Menu bar

21 June 2012

Dedicated to my Uni Friends

ကျမတို. ၁၀တန်းအောင်ပြီးတော့ တက္ကသိုလ်တွေ ဖွင့်ဖို. ၃နှစ် ၃မိုး စောင့်ခဲ့ရပါတယ်။ ဒီ ၃နှစ် အတွင်း ဂိုက်လိုက်လုပ်လိုက် Pharmacy company တခုနဲ. ဆေးလိုက်ကျော်ငြာတာ လုပ်လိုက်၊ Library တွေသွားပြီး နိုင်ဂံဂြားဘဲ ထွက်ရတော့မလို လုပ်လိုက်နဲ. အချိန်တွေကို ဖြုန်းခဲ့ရပါတယ်။ စိတ်ရှည်ရှည်နဲ. စောင့်လို. နောက်ဆုံး ဆေးကျောင်းတွေ ဖွင့်တော့မယ်ဆိုတော့ ပျော်ခဲ့ရတဲ့ အပျော်ဟာ ခုထိ မမေ့နိုင်ပါ။ 

မျှော်လင့်ချက် အားမာန်တွေ အပြည့်နဲ. ကျောင်းကြီးဆီ ခြေတက် သွားတော့ Fresher Welcome မှာ တွေ.ရတာက ပထမနှစ်ရဲ့ စာသင်ဆောင် တဲပုတ်ကြီးပါ။ အဲဒီတုန်းက Lecture Theatre မလုံလောက်လို. ယာယီ ဆောက်ထားတဲ့ အဲဒီ တဲပုတ်ထဲမှာ ကျမတို.ရဲ့ ဆေးကျောင်း ခရီးကို စတင်ခဲ့ရပါတယ်။ ဒါတင်မကပါဘူး ကျမတို.နှစ်က စလို. အစိုးရ အဆောင်တွေလဲ မပေးတော့ဘူးတဲ့။ ဒါပေမယ့် ကျမတို.တွေ စိတ်ဓါတ်မကျခဲ့ပါ။ စိတ်ပျက်မသွားခဲ့ကြပါ။ သူငယ်ချင်း အသစ်တွေဖွဲ.လို. အားမာန် အပြည့်နဲ. စိတ်ညစ်စရာ တလှဲ. ပျော်စရာ တလှဲ. ကျောင်းခရီးကို စခဲ့ကြပါတယ်။ ကလေးကြီးတွေ ပီပီ (အဟွတ် အဟွတ်)၊ မှားတာလဲရှိ မှန်တာလဲရှိ၊ ရယ်ရတဲ့ နေ. တွေလဲရှိ၊ ငိုရတာ ရန်ဖြစ်ရတာတွေလဲ ရှိပေါ့ ...

အမှတ်ရစရာ အချစ်ဆုံး သူငယ်ချင်း တချို.ရဲ့ စာမေးပွဲတွေနဲ. ကဘောက်တိ ကဘောက်ခြာ အဖြစ်အပျက်လေးတွေ တချို. အမှတ်တရ ပြန်ပြောရရင် ..
စာကျက်စရာတွေ များလွန်းလို. ခေါင်းတွေခြောက်ပြီး ချစ်သူငယ်ချင်းကြီးက သူ.မိခင်ကို “မားမားရေ ဟိုလေ ဟိုမုန်. ဘယ်လိုခေါ်ပါလိမ့် စားရင် ကျွတ်ကျွတ်နဲ.မြည်တယ်လေ။ ချိုလဲ ချိုတယ်” (ဘီစကွတ်ကို မမှတ်မိတော့တာ) ဆိုတော့ သူ.မားမားကြီးက “အံမယ်လေး ဆရာဝန် အမေ မဖြစ်ရင်နေပါစေတော့၊ အရူးမ အမေတော့ မဖြစ်ပါရစေနဲ.” လို. ပြန်ပြောခဲ့တာ ..

ချစ်သူငယ်ချင်းကြီး တယောက် ကျမ အိမ်မှာ စာလာကျက်တော့ ကျမမှာ ပင်ပန်းတယ် ဆိုပြီး စာကြည့်စားပွဲမှာ ပါးစပ် ဟောင်းလောင်း ပွင့်ပြီး အိပ်ပျော်ပျော်သွားတော့ သူငယ်ချင်းက “ခိုင်ကြီး ရေ ထထ။ စိတ်ညစ်တယ်။ မနက်ဖြန် စာမေးပွဲလေ” ဆိုပြီး တညလုံး ကျမကို အတင်း နှိုးပေးတာ .. 

Super Coffeemix ကို (ကြော်ငြာ ဝင်တာမဟုတ်) ကော်ဖီဖျော် ဇွန်းသေးသေးလေးနဲ. တဇွန်း ခပ်သောက်ပြီး “ခိုင်ကြီးရေ ငါ ဥာဏ်တွေ တအားရွှင်ပြီး တအား တက်ကြွသွားပြီ စာဆက်ကျက်ရအောင်” လို. ပြောတဲ့ သူငယ်ချင်း အကြောင်းကိုလဲ ကျမမှာ အခုထိ တွေးမိတိုင်း ပြုံးမိတုန်း ...

သူငယ်ချင်း ယောက်ျားလေး တယောက်ကတော့ အတန်း လစ်ခဲ့သမျှ 3rdMB surgical bedside exam မှာ စမ်းရတော့ “Breast examination” တဲ့။ ရှေ.က လူနာ အမျိုးသမီးရဲ့ နို.ကို ကြည့်ပြီး ဘယ်ကစလို. ဘယ်လိုလုပ်ရမှန်း မသိ၊ ခေါင်းကုပ်လိုက် နို.ကိုင်လိုက် လုပ်နေတဲ့ သူငယ်ချင်းကို စာမေးပွဲ စစ်တဲ့ ဆရာက “မင်း အနှိပ် လေ့ကျင့်နေတာလား” လို ပြောတော့ အပြင်က ချောင်းပြီး အားပေးနေတဲ့ ကျမတို. သူငယ်ချင်းတွေ တဝါးဝါး ပွဲကျခဲ့ရတာ။ (ကျမတို.လို ငတုံးလေးတွေကို စိတ်ရှည် သီးခံပေးခဲ့တဲ့ လူနာတွေရဲ့ ကျေဇူးဟာ ဘယ်တော့မှ မမေ့စရာပါ)

အဲဒီလိုဘဲ Neonate ပေါက်စ ကလေးငယ်လေးကို ကျမဘယ်လို စမ်းရမှန်း မသိလို. ခေါင်းကုတ်လိုက် ကလေး လက်ကလေးကို ကိုင်ကြည့်လိုက် လုပ်နေလို. (ကျမ အနောက်မှာ ကျမ မသိဘဲ အသာရောက်နေတဲ့) ဆရာမ ဒေါ်ဖြူဖြူဦး တွေ.သွားပြီး အော်တာ ခံရဘူးတာ ...

3rd MB Medicine စာမေးပွဲမှာဘဲ ဆရာမကြီး ဒေါ်အေးမြင့်နဲ. Cranial nerves အကြောင်းတွေ မေးတော့ ဘာမှ မဖြေနိုင်ခဲ့တဲ့ သူငယ်ချင်းကို ဆရာမကြီးက “ကဲကွာ ဘာမှလဲ မေးမရ ငါတော်တော် စိတ်ညစ်လာပြီ။ စိတ်လဲ လျှော့လိုက်ပြီ။ သင်မရ ပြုမရ ဟာတွေ။ ကဲ ဒီမေးခွန်း တခု ဖြေနိုင်ရင် သွားတော့ အောင်ပေးလိုက်မယ်။ အခု ပုခုန်း ရှုံ.တာ ဘာ Muscle လဲ” လို. (Trapezius muscle နာမည်ကို) မေးပါတယ်။ အဲဒီတော့ သူငယ်ချင်းက ခဏ စဉ်းစားလိုက်ပြီး ဝမ်းသာအားရ ပြန်ဖြေလိုက်တာက “Gastrocnemius” တဲ့ (Gastrocnemius ဆိုတာ ခြေသလုံးက ကြွက်သားနာမည်ပါ) ...

ဆရာမကြီးနဲ. စာသင်ဘူးသူတိုင်း ဆရာမကြီးက ဘယ်လောက် စာသင်ကောင်းပြီး နာအောင်ပြောတတ်လဲဆိုတာ သိမှာပါ။ သူနာအောင် ပြောသမျှတွေဟာလဲ ကျမတို. အတွက်တော့ ပန်းနဲ ပေါက်သလား ဘယ်တော့မှ နာရကောင်းမှန်း မသိခဲ့ပါ။

3rdMB မှာဘဲ သူငယ်ချင်း တယောက်ကို အရှေ.ထွက်ခိုင်းပြီး လူနာကို “Finger Nose test” လုပ်ခိုင်းပါတယ်။ နာမည်မှာကိုက ဘာလုပ်ရမယ်ဆိုတာ ပါပြီးသားပါ။ စမ်းတာက လူနာရဲ့ ဦးဏှောက်နဲ လက်နဲ. control ကိုကြည့်တာ ဖြစ်ပါတယ်။ လူနာရဲ့လက်နဲ. (Finger) သူ.ရဲ့ နှာခေါင်း (nose) ကို တလှဲ. ဆရာဝန်ရဲ့ လက်ကို တလှဲ အမြန်ထိခိုင်းတာပါ။ ဒါကို မေ့နေတဲ့ သူငယ်ချင်းက ဘာလုပ်ရမှန်းမသိ၊ ရှေ.ထွက်လာ၊ ခဏ စဉ်းစားပြီး လူနာကို “မတ်တပ်ရပ်ပါ” (ကျမတို.အားလုံး စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။ ဘာဆက်လုပ်မလဲပေါ့။) “ပုဆိုး ခါးတောင်း ကျိုက်လိုက်ပါ” လူနာလဲ ခါးတောင်း ကျိုက်လိုက်တယ်။ ဒီမှာတော့ ကျမတို. အားလုံး ပြုံးစိစိပေါ့။ Finger-Nose မှာ ဘယ်တုန်းက ခါးတောင်ကျိုက်က ပါလာသလဲပေါ့။ သူငယ်ချင်းမှာလဲ ဘာဆက်လုပ်ရ မလဲ မသိ ခဏ ဆက်စဉ်းစား။ ဆရာမကလဲ “ဟင်း” ခနဲ သက်ပြင်း အချ။ အဲဒီမှာ သူငယ်ချင်းက လူနာကို ဆက်ပြောလိုက်တာကတော့ “ထိုင် ထ လုပ်ပါ” တဲ့ .... ကျမတိုအားလုံး မအောင့်နိုင်တော့ “ခွီး” ခနဲ ပေါ့ ...

နောက်တယောက်ကလဲ ဒီ Finger-Nose Test မှာဘဲ လူနာကို မျက်စိမှိတ်ခိုင်းပြီး လူနာလက်နဲ. ဆရာဝန်ရဲ့ လက်ကို လိုက်ထိခိုင်းဘူးပါတယ်။ ဆရာဝန် သူငယ်ချင်းက သူလက်ကို ငြိမ်ငြိမ်းမထားဘဲ ဟိုရွှေ. ဒီရွှေ.၊ လူနာကလဲ မျက်စိမှိတ်ထားရတော့ ဆရာ့လက်က ဘယ်နားမှန်းမသိ၊ ပျောက်နေတဲ့ ဆရာ့လက်ကို စမ်းတဝါးဝါး မျက်လုံးလေးပိတ် လက်ချောင်းလေးထောင်ပြီး လိုက်ရှာနေတာ ... အဲဒီမှာ ဆရာမကြီး ဒေါ်အေးမြင့်ပါဘဲ၊ နောက်ဆုံး မနေနိုင်တဲ့ အဆုံး “မင်းဘဲ မျက်စိမှိတ်ထားပြီး ငါ့လက်ချောင်း ဘယ်နားမှာလဲ တွေးကြည့်ပါဦး။ အကြားအမြင် ရနေလို.လား” တဲ့ ...

နောက်သူငယ်ချင်း တယောက်ကတော့ Ascites ကို Shifting dullness စမ်းတော့ လက်ချောင်းကလေးနဲ လူနာ ဗိုက်ကို အသာလေး တောက်ရမဲ့ အစား လက်သီးနဲ. လူနာ ဗိုက်ကို ထိုးလိုက်လို. ဆရာ ဦးတင့်ဆွေလတ်ကြီး ဆူတာ ..

3rdMB ဆိုတာ Pharmaco(ဆေးဝါး) တွေ Micro (အဏုဇီဝ) တွေ အဓိက ကျက်ရပြီး နောက်ဆုံးနှစ် အတွက် clinical တွေလဲ စဖတ်ရတဲ့ အချိန်ပါ။ ကျမတို.အားလုံး မအောင်မဖြစ် ဘာသာရပ်တွေကို ဘဲ ဖိကျက်ရတာဆိုတော့ clinical တွေ သိပ်မရသေးတာ အဆန်း မဟုတ်ပါ။ ကျမလဲ 3rdMB surgery စာမေးပွဲမှာ မေးသမျှ ဘာမှ မဖြေနိုင်ခဲ့။ ဒါပေမယ့် လူနာကို အသားကုန် သွားဖြဲပြီး ဖားထားတာ ဆိုတော့၊ နောက်ဆုံးမှာ စာမေးပွဲ စစ်တဲ့ ဆရာကြီးက လူနာဘက်ကို လှဲပြီး ကဲ ဒီဆရာမ အောင်သင့်ရဲ့လား ဆိုတော့၊ အလွန်သဘောကောင်းတဲ့ လူနာက မဆိုင်းမတွ “အောင်သင့်ပါတယ်။ အောင်သင့်ပါတယ်” လိုပြန်ဖြေပေးခဲ့တာ။ အဲဒီတုန်းက အောင်မှတ် ၅၀ မှာ ၅၂ မှတ်နဲ. လားမသိ လူနာ့ကျေးဇူးကြောင့် အောင်ခဲ့တာ မှတ်မိပါသေးတယ်။ 

အဲဒီလိုဘဲ စာမေးပွဲတွေမှာ ဆိုရင် ကိုယ်ရမဲ့ လူနာတွေကို အလွန်ဖားရပါတယ်။ သူတို. ရောဂါ အခြေအနေတွေကို စိတ်ရှည်ရှည်နဲ့ ကိုယ့်ကို ပေးစမ်းအောင်ပေါ့။ (paediatrics) ကလေးတွေ ဆိုရင်လဲ သူတို.အတွက် ကစားစရာ အရုပ်ကလေးတွေ ယူပေးသွားရတာပေါ့။ ဒါပေမယ့် သူငယ်ချင်း တယောက်ကတော့ သူ.လူနာ ကလေးငယ် အတွက် မီးရထား ရုပ်ကလေး ယူပေးသွားပြီး ဘာမှ မစမ်းခင် မမေးခင် အရုပ်ထုတ်ပေးလိုက်မိတာ ကလေးမှာ အပျော်လွန်ပြီး မီးရထားနဲ. ward တခုလုံး လျှောက်ပြေးလွှား ဆော့နေလို. စမ်းမရ မေးမရ ဒုက္ခရောက်ရဖူးပါတယ် ...

အလုပ်သင်ဘဝမှာလဲ ဂျူတီ အတူကျတဲ့ ယောက်ျားလေး သူငယ်ချင်းနဲ. သဘောတူညီမှုယူပြီး Male Catheter (ယောက်ျား ဆီးပိုက်) နဲ. NG tube (နှားခေါင်းထဲ ပိုက်ထဲ့တာ)ဆိုရင် နင်လုပ် ကျန်တာ ငါတို. လုပ်မယ် ဆိုပြီး အချောင်ခိုခဲ့တာ။ အလုပ်သင်ပြီးသွားတဲ့ အထိ NG tube တခုမှ မထဲ့ဘူးခဲ့။ နောက်ဒီအင်္ဂလန်ရောက်မှ ဒီ NG tube နဲ. ပက်သက်ပြီး ဒုက္ခရောက်၊ သူများရယ်စရာ ဖြစ်ခဲ့ရဖူးပါတယ်။ ပြန်တွေးမိတိုင်း သူငယ်ချင်းကို အမြဲတွဲ သတိရမိပါတယ်။ (နောက် ကြုံမှ အဖြစ်ကလေးတွေ ရှယ်ပါဦးမယ်) ...

ဒီစာလေးက သူငယ်ချင်းများကို သတိတရနဲ. အပျော်သဘော ရေးဖြစ်တာသာ ဖြစ်ပါကြောင်း။ ကာရကံရှင်များ ဖတ်မိက ချိတ်အချိုးပါနဲ. (စိတ်မဆိုး) လို. ကြိုတင် တောင်းပန်ပါကြောင်း ..