Menu bar

9 June 2012

ဆရာဝန် တယောက်ရဲ့ ဘဝ

ကျမ Liverpool Heart and Chest hospital or Cardiothoracic centre လို.ခေါ်တဲ့ အင်္ဂလန်ရဲ. တတိယ အကြီးဆုံး နှလုံးနဲ.အဆုတ် အထူးကု ဆေးရုံကြီးမှာ ၂၀၁၀ တုန်းက တာဝန်ကျပါတယ်။ အဲဒီမှာ မြန်မာ ဆရာကြီး တယောက်ကို Clinical Tutor/CardioThoracic Surgeon အနေနဲ. တွေ.ဆုံခွင့်ရရပါတယ်။ ကျမက နှလုံးဆေးပညာဘက်မှာ၊ သူက နှလုံး ခွဲစိတ်တာဆိုတော့ တိုက်ရိုက်တော့ သူနဲ. အလုပ် တွဲမလုပ်ခဲ့ရပါဘူး။ ဒါပေမယ့် မှတ်မှတ်ရရ သူပြောခဲ့တဲ့ စကားတခွန်းကိုတော့ အခုထိ မှတ်မိနေဆဲပါဘဲ။ တနေ. ကျမရဲ့ Study Leave အတွက် သူ.ကို လက်မှတ် သွားထိုးခိုင်းတုန်း သူက “စာတွေလဲရေးနော်၊ Paper တွေ ထွက်အောင်လုပ်၊ တို.မြန်မာဆရာဝန်တွေ အလုပ် သိပ်ကျိုးစားပြီး အဲဒီဘက် အပိုင်းမှာတော့ အလွန် အားနည်းကြတယ်” လို. သူက ဆုံးမလာပါတယ်။

မေမေကလဲ အမြဲ ပြောနေကြလေ၊ နှုတ်တရာ စာတလုံး။ ဒီစာရေးတာနဲ. ကိုယ့်ရဲ့ အတွေ.အကြုံ အတွေးအမြင်တွေကို ဘယ်လို လူအများဆီ ရောက်အောင် လုပ်နိုင်ကြောင်း။ ကိုယ်တယောက်ထဲ တကုတ်ကုတ် လုပ်နေတာနဲ. မပြီး၊ ကိုယ်လုပ်ထားတာ လူသိအောင်လဲ လုပ်ဖို.လိုကြောင်း ဆိုတာတွေကို။ ဒီဘလော့ဂ်ရေးတာကိုတော့ ကျမ စာရေးတယ်လို. မဆိုလိုချင်သေးပါ။ ဒီဘလော့ဂ်က ပထမဦးစကတော့ အလုပ်မှာ ညည်းလို.မရ ပြောလို.မရတဲ့ ရင်ဖွင့်စရာတွေ ပေါက်ကွဲစရာတွေ ဖေါက်ခွဲဖို. ဖွင့်ဖြစ်ခဲ့တာပါ။ အရင်ကတော့ Facebook လိုမျိုးမှာ ညည်းမိပေမယ့်၊ အဲဒီမှာက အလုပ်ကလူတွေလဲ ဖတ်လို.ရတယ်ဆိုတော့၊ ပြောရင် Professional မဆန်မှာ စိုးရတာတွေ။ သူများတွေရဲ့ စိတ်ညစ်စရာ မပြီးနိုင် မစီးနိုင် ညည်းညူ နေကြတာတွေကို ဖတ်ပြီး (ကျမက ကျမသာ လုပ်ချင်တာ၊ သူများလုပ်ရင်တော့ အလွန် အပြစ်တင်ချင်တာကိုး) နောင် စိတ်ညစ်စရာတွေ ကိုယ်အဆင်မပြေတာတွေကို အဲဒီမှာ မရေးတော့ဘူးရယ်လို. ဆုံးဖြတ်လိုက်လို.ပါ။ 

ဒီစာရေးဖြစ်ရတာကလဲ Facebook မှာ (သြော် ပါလာပြန်ပြီ၊ ဒီ facebook ရယ်) လူငယ်ဆရာဝန်များ ကွန်ရက်မှာ ဆရာဝန် တယောက် (လေးစားပါတယ် Dr. Thurein Hlaing Win) ရေးထားတဲ့ မီဒီယာတွေနဲ. ဆရာဝန်တွေရဲ့ တုန်.ပြန်မှု ကင်းမဲ့တာတွေ ဖတ်လိုက်ရလို.ပါ။ (Link here) ကျမလဲ တကယ် ထောက်ခံမိတာပါဘဲ။ ကျမကိုယ်တိုင် မလုပ်နိုင်ခဲ့ပေမယ့်၊ ဒီမြန်မာပြည်မှာ အလုပ်ဝင်ပြီး နိုင်ငံအကျိုး သည်ပိုးနေတဲ့ ဆရာဝန်တွေရဲ့ ဘဝကို တကယ် ချီးကျူး ဂုဏ်ယူသလို၊ နားလဲလည် ကိုယ်ချင်းလဲ စာနိုင်ပါတယ်။ ကျမကိုယ်တိုင်လဲ ငယ်ငယ်က ကျမဖခင်ကြီး တာဝန်ကျခဲ့တဲ့ နယ်တော်တော် များများမှာ နေလာဖူးခဲ့တဲ့သူကိုး။ အဲဒီထဲက ငါကြီးလာရင် ဆရာဝန်မလုပ်ဘူး ကြွေးကျော်ခဲ့ပေမယ့် ၁၀တန်းအောင်တော့ ဆေးကျောင်းကလွဲလို. ဘယ်တက္ကသိုလ်မှ မဖွင့်တာနဲ. ဆေးကျောင်ပဲ ရောက်ခဲ့ရပါတယ်။ တတိယနှစ် ဆေးရုံတွေ စသွားတော့မှ ငါဆရာဝန်ကလွဲလို. ဒီတသက် တခြားဘာမှ မလုပ်နိုင်ဘူးလို. ကိုယ့်ကို သိလာရတာပါ။ မြန်မာနိုင်ငံရဲ. နယ်မှာ တာဝန်ကျပြီး မရှိရှိတာလေးတွေနဲ. ဖြစ်အောင်လုပ်ပြီး လူအသက် မြောက်များစွာ ကယ်တင်နေကြသူတွေ၊ ဆေးရုံမှာ အလုပ်ပြီးတော့၊ ကိုယ့်ရဲ့ ဝမ်းစာအတွက် ညနေခင်းမှာလဲ မနားရ၊ ဆေးခန်း ဆက်ထိုင်ရတာတွေ၊ အားလုံးကို ကိုယ်ချင်းလဲစာ လေးလဲ လေးစားပါတယ်။ ဒီအင်္ဂလန် ဆေးရုံတွေမှာ ဆေးခန်းတခုကို လူနာ ၁၃ ယောက်ကြီးများတောင် ကြည့်ရတယ်ဆိုပြီး ညည်းညူတဲ့သူတွေကို (ကျမလဲ တခါတလေ အပါအဝင်ပါ) ကြည့်ပြီး ကျမတို. မြန်မာပြည်မှာ တနေ. အယောက် ၁၀၀ကျော် တကယ် မမောနိုင် မပန်းနိုင် ကြည့်နို်င်တဲ့ ဆရာကြီး ဆရာမကြီးတွေကို အလွန် လေးစားမိတာ အမှန်ပါဘဲ။ 

အစိုးရက ချမှတ်ထားတဲ့ စရိတ်မျှပေး ကျန်းမာရေးဆိုတာ ဆရာဝန်တွေရဲ့ အပြစ်မဟုတ်ပါ။ နိုင်ငံ ဆင်းရဲလို. ဆေးရုံတွေမှာ ဆေးဝါး နဲ. ပစ္စည်း အလုံအလောက် မရှိတာ ဆရာဝန်တွေရဲ့ အပြစ်မဟုတ်ပါ။ ကျမ မြန်မာနိုင်ငံမှာ အလုပ်သင် ဆရာဝန် ဘဝတုန်းက Pneumonia နဲ. ဆေးရုံတက်လာပြီး Antibiotics ဖိုးမတတ်နိုင်သူတွေ၊ Diarrhoea နဲ. တက်လာပြီး Blood pressure Zero နဲ. Normal Saline ဖိုးမတတ်နိုင်တဲ့ သူတွေ မြောက်များစွာ တွေ.ခဲ့ရပါတယ်။ ကျမရဲ့ သနားတတ်တဲ့ စိတ်နဲ. တတ်နိုင်တာတွေ အိတ်စိုက် ဝယ်ပေးခဲ့သလို၊ နဲနဲ ပိုက်ဆံရှိတဲ့ လူနာတွေဆီက ဓါးမြတိုက် အလှူခံပြီး (ဆရာမကြီး ဒေါ်တင်မေညွန်.ရဲ့ ဆေးဝါးဌာနမှာ တုန်းကပေါ့) မရှိတဲ့သူတွေဆီ ပြန်မျှခဲ့ရတာတွေ အခုထိ မမေ့ပါဘူး။ အဲဒီထဲက တွေးမိတာက ကျမသာ ဒီလို ဆက်လုပ်နေမယ် ဆိုရင် အသက် ၃၀လဲ မိဘဆီ လက်ဖြန်.တောင်းရတဲ့ ဘဝဘဲ ဖြစ်နေတော့မှာပါဘဲ ရယ်လို.ပါဘဲ။ ဆရာဝန်တွေလဲ ပုထုစဉ် လူသားပေမို. မှားတာတွေလဲ ရှိပါလိမ့်မယ်၊ မောလို.ပန်းလို. စိတ်မရှည် ဖြစ်တတ်တာလေးတွေလဲ ရှိမှာပါဘဲ။ အခု မြန်မာ မီဒီယာတွေက ဘယ်သူ ဘယ်ဆရာဝန် အမှားလုပ်တော့မလဲ ဆိုတဲ့ သဘောနဲ. စောင့်ကြည့်ပြီး ဆော်ဖို.ဘဲ လုပ်နေမယ် ဆိုရင်တော့ လူနာတွေ အနေနဲ. ဆရာဝန်တွေ အပေါ် နားလည်လွဲစရာပါ။ ကိုယ်နာမကျန်းဖြစ်နေချိန်မှာ ကိုယ့်ကို ကုသပေးမယ့် ဆရာဝန် အပေါ်မှာ ယုံကြည်မှု မထားနိုင်ရတဲ့ အဖြစ်ဆို ရင်လေးစရာပါ။

ဒီအင်္ဂလန်မှာလဲ သတင်းစာတွေကနေ လုံးဝ အဓိပါယ်မရှိတဲ့ ကျန်းမာရေး သတင်းတွေ တခါတလေ ရေးတတ်ပါတယ်။ ဥပမာ တလောက လူနာတယောက် သတင်းစာတစောင် ကိုင်လာပြီး သူ.ရဲ့ Asthma အတွက် သူနှစ်ပေါင်း မြောက်များစွာ သောက်နေရတဲ့ Steroid ကိုရပ်ပြီး Montelucast (ချွဲပျော်ဆေး) တခုပဲ သောက်တော့မယ်လို. အရေးဆိုလာပါတယ်။ သတင်းစာမှာ အဲလိုဘဲ သောက်ရင်ရတယ်လို. ရေးထားတာကိုး။ သိပ်မကြာပါဘူး ဆရာဝန်တယောက်ရဲ့ အဲဒီသတင်းဟာ ဘယ်လောက်မှားကြောင်း ချေပစာကို ပြန်ဖတ်လိုက်ရတာပါဘဲ။ 

လိုရင်းပြောရရင်တော့ မြန်မာဆရာဝန်များလဲ စာတွေ အများကြီး ရေးသင့်ပါတယ်။ သတင်းတွေမှာ မှားရင် မှားနေကြောင်း ပြန်ချေပသင့်ပါတယ်။ ဆေးပညာပေးတွေလဲ အချိန်ရရင် ရသလို ရေးသင့်ပါတယ်။ ရုပ်ရှင်ထဲမှာ ECG ကြီးနဲ. ငါ့ညီမ ကိုယ်ဝန်ရှိနေပြီလို. Diagnose လုပ်ပြတာကို ကြည့်ရုံနဲ.တင် မြန်မာတွေ ဘယ်လောက် ဆေးပညာ ဗဟုသုတ နဲသေးသလဲ ဆိုတာ ပြောလို.ရနိုင်ပါတယ်။ မီဒီယာတွေ ရေးတာကို မရေးနဲ.လို. တားလို.မရပါ။ သူတို.ကတော့ လူနာပြောတဲ့ တဖက်သက် စကားကို ယုံပြီး ရေးကြ ဆော်ကြ မှာပါဘဲ။ ကိုယ့်ဆရာဝန်တွေဘက်က (ဆရာ သူရိန်လှိုင်ဝင်းလို) ပြန်ရှင်းပြသင့် ရှင်းပြ၊ ချေပသင့် ချေပရမယ်လို. မြင်မိတာပါဘဲ။


ကျမလဲ အပြောသာ ရတာပါ။ တကယ့်လက်တွေ.မှာ ဘာမှ ဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖြစ်သေးပါ။ လေသာကျယ်ပြီး လက်တွေ.ပါအောင် မလုပ်နိုင်သေးသူပါ။ မြန်မာနဲ.လဲ ဝေးနေတာကြာပြီဆိုတော့ မြန်မာသတင်းများ၊ နောက်ဆုံးမြန်မာ့ ကျန်းမာရေး စနစ်၊ အခြေအနေတွေနဲ.လဲ သိပ် Uptodate မဖြစ်တော့ပါ။ ရင်ထဲရှိတာတွေ၊ အားမလို အားမရ ဖြစ်မိတာလေးတွေနဲ.၊  ကိုယ့်ကိုယ် ပြန်သတိပေးချင်တာလေးတွေ ရေးဖြစ်သွားခြင်းသာ ဖြစ်ပါတယ်။


စာကြွင်း။ ။ ကျမသည် အင်္ဂလိပ်လို ခေါ်ရင် "Very ignorant person" ဖြစ်ပါသည်။ ကျမ သိတာလဲ အလွန် နဲသလို သိအောင်လုပ်ဖို.လဲ အလွန် အပျင်းထူသူ ဖြစ်ပါသည်။ ကျမသိသော ဆေးစာများကလွဲလို. တခြားနေရာများတွင် သိပ်အသုံးမကျပါ။ ထို.ကြောင့် မှားတာရှိ ခွင့်လွှတ်ကြပါကုန် ....။