Menu bar

19 October 2012

နာမည် ပြဿနာ

အနောက် နိုင်ငံတွေမှာ နာမည်တွေက ကိုယ့်နာမည် (First name)၊ မိသားစုနာမည် (Surname)ဆိုပြီး ၂ခုရှိတာကိုး။ ပုံမှန်တော့ ကျမတို. မြန်မာတွေမှာ သိပ်အခက်အခဲ မရှိလှပါ။ ကိုယ့်နာမည်ရဲ့ ရှေ.တလုံးက ကိုယ့်နာမည်ဖြစ်သွားပြီး၊ နောက်ဆုံးက အလိုလို Surname ဖြစ်သွားတာပေါ့။

ဒါပေမယ့် တချို.ကျတော့လဲ နာမည်က ဒီနိုင်ငံမှာ သိပ်အဆင်မပြေလှဘူး။ ဥပမာ ကျမရဲ့ အသိထဲက တယောက်က မောင်ဦး ဆိုပါတော့။ အင်္ဂလိပ်ကြီးတွေက သူ.ကို မောင် .. မောင် .. နဲ.ခေါ်နေတာမျိုးတွေ။ တခြားအသိတယောက်ကတော့ ချစ်ကိုကို ဆိုပါတော့၊ ချစ် .. ချစ် ... နဲ. အခေါ်ခံရပြန်ပါရော။

နောက်တခု ကျမအနေနဲ. ပြဿနာ ခဏခဏ တက်ရတာက လက်ထပ်ပြီး နောက်ဆုံးနာမည်ကို ယောက်ကျားနာမည် မပြောင်းတာပါဘဲ။ ကျမ အမျိုးသားက Dr Oo တဲ့။ ကဲဘယ်ပြောင်းချင်ပါ့မလဲနော်။ ဒီနိုင်ငံမှာ သူနာမည်ကလဲ အနောက်ခံရဆုံး နာမည်တွေအထဲမှာ ပါပါတယ်။ တခါကဆို သူ.ရှေ.မှာတင် တခြားဆရာဝန်တယောက်က ဆေးကျောင်းသားတွေကို ပြောနေတာ “ကဲမင်းတို.ကို စာသင်မှာတော့ ဒေါက်တာဦးတဲ့။ ဟီးဟီးဟီး နာမည်က ဦးတဲ့ အို နှစ်လုံးတွဲတဲ့ ဦးတဲ့ ဆိုပဲ ဟားဟား” ဆိုပြီး ရယ်နေတာကို ကြားမိပါသေးတယ်။ တနေရာရာသွားလို. နာမည်ဘယ်လိုလဲ မေးလို. ပြောပြရရင် ပြုံးပြုံးစိစိ မျက်နှာတွေကိုလဲ မကြာခဏ ကြုံရတတ်ပါတယ်။

တလောကလဲ ရုံးအလုပ် ကိစ္စတခုမှာ ကျမ အမေးခံရတာ

လက်ထပ်ထားလား .. ဟုတ်ကဲ့၊ 
ဒါဆို အရင်လက်မထပ်ခင်က နာမည်က ဘာလဲ .. မရှိပါဘူး။ မွေးကထဲက ဒီနာမည်ပါဘဲ
ဒါဆို မင်္ဂလာမဆောင်ရသေးဘူးပေါ့ .... အမ် .. ယောက်ျားရှိတာ အမှန်ပါ၊ တို.မြန်မာ ထုံးစံက အဲလို နာမည်ပြောင်းစရာမလိုပါဘူး။

မေးတဲသူက ကျမကို နဲနဲ အူကြောင်ကြောင် မျက်နှာနဲ. ကြည့်ပြီး၊ ဒါဆိုရင် ဖြေရှင်းချက် ဒီမှာရေးပါ၊ ဘာကြောင့် လက်ထပ်ပြီး နာမည် အသစ် (married name) မရှိဘူးဆိုတာ
အမ် .... ဟုတ်ကဲ့ ရေးဆိုလဲ ရေးပါ့မယ် .......


အဲ အခုလဲ ကျမမှာ အတော်ခေါင်းရှုပ်စရာ တခုပေါ်ခဲ့ရပါသေးတယ်။ ဒီနိုင်ငံမှာ ချက်လက်မှတ်ရရင် ချက်လက်မှတ်ထဲကလူရဲ့ နာမည်နဲ. ဘဏ်အကောင့်ထဲကိုဘဲ ပိုက်ဆံထဲ့လို.ရပါတယ်။ 

ကျမလဲ လုပ်ခဲ့သမျှ ဆေးရုံတိုင်းမှာ ကျမရဲ့ နာမည် အရင်းနဲ.ပဲ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် တလောလေးက ကျမ ယောက်ျားက ဆေးရုံကို ဖုန်းခေါ်ပြီး လခ payroll စာရွက် ကော်ပီ ထပ်တောင်းပါတယ်။ တောင်းရင်းနဲ. “အဲ ငါ့မိန်းမလဲ ဒီဆေးရုံမှာလုပ်တာပဲ၊ သူ.စာရွက်စာတမ်းပါ ထဲ့ပေးပါ” လို. တောင်းလိုက်မိပါတယ်။ အဲဒီထဲက ဆေးရုံက အလိုအလျှောက်ကျမ နာမည်ကိုပါ Dr OO ဆိုပြီး လုပ်ချလိုက်တော့တာပါဘဲ။ အဲဒီတုန်းကတော့ အထူးအထွေ ထပ်မဖြေရှင်းမိ၊ အခု ကျမဆီကို Mrs K OO ဆိုပြီး ချက်လက်မှတ်တခု ယောက်လာမှပဲ ခေါင်းကိုက်ရပါတော့တယ်။ ဘဏ်ကို အခေါက်ခေါက်သွားပြီး Mrs K OO ဟာ ကျမဖြစ်ပါကြောင်း၊ လက်ထပ်စာချုပ်ပါယူပြီး ဖြေရှင်းချက် တော်တော် ထုတ်လိုက်ရပါတယ်။ 

ကဲ သူ.နိုင်ငံနေတော့လဲ သူ.ထုံးစံကို လက်ခံပေးရတော့မပေါ့။