Menu bar

23 May 2012

Cricket !!

England Vs West Indies (Lords Cricket ground)
ကျမ မြန်မာပြည်မှာ တုန်းကတော့ တခါမှ Cricket အကြောင်းပြောသံ မကြားမိခဲ့ပါ။ ဒီအင်္ဂလန်ရောက်မှ ခရစ်ကက်ဆိုတာ အတော် ပေါ်ပြူလာ ဖြစ်တဲ့ အားကစား တခုမှန်း သိလာခဲ့ရပါတယ်။ အထူးသဖြင့် အန္ဒိယနဲ. ပါကစ္စတန်တို.ကြားမှလဲ အတော် ရေပန်းစားတဲ့ ကစားနည်းပါ။ ဒီတပတ် အင်္ဂလန်နဲ. West Indies အသင်းတို.၊ လန်ဒန်က Lord's Cricket Ground မှာ ကစားတော့ ကျမလဲ ဆရာဝန် တယောက်အနေနဲ. သွားဖို. အကြောင်းဖန် လာပါတယ်။ Cricket အကြောင်းဆိုတာ ဘာဆိုဘာမှ မသိတော့ ကျမစိတ်ထဲမှာတော့ “အင်း အားကစားသမား တယောက်ယောက် Cricket ဘောလုံး မျက်နှာတို. နှာခေါင်းတို.မှန်မှ၊ နို.မဟုတ်လို.တော့ ဘာမှ အလုပ်မရှိလောက်ပါဘူး။” ဆိုတဲ့ အတွေးနဲ. ချီတက်သွားခဲ့ပါတယ်။ ထင်တဲ့အတိုင်း ဘာမှ အလုပ်မရှိ။ ဘယ်သူမှ ထိခိုက်ဒါဏ်ရာ မရခဲ့ပါ။ ဒါပေမယ့် ကျမအနေနဲ့တော့ ဒီ Cricket အားကစား အကြောင်းကိုတော့ အများကြီးသိလာ ဗဟုသုတ ရလာခဲ့ပါတယ်။

Cricket ဆိုတာ တကယ်တော့ ခုနှစ် ၁၇၀၀ ကျော်လောက်ထဲက အင်္ဂလန်မှာ စပြီး ကစားခဲ့ကြတာ ဆိုဘဲ။ အဲဒီ အချိန်တုန်းကတော့ အင်္ဂလန်ရဲ. မင်းညီမင်းသား “Royal” တွေဘဲ ကစားကြတာတဲ့။ နောက် အရမ်းပေါ်ပြူလာဖြစ်လာတော့ လူတွေ အများကြီး လာကြည့်ကြ။ လာအားပေးကြတော့ ဒီ အထက်တန်းလွှား မင်းညီမင်းသားတွေက သူတို.ကစားတာကို သာမန်လူတွေ လာကြည့်ရကောင်းလား လို. စပြီး မကျေမနပ် ဖြစ်လာကြသတဲ့။ 

ဒါနဲ.ပဲ Cricket team ထဲက အရမ်းချမ်းသာတဲ့ ကစားသမား တယောက်ဖြစ်တဲ့ (Thomas Lord)က သူ.ရဲ. မြေပိုင်ထဲမှာ Cricket Ground ကြီးတခုကို ၁၇၈၇ လောက်က စတည်ဆောက်ပြီး၊ အခုကျမ ဆရာဝန် အနေနဲ. သွားခဲ့တဲ့ Lord's Cricket Ground ဆိုတာ ဖြစ်လာရတာပါဘဲ။ အသေးစိတ်တွေ လျှောက်ရေးနေရင် အားလုံး ပျင်းကုန်မှာ စိုးလို. ကျမ စိတ်ဝင်စားတဲ့ အပိုင်းလေးကိုဘဲ ခုန်ကျော် ပေါက်ကျော် ဆက်ရေးပါတော့မယ်။


အဲဒီတုန်းက သာမန်လူတန်းစားတွေ မကြည့်ရအောင် ဆောက်တာဆိုတော့ အသင်းဝင် (Members) တွေကိုဘဲ လာကြည့်ဖို. လက်ခံပါတယ်။ အဲဒီကတဲက အသင်းဝင် တယောက်ဖြစ်ဖို. ဆိုတာလဲ မလွယ်တဲ့ အလုပ်တခုပါ။ ပိုက်ဆံ ရှိတိုင်းလဲ အသင်းဝင်လို. မရပါ။ အသင်းဝင် ဖြစ်ပြီးသား လူတယောက်က စပြီး ကိုယ့်ရဲ. နာမည်ကို Nominate လုပ်ပြီး အသင်းဝင်ဖို. ဖိတ်ခေါ်ပေးရပါတယ်။ ဒါကို တခြား မန်ဘာ ၃ ယောက်ကလဲ “မှန်ပါတယ်။ ဒီလူဟာ ငါတို. အတွက် အသင်းဝင် ဖြစ်ဖို. သင့်တော်ပါတယ်” ဆိုပြီး ထောက်ခံပေးရပါတယ်။ အဲဒါပြီးတော့မှ ကိုယ်အလှဲရောက်ဖို. အသင်းဝင်ဖြစ်ဖို. Waiting List အနေနဲ. စောင့်ရတာ နှစ် ၃၀ ကြာသတဲ့။ ကဲ ဒီနှစ်၃၀ အတွင်း ကိုယ်ကလဲ အသက်ရှင်ဦးမှ။ ကိုယ့်ကို Nominate လုပ်ပေးထားတဲ့ သူလဲ အသက်ရှိဦးမှ။ အခုတော့ waiting list က တော်တော်လေး သက်သာလာပါပြီတဲ့။ ကျမလဲ “ဘယ်လောက်ကြာသတုန်း” မေးကြည့်တော့ “အခုဆို နှစ် ၂၀ လောက်ပဲ ရှိပါတော့တယ်” တဲ့။ ... ဟင်း ......။ တချို.ဆို မမွေးခင်ထဲက စပြီး waiting list ထဲ ထဲ့ပေးထားကြတယ် ဆိုပဲ။

အဲဒီတော့ စဉ်းစားကြည့်စရာကို မလို အသင်းဝင် Members တွေက သူတို. မန်ဘာ ဖြစ်ကြောင်း အလွန် ဂုဏ်ယူ ဝင့်ကြွားစွာ ကြွားလုံးထုတ်ကြပါတယ်။ အဲကြွားစရာလဲ သူတို.ရဲ. Signature အလွန် ရုပ်ဆိုးတဲ့ အနီ အဝါ အကျား (ဓါတ်ပုံမှာ ပြထားတဲ့) နက်တိုင်တွေကို ဝတ်ပြီး ရှိုးပြလို.ရသကိုး။ ဒီနက်တိုင်ကလဲ ပြောတဲ့ အတိုင်း အနီအဝါ အကျား ဆိုတော့ ၂မိုင်လောက်က လှမ်းကြည့်ရင်တောင် မြင်ရမယ်ထင်ပါတယ်။ (နဲနဲလေး ပိုပြောမိတာ ခွင့်လွှတ်ပါ အဟိ)။ သူတို. မန်ဘာ အများစုရဲ. အသက်တွေကို ကြည့်လိုက်ရင်တော့ ၇၀၊ ၈၀ အရွယ်တွေ။ 

အသင်းဝင် တယောက် အနေနဲ.တော့ ပွဲကြည့်တဲ့အခါမှာ သူတို.ရဲ. နှစ်၂၀၀ကျော် အိုတဲ့ အဆောက်အဦးထဲမှာ ကြည့်ခွင့်ရပါတယ်။ ကျမကတော့ မြန်မာပီပီ ကျမအရှေ.မြင်ရတဲ့ မှန်ပြူတင်းတွေနဲ. ခောတ်မှီ အဆောက်အဦးကြီးကို ကြည့်ပြီး၊ ငါတော့ အဲဒီအထဲကနေ ကြည့်ချင်လိုက်တာ ဆိုတော့ ဘေးက အင်္ဂလိပ်သူငယ်ချင်းက အဲဒါသတင်းသမား TV presenters တွေရဲ. အဆောက်အဦး။ တကယ် ပွဲကြည့်လို. ကောင်းတဲ့နေရာက နင့်အနောက်က Pavilon လို.ခေါ်တဲ့ အဆောင်ဆိုပြီး ကျမနောက်က အိုးမင်းရင့်ရော်နေတဲ့ အဆောက်အဦးကြီးတခုကို ပြပါတယ်။ ရှေးအရင်ထဲက ဆောက်ခဲ့တဲ့ အဆောက်အဦးကြီး ဖြစ်ပြီး အနုပညာ လက်ရာတွေကို မပျောက်ပျက်ရအောင် ဆက်လက် ထိန်းသိမ်းထားတဲ့ သူတို.ရဲ. အသင်းဝင်တွေဘဲ ဝင်လို.ရတဲ့ အဆောက်အဦးကြီးပါ။ ဒီမှာတခါ စိတ်ဝင်စားစရာက အမျိုးသမီးတွေကို အသင်းဝင်အဖြစ် ၁၉၉၃ လောက်ထိ လက်မခံတော့ အဲဒီ သမိုင်းဝင် အဆောက်အဦးထဲကိုလဲ ဘုရင်မကြီးက လွဲလို. ဘယ်အမျိုးသမီးမှ ၁၉၉၀ တော်တော် ကျော်တဲ့အထိ အဝင်မခံခဲ့ဘူး ဆိုဘဲ။ 

Cricket အားကစား ရဲ. အခြေခံ စည်းမျဉ်း စည်းကမ်းတွေကတော့ အလွန်ရှူပ်ထွေးတော့ မြန်မာလိုရေးတဲ့ ဘလော့မှာ မြန်မာတွေ သိပ်စိတ်မဝင်စားတဲ့ ကစားနည်းလဲဖြစ်တော့ ကျမ ချန်လှပ်ထားလိုက် ပါတော့မယ်။ ဒီစာရေးရခြင်း ရည်ရွယ်ချက်က ဒီအင်္ဂလိပ်တွေ အလွန် ဂုဏ်ယူတဲ့ သူတို.ရဲ. သမိုင်းဝင် အဆောက်အဦးနဲ. အားကစား တခုအကြောင်းမို.လို. ပြန်ပြီး ဝေမျှတာပါ။

အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ၍ အင်္ဂလိပ်တွေထက် ပိုကြီးကျယ် နိုင်တဲ့ ဒို.မြန်မာတွေ ဖြစ်ကြပါစေ။ အဟဲ။