Menu bar

9 May 2012

Herman German Friendship cake

ဒီနေ. အလုပ်မှာ ကျမရဲ. ဘော့စ်က “ခိုင်ရေ နင့်အတွက် ငါလက်ဆောင် ယူလာတယ်” ဆိုပြီး ပလတ်စတစ်ဘူးလေးနဲ. အမြှုပ်တွေထနေတဲ့ အရေပြစ်ပြစ်တွေ ယူလာပေးပါတယ်။ စာရွက်လေး တရွက်လဲ ပါပါသေးတယ်။ ရေးထားတာက “ငါ့ နာမည် ဟာမန် လို.ခေါ်ပါတယ်။ ငါဟာ မိတ်ဖြစ်ဆွေဖြစ် ဖုတ်ရတဲ့ ကိတ်ပါ။ ငါ့ကို ရေခဲသေတ္တာထဲ မထဲ့သိမ်းပါနဲ.။ ဒါဆို ငါသေသွားလိမ့်မယ်။ ” အစချည်ပြီး ..... ၁၀ရက်တိတိ ပဝါလေးနဲ. အုပ်သိမ်းထားခို်င်းပြီး ၁၀ရက်ပြည့်တဲ့နေ.မှာ ထဲ့ခိုင်းတဲ့ တစာပလာတွေ ထပ်ပေါင်းထည့်၊ လေးပုံခွဲ၊ တစ်ပုံကို အိမ်မှာ ကိတ်မုန်.ဖုတ်၊ ကျန်တဲ့ ၃ပုံ ကို ကိုယ့်ရဲ. သူငယ်ချင်းတွေ ထပ်ဝေပေးရပါမယ်။ 

ကျမရဲ. ဘော့စ်က ဒီနိုင်ငံမှာ တော်တော် တော်ပြီး ထက်လို. နာမည်လဲ ကြီးပါတယ်။ နာမည်ကြီးတယ်ဆို ကောင်းတာရော မကောင်းတာရောပါ။ သူကိုယ်တိုင်က အလွန်စိတ်မြန်၊ ထက်တဲ့သူဆိုတော့၊ နဲနဲ အမှားလုပ်တာနဲ. လူရှေ.သူရှေ. မရှောင် အော်တတ် ဆဲတတ်ပါတယ်။ သူတို.ကိုယ် သူတို. နိုင်ငံကြီးသားပါလို. သတ်မှတ်ထားတဲ့ ဒီအင်္ဂလိပ် လူမျိုးတွေက တော့ အဲဒီလို အော်တာ ပြောတာတွေနဲ. သိပ်မရင်းနှီးတော့ သူ.ကို အတော် ကြောက်ကြပါတယ်။ ကျမကတော့ .. အဟဲ ... မြန်မာပြည်က လာတာဘဲဟာ။ ဒီလိုအော်ခံရတာများ .. အဆန်းလားပေါ့။ မြန်မာပြည် ဆေးကျောင်းတုန်းကဆို “ဟဲ့ ကောင်မတွေ။ ပဲပြုတ်သည်မတွေ” နဲ. ဆရာ ဆရာမတွေရဲ. စေတနာ ဒေါသနဲ. အဆူခံ အဆဲခံရတာများ ရစရာကို မရှိ။ 

ဒီမှာတော့ ခုထိ တခါမှ သူနဲ. အအော်ခံ အပြောခံ မထိသေးပါ။ အခုထိတော့ အဆင်ပြေလို.။ အခု ကျမအတွက် ကိတ်မုန်.ဖုတ်ဖို.ပါ ယူလာပေးတဲ့ အထိ။ သူက ဆေးရုံကို စက်ဘီးနဲ. လာသူဆိုတော့ ဒီဘူးကို တော်တော် ခက်ခက်ခဲခဲနဲ. စက်ဘီးပေါ်ကနေ သယ်လာပေးရတာပါ။ အညွှန်းမှာလဲ အဖုန်းကို လုံးဝ မပိတ်ရလို. သေသေချာချာ ရေးထားတာဆိုတော့။ တခုဘဲ ခက်တာက ကျမ တခါမှ ကိတ်မုန်. မဖုတ်ဖူး။ ကျမဘော့စ်က သောင်္ကြာနေ.က မေးတာ အခုမှ ပြန်သတိရမိပါတယ်။ “နင် ချက်တာပြုတ်တာ လုပ်လား”တဲ့။ ကျမလဲ “ချက်ပါတယ်” ပေါ့။ အခုမှသိတော့တယ် ဒီမုန်.နှစ်တွေပေးဖို. မေးတာကိုး။ အဲဒီတုန်းက ကျမက သေသေချာချာ ပြန်ဖြေခဲ့ရမှာ “ငါ ငါးပိရည်ဘဲ ဖျော်တတ်တာ။ ကိတ်မုန်.တော့ ဖုတ်တတ်ဘူး” လို.။

အရင် ဒီရောက်ခါစ တုန်းကတော့ ကွတ်ကီးလေးတွေ သူငယ်ချင်းနဲ. စမ်းဖုတ်ဖူးပါတယ်။ အရင်က ကွတ်ကီးတို. ဘီစကစ်တို. ဆိုတာ စက်ရုံက ထွက်မှရတာလို. ထင်ခဲ့တာ။ ကိုယ့်ဘာသာကို ဖုတ်လို.ရမှန်း မသိခဲ့။ ကိုယ်လုပ်တဲ့ ပုံပျက် ပန်းပျက် ကွတ်ကီးလေးတွေ အာဗန် (Oven) ထဲက ထွက်လာတော့မှ အလွန်ပျော်မြူး ဝမ်းမြောက် ခဲ့ရတာ မှတ်မိ နေပါသေးတယ်။

ဒီကိတ်မုန်.က သူနဲ. ပါလာတဲ့ အညွှန်းကလဲ “ဟိုလို မလုပ်ပါနဲ.၊ ဒီလိုမလုပ်ပါနဲ.၊ ဒါဆို ကျွန်တော် သေရပါလိမ့်မယ်” နဲ.။ တော်ကြာ ကျမကြောင့် သူသေသွားရင်လဲ ဒုက္ခ။ အင်တာနက်မှာ ရှာဖတ်ကြည့်တော့လဲ ဒီဟာမန်းကိတ်မုန်.က အခုတလော တော်တော်လေး နာမည်ကြီးလာပြီး အချင်းချင်း ဝေကြမျှကြနဲ. အင်္ဂလန်မှာ တော်တော်လေး ပြန်.နှံ.လာတာ တွေ.ရပါတယ်။ စခဲ့တာကတော့ ဂျာမန်ကလား၊ ဂျာမန်စကားပြော ဆွစ်ဇာလန်ကလား ဆိုတာ အသေအချာ မသိကြပါဘူး။ တချို.ကလဲ အညွှန်းကို နဲနဲ ပြောင်း စုံစီနစာ အသီးအနှံတွေပါ ထပ်ထဲ့ပြီး ဖုတ်ကြ။ စမ်းသပ်ကြတာတွေ ရှိပါတယ်။ ဘီဘီစီမှာတောင် ဒါကို သတင်းအနေနဲ. ပါသွားပါသေးတယ်။ မအောင်မြင်ဘဲ မုန်.ပုတ်သွား သိုးသွားရင် အချင်းချင်း “Herman Killer” လို. ခေါ်ကြဆိုဘဲ။ အင်း ကျမလဲ ဟာမန်သတ်သမားကြီး မဖြစ်ရလေအောင် ဂရုစိုက်ပြီး ကျမ ဘဝရဲ. ပထမဆုံး ကိတ်မုန်.ကို ဖုတ်ဖို. ကျိုးစားလိုက်ပါဦးမယ်။