုး ကျိုတင်ကာကွယ်မှုတွေ လုပ်ရမယ်။ ဖြစ်လာရင် ဘယ်လို ကုကြ သယ်ထုတ်ကြမယ် ဆိုတာတွေပါ။ ဒါပေမယ့် ဘဝဆိုတာ မမျှော်လင့်ထားသော အရာတွေနှင့် ပြည့်နှက်နေတယ် မဟုတ်ပါလား။ ဘယ်လိုပင် ကျိုတင်ကာ ပြင်ဆင်သွားပေမယ့် တခါတလေ တကယ်ဖြစ်တော့ ဘယ်လိုမှ ထင်မထားတတ်သော အရာများဖြစ်နေတတ်ပါတယ်။

ကျမ ပထမဆုံး အတွေ.အကြုံက မော်တော်ဆိုင်ကယ် ပြိုင်ပွဲမှာပါ။ စဉ်းစားစရာမလို မော်တော်ဆိုင်ကယ် ပြိုင်ပါတယ်ဆိုမှတော့၊ လဲကြ ကွဲကြ ကျိုးကြတာ အဆန်းမဟုတ်။ အဲဒီအချိန်က ကျမက ဆရာဝန်ပေါက်စ။ ပြိုင်ပွဲမှာ လုပ်အားပေးတော့ ရွတ်လိုက်ရတဲ့ ဘုရားစာတွေဆိုတာ။ ဘယ်သူမှ ထိခိုက်ဒါဏ်ရာ မရပါစေနဲ.၊ ရရင်လဲ ကျမစောင့်နေတဲ့ နေရာနဲ. ဝေးဝေးမှာဘဲ ဖြစ်ပါစေလို.ပေါ့ (ဟီး..)။ ဒီလိုနဲ. ပြိုင်ပွဲက ပြီးသွားတော့ ကျမမှာ ဟူးခနဲ သက်ပြင်းချမယ် ကြံခါရှိသေး။ ကျမတို.နားက ဘကြီးတယောက် ပွဲကြည့်စဉ်ကနေ ရင်ပတ်ကြီးကိုင်ပြီး လဲကြသွားပါရော။ အားလုံးလဲ ထိတ်ထိတ်ပြာပြာ။ ကျမလဲ ထိတ်ထိတ်ပြာပြာ (ပြောနေစရာကို မလို)။ ပူနေတဲ့ရင်ကို လူမမြင်အောင် ဖုန်း။ သွားကူညီ စမ်းသပ်တော့မှ ECG မှာ Heart attack (Ante STEMI) ဖြစ်နေတာကို တွေ.လိုက်ရပါတယ်။ ရှေးဦးပြုစုနည်းနဲ. ကိုယ်နိုင်တာကိုလုပ်၊ ဆေးရုံအမြန်ခေါ်သွား။ နောက်မှသိရတာက ဒီဘကြီးဟာ သူ.သား ပြိုင်ပွဲမှာ ပထမရသွားတာကို အားပေးရင်း ရင်ခုန်ဝမ်းသာ လွန်းအားကြီးသွားပြီး Heart attack ရသွားတာ ဖြစ်နေပါတော့တယ်။

27 May 2012

Life as a Foreign Doctor (2)

ကျမတို. အင်္ဂလန်မှာ စာမေးပွဲ (PLAB) ဖြေမယ်ဆိုတော့ လန်ဒန်မှာ ကျူရှင်တက်ဖို. သွားနေရပါတယ်။ လန်ဒန်ရဲ့ ဘက်တန်လို. ခေါ်တဲ့ နေရာမှာပေါ့။ စာမေးပွဲ လာဖြေကြတဲ့ မြန်မာတွေ စုပြီးနေဖြစ်တဲ့ နေရာလေးမှာပါ။ အားလုံးက စာမေးပွဲ Stress ရယ်၊ နိုင်ငံရပ်ခြား မိဘ မိသားစုတွေနဲ. ခွဲနေရတာရယ် ပေါင်းပြီး တခါတလေ အလွန် စိတ်ဖိစီးစရာတွေ များပါတယ်။ အဲဒီတော့ တချို.လဲ အချင်းချင်း အားပေး စောင့်ရှောက်ကြပြီး သူငယ်ချင်း အရင်းကြီးတွေ ဖြစ်သွားကြသလို၊ တချို.ကျတော့လဲ နားလည်မှုတွေလွဲ၊ မခေါ်နိုင် မပြောနိုင် ဆိုတာတွေ ဖြစ်ကြတာ အဆန်းကို မဟုတ်ပါ။

ကျမ အနေနဲ. ကံကောင်းစွာ ဘက်တန်မှာ ခဏ ကလေးပဲ ဘာပြဿနာမှ မဖြစ် လိုက်ရဘဲ စာမေးပွဲပြီးသွားတော့၊ အသိ အသက် ၈၀နီးနီး ရှိပြီဖြစ်တဲ့ အင်္ဂလိပ် အမျိုးသမီးကြီးနဲ. ၁လလောက် ခဏလောက် သွားနေရပါတယ်။ အဲဒီမှာတင် အင်္ဂလိပ်တွေရဲ့ Tradition တွေ အကြောင်း သင်ယူ ရတော့တာပါဘဲ။ တခြား အင်္ဂလိပ်တွေ ဘယ်လိုနေတယ်ဆိုတာ မသိပေမယ့် Jean ကတော့ အလွန် ရှေးဆန်ပြီး အသန်.ကြိုက်သူဆိုတော့ မနက် မိုးလင်းတာနဲ. ရေချိုးပါတယ်။ ကျမကိုလဲ ချိုးခိုင်းတော့ သူ.ကို NO မပြောချင်တော့၊ အားနာပြီး မနက် စောစောစီးစီး အင်္ဂလန်ရဲ့ ချမ်းချမ်းအေးအေး ရာသီဥတုမှာ ဂတ်ဂတ်ဂတ် နဲ. မနက်တိုင်း ရေချိုးဖြစ်ခဲ့ပါတယ်။

24 May 2012

အဖြေမှန် မရှိသော ပု စ္ဆာများ

ဒီ လူ.ကျင့်ဝတ် ဆရာဝန် တယောက်ရဲ့ ကျင့်ဝတ်နဲ. ပက်သက်ပြီး တချို. ကိစ္စတွေမှာ ဘယ်ဟာက မှန်တယ်၊ ဘယ်အရာက မှားတယ်ဆိုတာ ဝေခွဲရ ဆုံးဖြတ်ရ အလွန်ခက်ခဲ တတ်ပါတယ်။ ဒါတွေဟာ ဒီနိုင်ငံမှာ ဆရာဝန် အလုပ် အတွက် အလုပ် အင်တာဗျူး သွားရင်လဲ မဖြစ်မနေ အမေးခံရ တတ်ပါတယ်။ ဥပမာ ပြောပြစရာတွေက မကုန်နိုင် မဆုံးနိုင်၊ ဒုနဲ. ဒေးပါ။ 

အင်တာဗျူးမှာ အမေးများတတ်တာတွေကတော့ “မင်းရဲ့ ဘော့စ် ဆရာကြီးက အရက်နံ. တထောင်းထောင်းနဲ. ခွဲခန်းထဲမှာ လူနာ ခွဲမလို. လုပ်နေရင် မင်းအနေနဲ. ဘယ်လို လုပ်မလဲ” ဒါကျမ ဒီနိုင်ငံမှာ ပထမဆုံး အလုပ် အင်တာဗျူးမှာ တကယ် အမေးခံခဲ့ရတဲ့ မေးခွန်းပါ။ တခြား အလွန် အမေးများတတ်တဲ့ မေးခွန်းတခုကလဲ “လူနာက တကယ်လို.များ (မပြောကောင်း ပြောကောင်း ပေါ့နော်) သူ.ရဲ့ နှလုံးခုန် ရုတ်တရက် ရပ်သွားရင် နှလုံးပြန်စတဲ့ Resuscitation တွေ လုပ်ပေးစေချင်တယ်။ ဒါပေမယ့် ဆရာဝန် တယောက်ရဲ့ အမြင်အရ ဒါဟာ မသင့်တော်ဘူး။ ဘယ်လို ဖြေရှင်း ကြမလဲ။ (ဥပမာ အသက်ကြီးကြီး လူနာ၊ တခြားရောဂါပေါင်း စုံနေရင် ဘယ်လို resuscitation လုပ်လုပ် ဒီလူနာဟာ ပြန်ရှင်မှာ မဟုတ်ပါ။ တော်ကြာ နှလုံးတော့ ပြန်ခုန်လာပြီး စက်နဲ. အသက်ရှူထားရတာမျိုး မသေမရှင် ဖြစ်နေရင် ပိုလို.အခက်ရောက် တတ်ပါတယ်)”

23 May 2012

Cricket !!

England Vs West Indies (Lords Cricket ground)
ကျမ မြန်မာပြည်မှာ တုန်းကတော့ တခါမှ Cricket အကြောင်းပြောသံ မကြားမိခဲ့ပါ။ ဒီအင်္ဂလန်ရောက်မှ ခရစ်ကက်ဆိုတာ အတော် ပေါ်ပြူလာ ဖြစ်တဲ့ အားကစား တခုမှန်း သိလာခဲ့ရပါတယ်။ အထူးသဖြင့် အန္ဒိယနဲ. ပါကစ္စတန်တို.ကြားမှလဲ အတော် ရေပန်းစားတဲ့ ကစားနည်းပါ။ ဒီတပတ် အင်္ဂလန်နဲ. West Indies အသင်းတို.၊ လန်ဒန်က Lord's Cricket Ground မှာ ကစားတော့ ကျမလဲ ဆရာဝန် တယောက်အနေနဲ. သွားဖို. အကြောင်းဖန် လာပါတယ်။ Cricket အကြောင်းဆိုတာ ဘာဆိုဘာမှ မသိတော့ ကျမစိတ်ထဲမှာတော့ “အင်း အားကစားသမား တယောက်ယောက် Cricket ဘောလုံး မျက်နှာတို. နှာခေါင်းတို.မှန်မှ၊ နို.မဟုတ်လို.တော့ ဘာမှ အလုပ်မရှိလောက်ပါဘူး။” ဆိုတဲ့ အတွေးနဲ. ချီတက်သွားခဲ့ပါတယ်။ ထင်တဲ့အတိုင်း ဘာမှ အလုပ်မရှိ။ ဘယ်သူမှ ထိခိုက်ဒါဏ်ရာ မရခဲ့ပါ။ ဒါပေမယ့် ကျမအနေနဲ့တော့ ဒီ Cricket အားကစား အကြောင်းကိုတော့ အများကြီးသိလာ ဗဟုသုတ ရလာခဲ့ပါတယ်။

Cricket ဆိုတာ တကယ်တော့ ခုနှစ် ၁၇၀၀ ကျော်လောက်ထဲက အင်္ဂလန်မှာ စပြီး ကစားခဲ့ကြတာ ဆိုဘဲ။ အဲဒီ အချိန်တုန်းကတော့ အင်္ဂလန်ရဲ. မင်းညီမင်းသား “Royal” တွေဘဲ ကစားကြတာတဲ့။ နောက် အရမ်းပေါ်ပြူလာဖြစ်လာတော့ လူတွေ အများကြီး လာကြည့်ကြ။ လာအားပေးကြတော့ ဒီ အထက်တန်းလွှား မင်းညီမင်းသားတွေက သူတို.ကစားတာကို သာမန်လူတွေ လာကြည့်ရကောင်းလား လို. စပြီး မကျေမနပ် ဖြစ်လာကြသတဲ့။ 

21 May 2012

Life as a Foreign doctor

ကျမတို.လို နိုင်ငံရပ်ခြား ရောက်နေတဲ့ ဆရာဝန်တွေ အတွက် “ဘာကြောင့် ကိုယ့်နိုင်ငံတော်ကို အလုပ်အကျွေးမပြုဘဲ နိုင်ငံရပ်ခြား ရောက်နေရလဲ” ပြောတဲ့သူကလဲ ပြောကြပါလိမ့်မယ်။ အပြစ်တင် ဝေဖန်သူတွေကလဲ ဝေဖန်ကြပါလိမ့်မယ်။ ဘယ်သူကတော့ သူတပါး တိုင်းပြည်မှာ နေချင်ပါ့မလဲလေ။ အကြောင်း အမျိုးမျိုးကြောင့် ရေခြားမြေခြားမှာ အဆင်ပြေသလို နေထို်င်နေကြပေမယ့် အားလုံးက ကိုယ့်ရဲ့ မွေးရပ် အမိပြည်ကိုတော့ မကြာခဏ လွမ်းမိကြ ပြန်လာချင်ကြ တာပါဘဲ။ ကဲ အဲဒီ နိုင်ငံဗျူဟာ နည်းပညာတွေ ကျမလဲ မပြောတတ် မပြောချင်တော့၊ အသာဘေးမှာ ခဏထား လိုက်ပါမယ်။ ဒီစာ ရေးဖြစ်ရတဲ့ အကြောင်းက အငယ်တန်းက အသိ သူငယ်ချင်း ဆရာဝန်လေးတွေ မကြာခဏ အီးမေး ပို.ပြီး ဒီနိုင်ငံ အကြောင်းမေးတုန်းက တတ်နိင်သလောက် တယောက်ချင်းဆီ ပြန်ပေမယ့် အသေးစိတ်တော့ မရေးနိုင်ခဲ့ပါဘူး။ ဒီတခါတော့ ဒီမှာ ကျမတို.လဲ အောင်မြင်မှု မရခင် ဘယ်လောက် အခက်အခဲတွေနဲ. ရုန်းကန်ရတယ် ဆိုတာ မြန်မာလို ရေးချင်လာလို.ပါ။ မြန်မာလို စာရိုက်တာလဲ နဲနဲ မြန်လာပြီဆိုတော့ ... အဟဲ

19 May 2012

Rugby games

ရွှံ.ထဲက အချိန်တွေ
အမေရိကန် ဘောလုံးလို. တမျိုးခေါ်တဲ့ RUGBY ဆိုတဲ့ ကစားနည်းဟာ ကျမတို. မြန်မာ နိုင်ငံမှာတော့ သိပ်ခေတ်မစား ခဲ့ပါဘူး။ အခု အားကစားပွဲတွေနဲ. ပက်သက်ပြီး အလုပ်တွေ လုပ်ရတော့ အားကစားပွဲပေါင်း များစွာ သွားရတော့မှ ဒီအားကစားနည်း အကြောင်းလဲ ကျမ အခု တော်တော် သိလာရပါတယ်။ ပထမတော့ TV မှာကြည့်ပြီး အမျိုးသားက ဒီလို အားကစားပွဲ မျိုးတော့ အလုပ်သွား မလုပ်ပါနဲ.၊ သူတို.ကြည့်ရတာ ထိခိုက် ဒဏ်ရာ အတော်ရမဲ့ပုံကြီး ပြောပါသေးတယ်။ နောက်ရှောင်မရ သွားရတဲ့ အခါကျတော့မှ ကျမအနေနဲ.တော့ အတော် စိတ်ဝင်စားစရာ အားကစားပွဲ တခုလို. ထင်ပါတယ်။

ဒီကစားနည်းရဲ. အခြေခံကတော့ ငယ်က ထုတ်စီးတိုးကစား သလို တဖက်အသင်းရဲ. အတားအဆီး တွေကို ဖြတ်ကျော်ပြီး၊ ဘောလုံးကို တဖက်ဂိုးစည်းကို ကျော်အောင် သယ်ပြေးပြီး၊ အမှတ်တွေ Score လုပ်နိုင်အောင် ကျိုးစားရပါတယ်။ အဲဒီလို ဘောလုံး တဖက်စည်းကို ရောက်သွားတိုင်း အပိုအမှတ်အနေနဲ. ဘောလုံးကို ဂိုလ်းတိုင်ထဲ ဝင်အောင် အသင်းသား တယောက်က ကန်ရပါတယ်။ ဝင်ရင် ၂ မှတ်ပိုရပါတယ်။ အရေးကြီးတဲ့ စည်းကမ်းတခုက ဘောလုံးကို ဘေးတိုက်ပဲ အချင်းချင်း လှမ်းပြစ်ပေးလို. ရပါတယ်။ အရှေ.ကို မပြစ်ရပါ၊ လူနဲ.ပဲ အတူ သယ်ပြေးရပါတယ်။ တဘက်အသင်းက လူတွေကတော့ ငယ်ကပြောတဲ့ ဝက်သက်သလို ဘောလုံးသယ်ပြေးလာတဲ့ သူကို အသားကုန် ဝင်တိုက် ဝင်လုံး ဘောလုံးကို ဝင်လုကြတာပါပဲ။ အဲဒီတော့လဲ ကွဲကြ ပြဲကြ၊ အဆစ်တွေ လွဲကြရယ်ပေါ့။ 

16 May 2012

Remedial medicine

ကျမ အနေနဲ. အင်္ဂလိပ် ဆေးကျောင်းကနေ ဆရာဝန်ဖြစ်လာတာ ဆိုတော့ ယေဘုံယျ ပြောရရင်တော့ အင်္ဂလိပ် ဆေးဝါးနဲ.ဘဲ လူနာကို ကုသပါတယ်။ ဒါပေမယ့် တခါတရံ ရှေးထုံးတန်းစဉ်လာ ကုထုံး၊ တိုင်းရင်းဆေးမှ ဆိုတဲ့ လူနာ တချို.နဲ.လဲ မဖြစ်မနေ ကြုံရတတ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ လူနာနဲ. အတင်း ခံမငြင်းဘဲ “တိုင်းရင်းဆေးလဲသောက် အင်္ဂလိပ်ဆေးလဲ သောက်ပေါ့” လို.ပြောလို.ရပေမယ့် ဒီအင်္ဂလန်မှာတော့ အင်္ဂလိပ်ကြီး တယောက်ကနေ တိုင်းရင်းဆေးကြီး ကိုင်လာပြီး ငါကို ဒါညွှန်းပေး (Prescribe) ပါ ဆိုရင်တော့ ခက်သားလားပါဘဲ။ ဒါရေးဖြစ်ရတဲ့ အကြောင်းကတော့ မနေ.က အလုပ်မှာ နှလုံးအဆို.ရှင်တခု မလုံတဲ့ အတွက် နှလုံးခွဲစိတ်ဖို. စောင့်နေတဲ့ လူနာတယောက်က နှလုံးကုဆရာဝန်က သုတေသနပေါင်းများစွာကို ညွှန်းပြီးပေးထားတဲ့ ဆေးကို မသောက်ချင်ဘူး။ ကျမတခါမှ မကြားဖူးတဲ့ အင်္ဂလိပ် တိုင်းရင်းဆေး ခေါ်မလား remedial medicine တခုကိုဘဲ Prescribe လုပ်ပေးပါ ဆိုလို. ကျမမှာ အတော်ဖြေရှင်း ယူခဲ့ရပါတယ်။

အဲဒီလို ပြောတော့ ကျမကို တိုင်းရင်းဆေး လုံးဝ အယုံအကြည် မရှိဘူးလား ဆိုရင် .. မှားပါတယ်။ ကျမကိုယ်တိုင် သုံးခဲ့ဘူးတာ တချို.လဲ ရှိလို. တချို. ရိုးရာ ကုထုံးတွေကို ကျမ ယုံကြည်ပါတယ်။ ဥပမာ ကျမငယ်ငယ်တုန်းက လက်ချောင်းမှာ ကြွက်နို.လေးပေါက်တုန်းက ဖေဖေ့ လူနာ တယောက်က ပေးသွားတဲ. မြန်.မာ့ ရှေးထုံးနဲ. မေမေက နေ.စဉ် “ဇွန်းပူလေးနဲ. ကပ်ပေး”တာ လုံးဝ ပျောက်သွားပြီး ကျမလက်ပေါ် ခွဲစိတ်ဓါး ရမဲ့ အခြေအနေမှ လွတ်မြောက်ဖူးပါတယ်။

11 May 2012

Under Performance Syndrome

အားကစား သမားတွေမှာ ကျမတို.ပြောတဲ့ Unexplained Underperformance Syndrome ဆိုတာ ရှိပါတယ်။ သူတို.တွေ လေ့ကျင့်တာများလွန်းပြီး ခန္တာကိုယ်က မခံနို်င်တော့ဘဲ သူတို.ရဲ. လုပ်ဆောင်နိုင်မှု စွမ်းရည်တွေ သိသိသာသာ ကျဆင်းလာပါတာကို ခေါ်တာပါ။ ကုနည်းကတော့ ခန္တာကိုယ် ပြန်လည်သန်စွမ်းလာအောင် လုံလောက်တဲ့ အနားယူမှုတွေ လုပ်ပေးရပါတယ်။ 

ကျမ အခုပြောချင်တာက အားကစားသမားတွေနဲ. ပက်သက်လို.ရယ် မဟုတ်ပါဘူး။ လူသားအားလုံးမှာလဲ လိုအပ်တဲ့ အနားယူမှုဆိုတာ ရှိသင့်ပါတယ်။ နို.မဟုတ်ရင် နေ.စဉ် အိပ်ရေးမဝ ခန္တာကိုယ် နွမ်းနယ်ပြီး စိတ်မပျော်မရွှင် စိတ်ဓါတ်ကျဆင်းတာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမျာတော့ တနှစ်ကို ၃၂ ရက် (စနေ တနင်္ဂနွေ မပါဘဲ) ဟောလီးဒေး ယူဖို.ခွင့်ပြုထားပါတယ်။ ကျမတို. မြန်မာနိုင်ငံမှာ တုန်းကတော့ နားရမယ်မှန်း မသိ၊ ဟောလီးဒေးဆိုတာလဲ မရှိ၊ ပင်ပန်းရမှန်းလဲ မသိခဲ့ပါ။ ဒီနိုင်ငံရောက်ပြီးမှ သူတို.က ဟောလီးဒေးဆိုတော့ ကိုယ်လဲ လိုက် ဟောလီးဒေးပြီး အခုတော့ ကျမလဲ အလွန်ကို ပင်ပန်းတတ်၊ ညည်းငြူတတ်လာပါပြီ။ ကောင်းတဲ့ ပြောင်းလဲမှုလို.တော့ ကျမ မထင်ပါ။ 

10 May 2012

Korean Bibimbap

လုပ်စားဖြစ်တဲ့ ကိုးရီးယား ထမင်းသုပ်
ဒီစာလေးကို ဘာမှမရေးခင် အရင်ဆုံး သတိပေးချင်တာက ကျမ ဘယ်တုန်းကမှ ဟင်းချက်မကောင်း သလို ဝါသနာလဲ သိပ်မပါပါ။ ငယ်ကထဲက အိမ်မှာ မိဘကို ကူရင်း နဲနဲပါးပါး ချက်တတ် ပြုတ်တတ်ပေမယ့် ဘယ်တုန်းကမှ ထမင်းစား သိပ်မမက်ခဲ့ဘဲ၊ ဖြစ်သလိုပဲ စားတတ်သူဆိုတော့ အချက် သိပ်မကောင်းတာ အဆန်းတော့ မဟုတ်ပါ။ 

ဒီနိုင်ငံရောက်တော့ တယောက်ထဲ နေတုန်းကဆို ပိုတောင်ဆိုးသေး။ အချက်ပြင်းတာနဲ. McDonald, Fish and Chips ... စုံစိနဖာ တွေ.ရာ ဝယ်စားရင်စား၊ မစားရင် အိမ်မှာ ၅မိနစ်နဲ. လုပ်လို.ရတဲ့ အိမ်လုပ် အလွယ် ဆီချက်၊ ဒါမှမဟုတ် ရှိတာ ဆွဲသုပ်၊ ဒါမှမဟုတ် ငံပြာရည်ကျော် ထမင်းနဲ. ကြက်ဥကျော်နယ်စား၊ ဒါမှမဟုတ် မားမား ခေါက်ဆွဲခြောက်ထဲ ရှိတဲ့ အသီးအရွက် ပြစ်ထဲ့ပြီး စားခဲ့တာပါဘဲ။ အခု အမျိုးသားနဲ. တူနှစ်ကိုယ် တတိုင်းပြည် လုပ်ရတဲ့ အခါကြတော့ အစားမက်တဲ့ သူ.ကြောင့် အိမ်မှာ တော်တော် ချက်ဖြစ်ပါတယ်။ မချက်လို.လဲ မရ။ ကျမ အမျိုးသားက အလုပ်ကပြန်လာရင် မိန်းမကို အရင် နှုတ်ဆက်ဖို.ထက် မီးဖိုထဲဝင် အိုးအရင် သွားလှန် ကြည့်တတ်တာကိုး။ 

9 May 2012

Herman German Friendship cake

ဒီနေ. အလုပ်မှာ ကျမရဲ. ဘော့စ်က “ခိုင်ရေ နင့်အတွက် ငါလက်ဆောင် ယူလာတယ်” ဆိုပြီး ပလတ်စတစ်ဘူးလေးနဲ. အမြှုပ်တွေထနေတဲ့ အရေပြစ်ပြစ်တွေ ယူလာပေးပါတယ်။ စာရွက်လေး တရွက်လဲ ပါပါသေးတယ်။ ရေးထားတာက “ငါ့ နာမည် ဟာမန် လို.ခေါ်ပါတယ်။ ငါဟာ မိတ်ဖြစ်ဆွေဖြစ် ဖုတ်ရတဲ့ ကိတ်ပါ။ ငါ့ကို ရေခဲသေတ္တာထဲ မထဲ့သိမ်းပါနဲ.။ ဒါဆို ငါသေသွားလိမ့်မယ်။ ” အစချည်ပြီး ..... ၁၀ရက်တိတိ ပဝါလေးနဲ. အုပ်သိမ်းထားခို်င်းပြီး ၁၀ရက်ပြည့်တဲ့နေ.မှာ ထဲ့ခိုင်းတဲ့ တစာပလာတွေ ထပ်ပေါင်းထည့်၊ လေးပုံခွဲ၊ တစ်ပုံကို အိမ်မှာ ကိတ်မုန်.ဖုတ်၊ ကျန်တဲ့ ၃ပုံ ကို ကိုယ့်ရဲ. သူငယ်ချင်းတွေ ထပ်ဝေပေးရပါမယ်။ 

ကျမရဲ. ဘော့စ်က ဒီနိုင်ငံမှာ တော်တော် တော်ပြီး ထက်လို. နာမည်လဲ ကြီးပါတယ်။ နာမည်ကြီးတယ်ဆို ကောင်းတာရော မကောင်းတာရောပါ။ သူကိုယ်တိုင်က အလွန်စိတ်မြန်၊ ထက်တဲ့သူဆိုတော့၊ နဲနဲ အမှားလုပ်တာနဲ. လူရှေ.သူရှေ. မရှောင် အော်တတ် ဆဲတတ်ပါတယ်။ သူတို.ကိုယ် သူတို. နိုင်ငံကြီးသားပါလို. သတ်မှတ်ထားတဲ့ ဒီအင်္ဂလိပ် လူမျိုးတွေက တော့ အဲဒီလို အော်တာ ပြောတာတွေနဲ. သိပ်မရင်းနှီးတော့ သူ.ကို အတော် ကြောက်ကြပါတယ်။ ကျမကတော့ .. အဟဲ ... မြန်မာပြည်က လာတာဘဲဟာ။ ဒီလိုအော်ခံရတာများ .. အဆန်းလားပေါ့။ မြန်မာပြည် ဆေးကျောင်းတုန်းကဆို “ဟဲ့ ကောင်မတွေ။ ပဲပြုတ်သည်မတွေ” နဲ. ဆရာ ဆရာမတွေရဲ. စေတနာ ဒေါသနဲ. အဆူခံ အဆဲခံရတာများ ရစရာကို မရှိ။ 

7 May 2012

Las Vegas

Dancing water; one of the famous attractions of vegas
အမေရိက သွားတုန်းက လက်ကျန် ဓါတ်ပုံလေးတွေပါ။ ပထမ LA နဲ. University Studio မှာ လည်ပြီးတော့ ဦးလေးက ကမ္ဘာ့ လောင်းကစား မြို.တော်ကြီး Las Vegas ကို လိုက်ပို.ပေးခဲ့ပါတယ်။ ပြောစမတ် ပြုရလောက်အောင်လဲ မီးတွေက ထိန်ထိန်လင်း၊ အံမခန်းဘွယ် နန်းတော်ကြီးတွေ အလား ဆောက်ထားတဲ့ ဟိုတယ်တွေကလဲ မြောက်များစွာ တွေ.ခဲ့ရပါတယ်။ မြန်မာနာမည်နဲ. မန္တလေး ဟိုတယ်ကြီးတောင် တွေ.ခဲ့ရပါသေးတယ်။ တခုပဲ ပြောချင်တာက သူတို.က ကိုယ့်ရဲ့မူပိုင်ရယ်လို. မဟုတ်ပဲ ကမ္ဘာ့နာမည်ကျော် နေရာတွေကို အတုခိုးပြီး ဆောက်ထားတာတွေ များပါတယ်။ ဥပမာ အီဖယ်တာဝါ လိုမျိုးပေါ့။


သွားခဲ့တာလဲ ကြာပါပြီ။ ဒီလိုပြန်ရေးဖြစ်မယ်လဲ မထင်ထားတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ မမှတ်မိတာတွေထဲကမှ မှတ်မိတာ တခုကတော့ စားခဲ့တဲ့ ဟိုတယ်ရဲ. ဘူဖေးက အလွန်ကြီးပြီး စုံလွန်းတာပါဘဲ။ တခါတလေ ကိုယ်ထိုင်နေတဲ့ စားပွဲကိုတောင် လမ်းပျောက် ရလောက်အောင် အထိပါ။ ကျမက ဦးကြီးထဲ့ပေးတဲ့ Steak တွေ အသားကုန် တွယ်နေချိန်မှာ အမျိုးသားက ခေါက်ဆွဲကျော်နဲ. ကော်ပြန်.ကျော် စားနေလို. မကျေမနပ် သူနဲ. ပွစိ ပွစိ ဖြစ်ခဲ့ ရပါသးတယ်။

Dentist! Dentist!!

ကျမ အင်္ဂလန်ရောက်တော့ ပထမဆုံး အလုပ်လုပ်ရတာက အင်္ဂလန်ရဲ. ကျွန်းပေါ်က မြို.ကလေး တစ်ခုမှာပါ။ ပထမဆုံး အလုပ်ဆိုတော့ သိပ်ဂျီးကျွတ်မများနိုင်ဘဲ ပို.တဲ့ဆီ၊ ရတဲ့အလုပ်နဲ. စခဲ့ရတာပေါ့။ အတွေ.အကြုံသစ် သူငယ်ချင်း အသစ်တွေနဲ. အလုပ်က အလွန်ပျော်စရာ ကောင်း၊ စိတ်ဝင်စားဖို. ကောင်းခဲ့ပါတယ်။

အဲဒီမှာဘဲ ကျမငယ်ငယ်ထဲက အလွန် ဒုက္ခပေးတတ်တဲ့ ကျမရဲ. သွားပြဿနာက စလာပါတယ်။ စစချင်း သတိထားမိတာက သွားမှာ အပေါက်ကလေး တခုကို လျှာနဲ. စမ်းမိတာပါ။ ဒါနဲ. “အချိန်မှီချုပ် အစုတ် သက်သာ” ရအောင် သွားဆရာဝန်ကို စုံစမ်းရပါတယ်။ ပထမတော့ အစိုးရက ဖွင့်တဲ့ သွားဆရာဝန်ပေါ့။ ဖုန်းဆက်ကြည့်တော့ ပထမဆုံးမေးတဲ့ မေးခွန်းက “နာနေလားတဲ့”။ မှန်တာပြောတော့ “နာတော့မနာသေးဘူး။ အပေါက်ဖြစ်နေလို.ပါ” ပေါ့။ အဲဒီတော့ Receptionist လေးက တဖက်က ပြန်ပြောတာက မနာရင် ပုံမှန် Appointment ယူပါတဲ့။ “OK” ဆိုတော့ ပုံမှန် စောင့်ချိန် (waiting list) က ၁၈-လ တဲ့။  .... ဂိန် ....

6 May 2012

Have you smiled yet?

တလောက မျက်မှန် ပါဝါ စစ်တော့ စစ်ပေးတဲ့ Optician က ကျမမှာ ပုံမှန်မဟုတ်တာ နဲနဲတွေ.တယ် ဆိုပြီး ကျမကို မျက်စိဆေးရုံကို လွှဲလိုက်ပါတယ်။ ကျမကို ဆေးရုံကို လွှဲမယ်ဆိုတာလဲ ကြိုမပြောတော့ ချိန်းတဲ့ စာရောက်လာတော့မှ ကျမလဲ အံ့တွေသြပြီး ဘာများဖြစ်လဲ ဆိုပြီး ဆေးရုံကို သွားရပါတယ်။ 

ရောက်သွားတော့ အစိုးရ (NHS) ဆေးရုံတွေရဲ့ ထုံးစံအတိုင်း လူတိုင်း အလုပ်တွေများပြီး ရှုပ်ရှက်ခက် နေတာ တွေ.ရပါတယ်။ ကျမရဲ့ Appointment က ညနေ ၆နာရီမှဆိုတော့ သူတို. အလုပ်ပြီးခါနီး နောက်ဆုံး လို.ထင်ရတာပါဘဲ။ ကားမမောင်းလာပါနဲ. ဆိုလို. လိုက်ပို.ပေးတဲ အမျိုးသားနဲ. ထိုင်လေပေါပြီး ကိုယ်အလှဲ.ရောက်ဖို. စိတ်ရှည်ရှည်နဲ. စောင့်ပေါ့။ ပထမတော့ ချိန်းတာ သွားသင့် မသွားသင့် တော်တော် စဉ်းစားခဲ့ရပါသေးတယ်။ ဒါပေမယ့် ဘာကြောင့် လွှဲတာမှန်းလဲ မသိ၊ မျက်စိဆိုတာ ကိုယ်သိပ်နားလည် ကျွမ်းကျင်တဲ့ အပိုင်းလဲ မဟုတ်တော့ သွားကြည့်တာပေါ့ ဆိုပြီး ချီတက် သွားခဲ့ကြတာပါ။

3 May 2012

Under cover

အခု ကျမလုပ်တဲ့ ဆေးရုံက သူတို.ရဲ. စစ်တပ် စစ်ဆေးနဲ. စာချုပ်ချုပ်ထားတော့ ကျမတို.ဆီမှာ ယူနီဖောင်းဝတ်တဲ့ စစ်ဗိုလ် ဆရာဝန်လေးတွေနဲ. အလုပ်တွဲလုပ်ရပါတယ်။ ယူနီဖောင်းကို ကျော့ကျော့မော့မော့ ဝတ်ထားကြတော့ လူနာ အများစုရဲ. အထူးအလေးထားမှုကို ခံရပါတယ်။ 

တနေ.ကဆို အသက် ၈၀ကျော်အရွယ် အမျိုးသမီးလူနာ တဦးက ကျမရဲ. အလုပ်သင် ဆရာဝန်လေးကို သူမဟာ အပျိုစဉ်ပါ၊ သူမကို လိုချင်ရင်ရပါတယ် ဆိုပြီး ပြောလာလို. အတော်လေး ရယ်ခဲ့ပါသေးတယ်။ ဒီနေ.တွေ.တဲ့ အသက် ၁၀၃နှစ် အမျိုးသမီးကြီးကတော့ ဒီယူနီဖောင်းဝတ် ဆရာဝန်လေးတွေကို ကြည့်ပြီး ကျမကို တိုးတိုးခေါ်ပြောတယ်။ သူမက စပိုင် (Under Cover) လုပ်နေတာပါတဲ့။ တခါတလေ သူမရဲ. အဖွဲ.အစည်းနဲ. သွားတွေ.ရတယ်တဲ့။ အခု ဆေးရုံရောက်နေတာ သူမရဲ. လျှို.ဝှက် အဖွဲ.အစည်းကို ဘယ်လို အကြောင်းကြားရမလဲ မသိဘူးဆိုဘဲ။ 

29 April 2012

Fuel for Exercising

ဒီနေ. Exercise Physiology တွေပြန်ဖတ်ဖြစ်တာနဲ. ဒီမှာ နဲနဲ မြန်မာလို ပြန်ဝေမျှ လိုက်ပါတယ်။ ဒီ လူ.ခန္တာကိုယ်ရဲ. သုံးတဲ့ အင်နာဂျီတွေရဲ. အကြောင်းဟာ အသေးစိတ်ပြောရင် အလွန် ရှုပ်ထွေးတာမို.၊ ကျမလဲ လိုရင် ဖတ်လိုက် ပြီးရင် ပြန်မေ့သွားလိုက်နဲ. ဆိုတော့၊ ဒီမှာ လိုရင်း အကြမ်မျဉ်း နဲနဲ ပဲ ရေးပါမယ်။ တော်ကြာ ခေါင်းရှုပ်ကုန်မှာ စိုးလို.ပါ။ ကျောင်းမှာတုန်း ကတော့ ရှေ.က ဆရာမ ရှင်းပြတာကို ခေါင်းတွေကုတ်ပြီး မျက်စိကလေး ကလယ် ကလယ်နဲ. နားထောင်ခဲ့ ဖူးပါတယ်။ 

ခန္တာကိုယ်မှာ အားလုံးသိတဲ့ အတိုင်း ကစီဓါတ်(carbohydrate)၊ အဆီဓါတ်(Fat) နဲ. အသားဓါတ်(Protein) တို.ကနေ ATP လို.ခေါ်တဲ့ အင်နာဂျီကို ထုတ်ပါတယ်။ လူတယောက်ရဲ. နေ.စဉ် လိုအပ်တဲ့ အင်နာဂျီဟာ ဘယ်လောက် လှုပ်ရှားသွားလာမှုများတယ် ဆိုတာ မူတည်ပြီး ၁၈၀၀ ကယ်လိုရီ ကနေ ၃၅၀၀ ကယ်လိုရီလောက်အထိ ပျမ်းမျှ ပြောင်းလဲမှု ရှိပါတယ်။ အခြေခံကတော့ ရှင်းရှင်းလေးပါ။ ဝင်သွားတဲ့ ကယ်လိုရီ ပမာနနဲ. ပြန်သုံးလိုက်တဲ့ ကယ်လိုရီပေါ် မူတည်ပြီး ဝင်တာများရင် ကိုယ်အလေးချိန် တက်မယ်။ ထွက်တာများရင် အလေးချိန်ကျမယ်ပေါ့။ သကြားတဇွန်းဟာ ၂၀ ကယ်လိုရီ၊ နှမ်းဆီတဇွန်း ၄၅ကယ်လိုရီ ထုတ်နိုင်ပါတယ်။

28 April 2012

ကျမရဲ. ဒုက္ခများ

Covent Garden
ဘုရားဟော တရားတော်မှာ လောဘ၊ ဒေါသ၊ မောဟ တွေကင်းအောင် နေရမယ် ဆိုထားပါတယ်။ ကျမရဲ. ပြင်မရတဲ့ ဒုက္ခကတော့ အလွန်အင်မတန် သနားတတ်ပြီး ငိုပြဲတာပါပဲ။ ဘယ်လောက် ငိုတတ်သလဲ ဆိုရင် ရုပ်ရှင်ကြည့်လဲ ငို၊ လမ်းပေါ်မှာ သနားစရာ တွေ.ရင်လဲ ငို၊ အာဇာနည်နေ. ဥသြဆွဲသံကြားလဲ ငို (ငယ်ငယ်က)၊ တခါတလေ ရုပ်ရှင်ထဲက ဝမ်းနည်းစရာများဆို အိပ်မက်ထဲအထိ ယူပြီး ဇတ်လမ်း ဆက်ပြီး ငိုပါသေးတယ်။ အခုတော့ ကိုယ့်အကြောင်း ကိုယ်သိ၊ ဝမ်းနည်းစရာ ကားဆို ဘယ်တော့မှ မကြည့်တော့ပါ။ အခု Titanic ရုံပြန်တင်နေတာ ပြန်တော့ ကြည့်ချင်သား၊ ဒါပေမယ့် သဘောင်္မှောက်တော့  တွေ.ရတဲ့ ဝမ်းနည်းခန်းတွေကြောင့် သွားပြန်မကြည့်ဖြစ်ပါ။ 


မေမေက ရှမ်းပြည်ဇာတိဆိုတော့ ငယ်ငယ်က မေမေ့ကို ရှမ်းနာမည်တခုလောက် ရွေးပေးဆိုတော့ မေမေက “မငှဲပြို” တဲ့၊ ပထမတော့ ဘာမှနားမလည် မသိတော့ တော်တော် လှတဲ့ နာမည် လို.တောင် ထင်လိုက်သေးတယ် (အဟဲ)။ နောက်မှ ပြန်သိရတာ မငှဲပြို - မငိုပြဲ တဲ့။ ကဲ ကောင်းရော။

One special person

ဒီနေ.ဟာ ကျမဘဝရဲ. အရေးပါသူ တယောက်ရဲ. မွေးနေ.ပါ။ ဒီနိုင်ငံမှာ သူတို. ပြောတဲ့ “Your other half” လို. ဆိုတဲ့ ကျမရဲ. ခင်ပွန်း၊ အိမ်မှာ ကျမ ကျားကျားလို. ခေါ်တဲ့ တယောက်သောသူရဲ. မွေးနေ.ပေါ့။ ကျမမွေးနေ.တိုင်းကိုတော့ သူက ထူးထူးခြားခြား လက်ဆောင်တွေ (Gucci, LV အိတ်တွေက အစပေါ့ ဟီးဟီး) ဝယ်ပေးထားပေမယ့် သူ.အတွက်တော့ ကတ် တခုကလွဲလို. ဘာမှဝယ်မထား ဖြစ်ပါဘူး။ ဝယ်ပေးရအောင်လဲ သူက အလွန် ချေးကျွတ်များတာကိုး။

သူနဲ. ကျမ စတင် ခင်မင် ရင်းနှီးခဲ့တာလဲ အခု ၁၀နှစ် ပြည့်ပါပြီ၊ လက်ထပ်တာလဲ ဒီ ဇူလိုင်ဆို ၇နှစ်တောင် ရှိပါပြီ။ ပြောရင်တော့ ဒီ ၁၀နှစ်ဆိုတာ ဘာမှ မဟုတ်သလိုပါဘဲ။ ရန်ဖြစ်လိုက်ကြ ပြန်တဲ့ လိုက်ကြ၊ အဆင်မပြေတာတွေ တယောက်ကို တယောက် အားပေးပြီး ကျော်ဖြတ်ခဲ့ကြ နဲ.ပါ။ အဆင် မပြေ ရုန်းကန်ခဲ့ရတာတွေကလဲ နဲတော့ မနဲခဲ့ပါဘူး။ လက်ထပ်ပြီး သူ.အလုပ်နဲ. ကျမ အလုပ် နေရာ မတူလို. ခွဲနေခဲ့ရတာ၊ နေ.တိုင်းဖုန်းဆက်ပြီး အလွမ်းသယ်ခဲ့ရတာလဲ တော်တော် ကြာပါတယ်။ ဒီနိုင်ငံရဲ. ဆရာဝန် အလုပ်က တနှစ်တခါ ဆေးရုံ ပြောင်းရပါတယ်။ အခုတော့ စီနီယာပိုင်းကို ရောက်လာပြီဆိုတော့ အရင်လောက် မခက်တော့ပါဘူး။ သူ ရော ကျမပါ ဆေးရုံချင်း မတူကြပေမယ့် အိမ်နဲ. နီးတဲ့ဆေးရုံတွေမှာပါ။ 

27 April 2012

ကျမနဲ. ပေါက်ကရများ

ပြန်ပြောပြရရင် ကျမဟာ မကြာခဏ မရည်ရွယ်ပဲ ပေါက်ကရ ဖြစ်တတ်ပါတယ်။ တခါက ကျမ အလွန် စည်းကမ်းကြီး တည်တံ့လို. လူတို်င်းကြောက်ရတဲ့ Consultant ဆရာကြီးအောက်မှာ လုပ်ရပါတယ်။ တနေ.တော့ သူနဲ. ward round လုပ် လူနာတွေ လိုက်ကြည့်ရပါတယ်။ တခြားဆရာဝန်တွေက မလာတော့၊ ဆရာကြီးနဲ. ကျမနဲ.ရယ်ပါ။ ကျမက ရှေ.မှလျှောက်၊ ဆရာကြီးနဲ. သူနာပြုက နောက်ကလျှောက်ပေါ့။ ဒီလိုနဲ. လူနာတွေထားတဲ့ အခန်းထဲ ဝင်သွားတော့ အလွန် တက်ကြွ စိတ်လှုပ်ရှားနေတဲ့ ကျမဟာ အောက်မှာ ရေဆိုနေတဲ့ ကျမ်းပြင်ကို မမြင်၊ သတိမထားမိပဲ ဝှီးခနဲ လျှောပြီး လူနာတွေရဲ. ခုတင် အလယ် တဲ့တဲ့မှာ ဖင်နဲ.ဘုန်းခနဲ လဲပါရော။ အဲဒီမှာ အသက် ၈၀ကျော်လူနာ ၃ယောက်နဲ. ဆရာကြီးက ပြေးလာပြီး ကျမကို လာထူရပါတယ်။ ဖင်ညောင်ရိုးမှာလဲ တော်တော်လေး အီသွားရပါတယ်။ ကျမရဲ. တခြား သူငယ်ချင်း ဆရာဝန်များကတော့ ပြောမဆုံး ရယ်မဆုံးတော့ပါ။