Menu bar

29 June 2012

Medical disaster!

ကျမ အင်္ဂလန်ရောက်ပြီး ၂ နှစ်မြောက်မှာပေါ့ တနေ. ကျမ အလုပ်ထဲမှာ အသက် ၉၈နှစ်အရွယ် ဗိုက်အောင့်ပြီး အော့အန်ပြီး ရောက်လာတဲ့ ဘကြီးလူနာ တယောက်နဲ. ကြုံရပါတယ်။ အဲဒီတုန်းကတော့ ကျမက ဟိုက်ပါ တက်ကြွ၊ အလွန် အလုပ်လုပ်တဲ့ ဆေးဝါးဆောင်က  FY2 (မြန်မာလို Junior AS) ဆရာဝန်လေးပေါ့။ လူနာကို ဓါတ်မှန်ရိုက်ပြီး ကြည့်လိုက်တော့ သူ.အစာအိမ် ဒါမှမဟုတ် အူလမ်းကြောင်းကြီးက လေတွေနဲ. တအားတင်းနေသလို၊ လုံးဝ ပုံမှန် အနေအထား မဟုတ်။ ဒါနဲ. ကျမလဲ သေချာအောင် ဓါတ်မှန်ဆရာဝန်တယောက်နဲ. ချက်ချင်း အရေးပေါ် သွားဆွေးနွေးရပါတယ်။ ဓါတ်မှန် ဆရာဝန်က ပြောတာက အစာအိမ်က သူ.နေရာသူနေတာ မဟုတ်ဘဲ ဟိုဘက်ဒီဘက် လိမ်သွားတာမျိုး (Gastric Volvulous) နဲ.တူတယ်တဲ့။ ဒါနဲ ကျမလဲ အမြန်ပြန်ပြေးလာ၊ တခြား တိုင်ပင်စရာ ကိုယ့်ထက် စီနီယာကျတဲ့ ဆရာဝန်တွေကလဲ အဲဒီနေ.မှာမှ မရှိကြ။ ဒါနဲ. Consultant အခန်း ပြေးပြီး ပြောပြတော့ ဆရာကြီးကလဲ နဲနဲ စိတ်ပူသွားပြီး “ဒါဆိုလဲ ဂျူတီကျတဲ့ ခွဲစိတ်ဆရာဝန်ကိုခေါ်” တဲ့။ 

ဒီမှာ နဲနဲ ထပ်ပြောရရင် လူအစာအိမ်နဲ. အူလမ်းကြောင်းဆိုတာ ပြွန်ကြီး တချောင်းလိုပါဘဲ။ ဒီအစာ ပြွန်ချောင်းကြီးက လိမ်ခေါက်သွားမယ်ဆိုရင် အစာတွေလဲ ဖြတ်လိုမရတော့၊ လေတွေလဲ ဖြတ်လို.မရ တင်းဖောင်းပြီး သွေးလဲ အလုံအလောက်မရ၊ နောက်ဆုံး အူပေါက်တာမျိုး အရေးပေါ် ကိစ္စတွေ ဖြစ်တတ်ပါတယ်။

ကျမလဲ ထိတ်ထိတ်ပြာပြာ ခွဲစိတ်ဆရာဝန်ကို ပေဂျာ (bleep) နဲ.ခေါ်တော့ အားလုံး ခွဲခန်းထဲရောက်နေတယ် ဆိုပြီး လာမကိုင်ကြ။ ဒါနဲ. ကျမလဲ လူကိုယ်တိုင် ခွဲစိတ်ဆောင်ကို အပြေးအလွှားသွားတော့ on call ကျတဲ့ ခွဲစိတ် ဆရာဝန်ကြီး Consultant နဲ. တွေ.ပါတယ်။ ဒီဆရာကြီး အကြောင်းပြောရမယ် ဆိုရင် ဆရာကြီးက အလွန် အပေါက်ဆိုးကြောင်း နာမည်ကြီးပါတယ်။ လူနာတွေရော လုပ်ဖော်ကိုင်ဖက် ဆရာဝန် သူနာပြုတွေပါ မကျန် မထင်ရင် မထင်သလို အော်တတ် ပြောတတ်ပါတယ်။ ဂျူနီယာ ဆရာဝန် ပေါက်စတွေကတော့ သူနဲ. အမှား မလုပ်မိစေနဲ. နို.မဟုတ်လို.ကတော့ .. ဟင်း ..။ ဆေးဝါးက ဆရာဝန်တွေနဲ.လဲ သူနဲ မတဲ့ နာမည်ကြီးပါတယ်။ လူနာကြည့်ပေးဖို. refer လုပ်လိုက်တိုင်း အမြဲ ပြဿနာ ဖြစ်နေကြ။ ဖြစ်ချင်တော့ ကျမက ဒီဆရာကြီး ရဲ့အောက်မှာ လုပ်တဲ့ အချိန်တုန်းက ဘာကြောင့်ရယ်မသိ ကျမနဲ. အတော် အဆင်ပြေခဲ့ပါတယ်။ 


အဲဒီတော့ ဆရာကြီးကိုဘဲ မျက်နှာချို အသားကုန်သွေးပြီးတော့ နဲနဲ ဖားဖားမြောက်မြောက်းလေးနဲ. “ဆရာကြီးရယ် တော်ပါသေးရဲ့ ဆရာကြီးနဲ.တွေ.ရတာ။ ဆေးဝါးဆောင်မှာ လူနာ တယောက်တက်လာပြီး တော်တော် sick ဖြစ်နေလို.။ ကျမတို.ရော Medicine က ဆရာကြီးတွေရော ဘယ်လိုလုပ်ရမှန်းကို မသိတော့ဘူး။ ကယ်ပါဦး”  ဆိုတော့ ဆရာကြီးက အပြုံးကြီးနဲ. “ဘာဖြစ်တာလဲ။ ဘာရောဂါလဲ”။ ကျမကလဲ ဓါတ်မှန်ကိုပြ (ဓါတ်မှန်တွေက ဆေးရုံရဲ့ ဘယ်ကွန်ပြူတာ ကနေ မဆို ကြည့်လို.ရပါတယ်)။ လူနာရဲ့ ရောဂါ လက္ခဏာတွေ ရှင်းပြပြီးတော့ ဆရာကြီးက “OK, လူနာကို ဘာမှ မစားစေနဲ.၊ IV Fluid drip ပေးထား၊ နှာခေါင်းပိုက်ထဲ့ထားလိုက်။ ငါနာရီဝက်ဆို လာခဲ့မယ်” တဲ့။

ကျမလဲ ဟင်းခနဲ သက်ပြင်းချ။ စိတ်ထဲမှာတော့ တော်ပါသေးရဲ့ ဒင်း မအော်ထုတ်တာပေါ့။ ဒါနဲ. ဆေးဝါးဆောင်ဘက်ကို ပြန်ပြေးလာ။ သူနာပြုတွေကို ပြန်ပြော “ဒီလူနာကို ခွဲစိတ်ဆရာဝန်တွေ နာရီဝက်ဆို လာကြည့်လိုက်မယ်။ တခါထဲ ခွဲခန်းသွားရင် သွားရလိမ့်မယ်။ ခွဲစိတ်ဆရာဝန်က သူမလာခင် နှာခေါင်းပိုက် ထဲ့ထားဖို.ပြောတယ်။ အဲဒါထဲ့ပေးထားပေးပါ” ပေါ့။ ဒီနိုင်ငံရဲ့ သူနာပြုတချို.ဟာ အလွန်. အလွန် စိတ်လှုပ်ရှား ပြာယာခပ်တတ်ကြပါတယ်။ ကျမစကားလဲ ကြားရော အားလုံး ထိပ်ထိပ်ပြာပြာ ပြာယာခပ် ဖြစ်ပြီး “ခိုင် ဒီလူနာက ဒီလောက် sick ဖြစ်နေရင်၊ နှာခေါင်းပိုက်ကို ငါတို. သူနာပြုတွေ ထဲ့လို. မဖြစ်တော့ဘူး။ နင်ထဲ့မှဖြစ်မယ်။ နင်က ဆရာဝန်ဆိုတော့ ပိုကျွမ်းကျင် ပိုနားလည်တာပေါ့” တဲ့ ... အမ်မ် ?! .... 

နှာခေါင်းပိုက်ဆိုတာ မြန်မာပြည်မှာတုန်းကတော့ ကိုယ့်ဘာသာကိုယ်ထဲ့ရတာပေါ့။ ဒါပေမယ့် ကျမ မြန်မာပြည်မှာတုန်းက တခြားဆရာကြီးတွေ နှာခေါင်းပိုက်ထဲ့တာတွေ.တိုင်း လူနာ အလွန် မသက်မသာ ခံစားရတာကို ကြည့်ပြီး မလုပ်ချင်ခဲ့။ အဲဒီတုန်းက အတူ ဂျူတီဆင်းတဲ့ အတန်းဖော် သူငယ်ချင်းက သဘောကောင်းတော့ နှာခေါင်းပိုက်မှန်သမျှ သူထဲ့ပေးမယ်လို.လဲ တာဝန်ယူလိုက်ရော ကျမတို.မှာ ဝမ်းသာလုံးဆို.ပြီး၊ မြန်မာပြည်မှာ ဟောက်စ်သာ ပြီးသွားတယ်၊ နှာခေါင်းပိုက် တချောင်းမှ မထဲ့ခဲ့ရပါ။ အင်္ဂလန် ရောက်တော့လဲ သူနာပြုတွေက သူတို.ဘာသာ သူတို.လုပ်တော့ ကျမအနေနဲ. ပူစရာ မလို အချောင်ခိုလို. ရခဲ့ပါတယ်။ 

အခု လူနာနဲ. ပက်သက်ပြီး ကျမက သူနာပြုတွေကို သူတိုက လုပ်နေကြမို. ပိုကျွမ်းကျင်ကြောင်း ပြောပြလဲ နားမဝင်တော့။ သူတို. စိတ်ထဲမှာ ဒီလူနာ အခုဘဲ သေတော့မလို .. ပြာယာခပ် မထိနိုင် မကိုင်နိုင်။ ဒါနဲ. ကျမလဲ အပေါင်းအဖော် သူငယ်ချင်းတွေကို အကူအညီတောင်းတော့ အားလုံးက တကယ် အလုပ် ရှုပ်နေကြပါတယ်။ ၁၅ မိနစ်လောက် စောင့်၊ ပြီးရင် သူတို.လုပ်ပေးမယ်တဲ့။ ခက်တာက ခွဲစိတ် ဆရာကြီး လာကြည့်တဲ့ အချိန် ဒီနှာခေါင်းပိုက် မထဲ့ထားရသေးရင် ဆရာကြီးတော့ စိတ်ကွက်ပေရော့မယ်။ အဲဒီတော့ ကျမလဲ ကဲ မထူး ကိုယ့်ဘာသာကိုယ့် မာန်ကိုတင်းလို. ကြိုးစားကြည့်မယ်ပေါ့။ 


လိုအပ်တဲ့ ပစ္စည်း ပစ္စယတွေ ယူပြီး လူနာဆီ လျှောက်လာတော့ ward Sister (အကြီးဆုံး သူနာပြု) ကြီးက ကျောင်းသူ သူနာပြုလေးတွေကို “ဟေ့ ဒီမှာ ခိုင် နှာခေါင်းပိုက် ထဲ့တော့မယ်။ သေသေချာချာ သွားကြည့်ပြီး သူ.ဆီက နည်းနာ နိဿယ သင်ယူချည်” တဲ့ ..... အမ်မ် ?!
ကျမလဲ ဘာပြန်ပြောရမယ် မသိ။ တခါမှ မလုပ်ဘူး။ ဒါပထမဆုံးလို.တော့ ဝန်ခံလို. မဖြစ်တော့၊ ပို ရှုပ်ကုန်တော့မယ်။


ဒါနဲ ခပ်တည်တည် လူနာဆီသွား။ ဒူးကတုန်တုန် ရင်ကခုန်ခုန်။ လူနာက အသက် ၉၈နှစ် ရှိပြီဖြစ်တဲ့ ဘကြီး ဝဝကြီး။ ဗိုက်ကလဲ လေတွေနဲ.တင်းနေတော့ ပိုတောင် ဖောင်းနေသေး။ ကျမလဲ မာန်ပါပါ “ဒီမယ် ဘကြီး။ ဓါတ်မှန်မှာ ဘကြီးရဲ့ အစာအိမ်က ခေါက်နေပြီး လေတွေပိတ်နေပုံရတယ်။ ဒီတော့ ဒီ ပိုက်ကို ဘကြီး နှာခေါင်းကနေ အစာအိမ် အထိ ရောက်အောင်ထဲ့ပြီး ပိတ်နေတာ လျှော့အောင်လုပ် ရမယ် ....... ” အစရှိသ၍ ဘယ်ကစ ဘယ်လိုထဲ့မယ် ဆိုတာတွေကို ဒူးကလေး တဂတ်ဂတ်တုန်ပြီး ပြောပြရပါတယ်။ နားအလွန်လေးတဲ့ ဘကြီးကတော့ သိပ် ဂရုမစိုက်တဲ့ ပုံနဲ. ပြီးပြီးရော “အင်း အိုကေ အင်း” ပြန်ပြောပါတယ်။ ကျမ ပြောနေတာတွေ သေချာ ကြားသလား မကြားသလားတော့ ကျမမသိ။ သူနာပြု ကျောင်းသူလေး ၄ ယောက်ကလဲ ကျမလုပ်သမျှကို မျက်လုံး အပြူးသားနဲ. စောင့်ကြည့်လို.ပေါ့။


ကဲ ထဲ့ပါပြီ။ ခုနက အင်း အိုကေ ရွတ်နေတဲ့ဘကြီး နှာခေါင်းပိုက် နှာခေါင်းကို ထိလိုက်ပြီ ဆိုတာနဲ. တပြိုင်နက် “ဟဲ့ ဘာကြီးတုန်း။ နင့် ငါ့ကို ဘာလုပ်တာတုန်း။ တော်စမ်း ရပ်စမ်း” အစရှိသဖြင့်အော်ပြီး လက်သီး လက်မောင်းတွေ ဝင်လာပါရော။ ကျမလဲ ထိပ်ထိပ်ပြာပြာ “ဘကြီး ကျမ ရှင်းပြ ပြောပြထာပြီး သားလေ။ ရော့ မြိုချလိုက် မြိုချ” .. သူနာပြုလေးတွေလဲ အို အဲ နဲ.။ ပြောမဆုံးသေး ခုန ကျမ အကူအညီ တောင်းထားတဲ့ သူငယ်ချင်းတွေကလဲ သူတို. အလုပ်ပြီးသွားပြီ ဆိုပြီး “ခိုင် ငါတို. ဘာလုပ်ပေးရ မတုန်းဆိုပြီး ” ကူညီပေးဖို. ဝင်အလာ .. နပန်းသတ်နေတဲ့ ကျမတို.ကို ကြည့်ပြီး မျက်လုံးပြူးမယ်ကြံသေး ...
ခွဲစိတ် ဆရာကြီးလဲ တပြိုင်ထဲလိုလို ရောက်လာ ... ကျမလဲ ဘာဆက်လုပ်ရမှန်မသိ အမ်းတမ်းတမ်းဖြစ်။ ဘကြီးကလဲ မလျှော့သေး “သွားကြစမ်း နင်တို. ငါ့ကို သတ်ဖို. ကြိုးစားနေတာလား” ထ အအော် ... ကျမတို. ဖြစ်ပျက်နေတာ ကြည့်ပြီး ဆရာကြီးက “ဘုရားရေ ခိုင် ဘယ်လို ဖြစ်နေတာတုန်း။ ပိုက်ကော ဘယ်လောက် အထိ ဝင်သွားပြီတုန်း” တဲ့


ပုံမှန် နှာခေါင်းဝ မှ အစာအိမ်အထိ ပိုက် အရှည် လက်တတောင်စာလောက် ထဲ့ရပါတယ်။ မြန်မာ အတွေး မြန်မာ အတိုင်းအတာ ပေါ့လေ။ ရုတ်တရက်မေးလိုက်တဲ့ ဆရာကြီး စကားကြောင့် ကျမ ခေါင်းထဲ ရုတ်တရက် အတွေးနဲ. တွက်တာ ချက်တာတွေ တတွီတွီမြည်သွားပါတယ်။ ကျမထဲ့ထားတာ လည်ချောင်း အစာပြွန်နားထိ ရောက်ပြီဆိုတော့ လက်တထွာလောက် ရှိပြီ။ ဒါကို အင်္ဂလိပ် အတို်င်းအတာနဲ. ဘယ်လိုပြောရမလဲ။ ရုတ်တရက် စဉ်းစားပြီး ခမန်ခတမ်း မဆိုင်းမတွ ကျမ ဖြေလိုက်မိတာက “၁ စင်တီမီတာ လောက်ရှိပြီ” (မှတ်ချက်။ ၁စင်တီမီတာသည် လက်တဆစ်တာတောင် မရှိပါ)။ သူနာပြုကလေးတွေနဲ. ကျမသူငယ်ချင်း ၂ယောက်က ခွိကနဲ ခိုးရယ်လိုက်ကြပေမယ့် ဆရာကြီး မျက်လုံး အသားကုန်ပြူးသွားပြီး  ပြန်အော်လိုက်တာက “ဘုရားရေ ..... ၁စင်တီမီတာဘဲ ဝင်သေးတာလား အမ်မလေး တော်တော် ... ဒါဆိုလဲ ဆွဲထုတ်လိုက်တော့” 


ဒီလိုနဲ. လူနာလဲ ခွဲစိတ်ဆောင်ကို ရောက်သွားပါတယ်။ နှာခေါင်းပိုက်ကို ဟိုမှာ ကျွမ်းကျင်သူတွေနဲ ခက်ခက်ခဲခဲ ထဲ့ပြီး (ဘကြီးကတော့ နင်တို. လူသတ်သမားတွေ ငါ့ဘာလုပ်တာတုန်း ဆိုပြီး အော်တုန်းတဲ့) နောက်ဆုံး ခွဲစရာမလိုဘဲ ပြန်ကောင်းသွားပါတော့တယ်။ 


ဒီအဖြစ်ကလေးဟာ အလွန်ကြာသွားပြီ ဆိုပေမယ့် ကျမမှာ ပြန်းတွေးရင် ကိုယ့်ဘာသာကိုယ် ပြုံးမိတုန်း၊ သူငယ်ချင်းတွေ ပြန်တွေ.ရင် ကျမကို အခုထိ နောက်ကြတုန်းပါဘဲ။