Menu bar

18 June 2012

Fathers Day

အနန္တော အနန္ထ ငါးပါးထဲ အပါအဝင်ဖြစ်တဲ့ မိဘတွေရဲ့ အကျေးဇူးဟာ ဆပ်မကုန် အလွန်များပြားလှပါတယ်။ ဇွန် ၁၇-ရက်နေ. ဟာ ဖခင်များနေ.ပါ။ အရင်တပတ်က ဒီက အင်္ဂလိပ် သူငယ်ချင်း မိသားစု တခုဆီ သွားလည်ဖြစ်ပါတယ်။ အဲဒီမှာ စကားစပ်တုန်း လူနာ အဘိုးကြီး တယောက်ရဲ့ အိမ်ကို သူ.သားသမီးတွေက အတင်း ရောင်းစားပြီး၊ ပိုက်ဆံတွေ ခိုးသွားကြတဲ့ အကြောင်း ပြောပြဖူးပါတယ်။ ပထမတော့ လူနာကို သူ.သားသမီးတွေက ပြောတာပေါ့။ “အဖေ သားတွေ သမီးတွေနဲ.လာနေ၊ အိမ်ကို ရောင်းလိုက်တော့” ဆိုပြီး။ အိမ်လဲရောင်းပြီးရော ဖခင်ကြီးကို ဘယ်သူမှ ခေါ်မထားချင်ဘဲ အင်္ဂလန်ရဲ့ ထုံးစံ အတိုင်း ဆေးရုံမှာ လာတင်ထားခဲ့ပါတယ်။ ဒါကို ကျမရဲ့ အင်္ဂလိပ် သူငယ်ချင်းက ဝေဖန်တာက “အဖေကလဲ ဘယ်လို မိဘမျိုး ဖြစ်ခဲ့လဲမှ မသိတာ သားသမီးတွေက ဒီလိုမျိုး ဆက်ဆံတာကို ခံရတာ” တဲ့။ ကျမ အနေနဲ.တော့ လက်မခံနိုင်ပါ။ မိဘဟာ မိဘပဲ မို.လို. ဘယ်လိုမိဘပဲ ဖြစ်ဖြစ် မိဘလို.ဘဲ ဆက်ဆံသင့်ပါတယ်။

ကျမတို. မောင်နှမ နှစ်ယောက် အတွက်တော့  အလွန် ကံကောင်းပါတယ်။ ကျမ မိဘတွေက ကျမတို.ကို အလွန် အလိုလိုက်ပြီး ဆုံမရင် ဘယ်တော့မှ လက်ပါတယ်၊ ရိုက်တယ်ဆိုတာ မလုပ်ခဲ့ပါ။ အနောက်တိုင်းမှာတော့ ကလေးငယ်တွေကို လုံးဝ လုံးဝ မရိုက်ရပါ။ ကလေးတယောက် အညို အမဲတွေနဲ. ဆေးရုံရောက်လာလို.ကတော့ ကျမတို.အားလုံး ခေါင်းခြောက်၊ Paper work တွေ စုံနေအောင် အလုပ်ရှုပ်ရပါတယ်။ သူငယ်ချင်းတယောက် နောက်ပြောင်ပြီး ပြောဘူးတာ မှတ်မိပါတယ်။ “ကလေးကို ငယ်တုန်း စကား မတတ်ခင် နာနာရိုက် ဆုံးမထားမှတဲ့၊ တော်ကြာ ကလေးကြီးလာလို. စကားပြောတတ်တဲ့ အရွယ်ဆို သူ.ကို သွားတိုင်ရင် အဖမ်းခံနေရဦးမယ်”တဲ့။ 


ကျမရဲ့ မိဘများကတော့ ကျမတို.ကို ဘယ်တော့မှ လက်မပါပါ။ အကျိုးသင့် အကြောင်းသင့် အမြဲ ပြောပြ ဆုံးမခဲ့ပါတယ်။ ကျမ ဖခင်ကြီးကတော့ ကျမ ငယ်ငယ်က သက်ဦးဆိုတော့ ကျမကို ဆံပင် ကတုံး မတုန်းခိုင်း (ကျမက ကတုံးနဲ.ဆို အလွန် အရုပ်ဆိုးဆိုဘဲ။ အမှန်က ဆံပင်ရှိလဲ ရုပ်က ဆိုးတာပါဘဲ)၊ နားလဲ နာမှာစိုးလို. ဆိုပြီး မဖေါက်ပေးခဲ့တာ အခုထိ ကျမမှာ နားပေါက် မရှိပါ။ ကျမ ငယ်က ကျမ ပန်းဖွား လွယ်အိတ်ကလေး ကြွက်ကိုက်သွားတော့ (ကြွက်စုတ် ကြွက်နာ) ကျမ အလွန် ငိုပြဲတော့၊ ကျမ ဖခင်က ချော့ပြီး လွယ်အိတ်အသစ် ချက်ချင်း ဝယ်ပေးခဲ့တာလဲ အခုထိကို မှတ်မိနေပါသေးတယ်။ ဂရုစိုက်ခံရလွန်းတော့လဲ ငယ်က ကျမ အလွန် ကျန်းမာရေး ချူချာခဲ့ပြီး၊ မိဘကို ဒုက္ခပေးခဲ့တာတွေ မနဲပါ။ အလိုလိုက် ခံရတယ် ဆိုပေမယ့် အမြဲတမ်းတော့ မဟုတ်ပါ။ ကျမတို. မောင်နှမ ပစ္စည်းရိုသေတတ်အောင် ပစ္စည်းတခု ဖျောက်မိက ဘယ်တော့မှ နောက်တခု အစားထိုး ပြန်မဝယ်ပေးတတ်ပါ။ ဒီလို အိမ်စည်းကမ်းလေးတွေလဲ ရှိပါတယ်။ အဲ အလုပ် ရှုပ်တတ်တဲ့ မိဘ နှစ်ပါးကြောင့် ငယ်က ကိုယ့်ဘာသာကိုယ် ကျောင်းသွားအပ်၊ ဆုပေးပွဲ တက်ခဲ့ရတဲ့ အခါတွေလဲ ရှိခဲ့တာပေါ့။ 

ဆေးကျောင်း ရောက်တော့လဲ အရမ်းဖြစ်စေချင်တဲ့ မိဘ နှစ်ပါးကြောင့်ဘဲ တနေ.ထက် တနေ. စာတွန်းကျက်ဖြစ်ခဲ့ပါတယ်။ ကိုယ့်ဘာသာကိုယ်ဆို (အပျင်းက ခပ်ထူထူ ဆိုတော့) အောင်ရင်ပြီးတာပဲလို.  နေဖြစ်ခဲ့မယ် ထင်ပါတယ်။ ဒါပေမယ့် အလွန် မြှောက်ခိုင်းတတ်တဲ့ မိဘနှစ်ပါးကြောင့် “ဥာဏ်ကောင်းရဲ့သားနဲ့ ဖြစ်အောင်လုပ်”ဆိုတာမျိုး။ (မှတ်ချက်။ ။လုံးဝ ဥာဏ်ကောင်းတာ မဟုတ်ပါ။ ဘုရား ရှစ်ခိုးတာ များပြီး၊ ဘုရားနားညည်းသွားတဲ့ အခါများဆို ကံကောင်းခဲ့ခြင်းများပါ)။  အဲဒီတုန်းကတော့ မြှောက်ရင် မြှောက်မှန်း မသိခဲ့။ စာမေးပွဲ အဆင် မပြေရင် လုံးဝ မဆူဖူးပေမယ့်၊ ဂုဏ်ထူးထွက်တယ် ပြောရင် မြင်ရတတ်တဲ့ မိဘနှစ်ပါးရဲ့ ပီတိမျက်နှာ များကြောင့် ကျမမှာ အရူးတပိုင်းဖြစ်လုနီးပါး ကြိုးစားခဲ့ရတာ။ စိတ်ဓါတ်ကျ အရှုံးပေးချင်တိုင်း ဒီချစ်ရတဲ့ မိဘနှစ်ပါးရဲ့ မျှော်လင့်ချက်နဲ့ အပြုံးတွေကို မျက်စိထဲ မြင်ပြီး ကိုယ့်ကိုယ် ဆက်တွန်းခဲ့ရတာတွေ အခုထိ မမေ့ပါ။  

အခုတော့ တိုင်းတပါးမှာရောက်နေတော့ မိဘနဲ. အမြဲ အတူမနေနိုင်ပေမယ့် မိဘနှစ်ပါးကို နေ.စဉ် ရှိခိုးလို. မေတ္တာတွေပို.လို. ဖေဖေ မေမေ ကျန်းမာပါစေလို. နေ.စဉ် ဆုတောင်းပေးပါကြောင်း။ မိဘ မေတ္တာကြောင့်လဲ ဒီသမီးမှာ ဒီလူမျိုးခြားတွေကြားမှာ ဘယ်တုန်းကမှ မျက်နှာ မငယ်ခဲ့ရဘဲ အမြဲ အဆင်ပြေနေပါကြောင်း စာသဝန်လွှာ ပါးလိုက်ပါတယ် ဖေဖေနဲ. မေမေရေ ..။