Menu bar

20 August 2012

Life as a Foreign Doctor (6)

မကြာခဏကို အီးမေးပို. မေးလာကြတဲ့ မောင်ငယ်၊ ညီမငယ် ဆရာဝန်များအတွက်၊ ဒီစာတိုလေးရေးမိတာပါ။ ဒီရက်ပိုင်း အားတဲ့ အချိန်က နဲလွန်းတော့ ဘလော့ကိုလဲ လှဲ.မကြည့်နိုင်တာ အတော်ကြာသွားပါပြီ။ 

အားလုံး ရဲ့ အတွေးမှာတော့ နိုင်ငံခြားသွားရင် ထောပြီ။ ကြီးပွားပြီ၊ အစစအရာရာ အောင်မြင်ပြီ ထင်ချင် ထင်ကြပါလိမ့်မယ်။  ကျမကိုယ်တိုင်လဲ အဲဒီလို ထင်ခဲ့မိတာပါဘဲ။ 

ဒါပေမယ့် တကယ့်လက်တွေ.က နိုင်ငံခြားရောက်ပြီ ဆိုတာနဲ. ဘဝခရီးက စကြမ်းတော့တာပါဘဲ။ အားကိုးစရာ တိုင်ပင်စရာ သိပ်မရှိ၊ တချို.ဆို စကားပြောဖော်တောင် သိပ်မရှိ။ ငွေရေးကြေးရေးအတွက်ပူရ၊ အိမ်က ဘယ်လောက်ပဲ ပို.ပါမယ်ဆိုဆို ငွေတန်ဖိုးကလဲ အတော်ကွာသကိုး။ အလုပ်အတွက်၊ စာမေးပွဲအတွက်၊ အစရှိတဲ့ အပူတွေဟာ တကယ် မဆုံးနိုင်ပါ။ ကျမတောင် တော်ရုံခရီး သိပ်မညည်းပဲ ရအောင်သွားတတ်သူ၊ အတော် အရေခွံထူသူတောင်မှ ဒီနိုင်ငံရောက်ပြီး Stress နဲ. အစာအိမ်ရောဂါ (Gastritis) ရလာပါသေးတယ်။ 


ကျမတို. အသိ GP ဆရာကြီး တယောက်ပြောဖူးတယ်၊ သူအင်္ဂလန်ရောက်ပြီး ၁၉၈၀ ကျော်လောက်တုန်းက သူ.မှာ ပိုက်ဆံ ပြတ်သွားလို. လက်ထပ်လက်စွပ်ကလေးကို ရသလောက်နဲ. ခက်ခက်ခဲခဲ လိုက်ရောင်းခဲ့ရတာ။ ဒီမှာ အာမခံ၊ ရောင်းထားတဲ့ ဘောက်ချာမရှိဘဲ ရွှေပြန်ရောင်းလို.ကလဲ မရ။ နောက်ဆုံမှ ကံကောင်းစွာ ကုလားဆိုင် တဆိုင်က ဝယ်သွားလို. သူ.မှာ နောက် ၁၀ရက်တာလောက် ပိုက်ဆံ ရသွားတယ်တဲ့။ 

နောက် အသိတယောက်ကလဲ ပြောပြပါသေးတယ်၊ သူဒီကိုရောက်ပြီး စာမေးပွဲက မအောင်နိုင် မိန်းမနဲ. ကလေးတာဝန်နဲ. ဘယ်လို ဘဝကို အားတင်းပြီး ရုန်းကန်ခဲ့ရတယ် ဆိုတာ။ အလုပ်တွေလဲ အဲဒီတုန်းက အတော်ခက်တယ်ဆိုပဲ။

အသိ သူငယ်ချင်းဆို သူ အသက် ၁၆နှစ်ပဲ ရှိသေးတယ်၊ ဘယ်သူမှ အသိမရှိတဲ့ အင်္ဂလန်ကို  လေဆိပ်ကနေ အိမ်က ပေးလိုက်တဲ့ ဒေါ်လာ ၅၀၀၀ ကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ဘဝ ခရီးလမ်း စခဲ့တာ။ 

ကျမရောက်ခါစကလဲ ကျမရယ် အမျိုးသားရယ် နှစ်ယောက်ဘဲ ဘဝကို စခဲ့ကြရတာပါ။ အသိတယောက်က ကျမကို ပြောဖူးပါတယ်၊ “နင်တို.က ဆရာဝန် အသိုင်းအဝိုင်းက ဆိုတော့ ဒီမှာ အားလုံး အဆက်အသွယ်နဲ. အလုပ်ရမှာပေါ့” တဲ့။ လုံးဝကို မမှန်ပါ။ မိဘနဲ. ယောက္ခမရဲ့ သူငယ်ချင်း အသိများဆီမှ ကျမတို. လိုအပ်ရင် ညအိပ်သွားလည်၊ ထမင်းကောင်းကောင်း ချက်ကျွေးခဲ့တဲ့၊ စိတ်ဓါတ်မကျအောင် အားပေးခဲ့တဲ့ စောင့်ရှောက်မှု မျိုးကိုတော့ ကျမတို. ကျေးဇူအထူးတင်စွာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် အလုပ် စာမေးပွဲနဲ. ကျမတို.ရဲ့ ဘဝ ရှေ.ရေးကိုတော့ ကိုယ့်ခရီးလမ်း ကိုယ်ဖောက်ပြီး လျှောက်ခဲ့ရပါတယ်။ ကျမတို. ထွက်မလာခင်က မြန်မာပြည်မှာ အင်တာနက်တောင် သိပ်သုံးမရတဲ့ အချိန်ဆိုတော့ ဘဝက ပိုအမှောင် ကျနေပါသေးတယ်။

တချို.တွေကတော့ ချက်ချင်း အဆင်မပြေတော့ ဆရာဝန် မဟုတ်တဲ့ အလုပ်တွေက စရတယ် ကြားမိပါတယ်။ ဥပမာ ဆေးရုံမှာ လူနာ နာမည်ခေါ်ပေးရတာမျိုး၊ ECG ဆွဲပေးရတဲ့ အလုပ် စတာမျိုးတွေက စလို.(အင်္ဂလန်မှာတော့ ဒါမျိုး မကြားမိပါ၊ အထူသဖြင့် စင်္ကာပူမှာပဲ ဖြစ်မလားမသိ)၊ တွေ.ရာ ဆိုင်မှာ စားပွဲထိုးတာက အဆုံးပေါ့။ တချို.လဲ မမျှော်မှန်းထားတဲ့ အဆင်မပြေမှုတွေ ထပ်လာတော့ ပိုစိတ်ဆင်းရဲစရာတွေ တွေ.ရတတ်ပါတယ်။ 

ပြောရရင်တော့ ဆရာဝန်လိုင်း စတက်မိကတဲက အရေးကြီးတဲ့ ဘဝရဲ့ ဆုံဖြတ်ချက်တွေကို မကြာခဏ အရဲစွန်. ချခဲ့ကြရမှာပါ။ အလုပ်ဝင်သင့်၊ မဝင်သင့်။ ဝင်ရင်လဲ Teaching ဝင်မှာလား၊ Clinical လာား။ နိုင်ငံခြားဘဲ သွားမှာလား။ ဘယ်လို အလုပ်မျိုး လုပ်ချင်တာလဲ။ Public Health Vs Clinical  အစရှိသဖြင့်ပေါ့။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်တွေကို မိမိကိုယ်ကိုပဲ “ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်” ပြန်မေးပြီး ဆုံးဖြတ်ရမယ် လို. ကျမတော့ ယုံကြည်ပါတယ်။ ဘယ်သူက မှ ဆုံးဖြတ်ပေးလို. မရပါ။ 

ကျမရဲ့ အမျိုးသားကို ကျမ အမြဲပြောဖြစ်ပါတယ်၊ ယူချင်တဲ့ Specialty ကိုယူ၊ ဒီအလုပ်မှာ ပျော်ပြီး တသက်လုံး နောင်တမရဘဲ လုပ်နိုင်ရင်ပြီးရောလို.။

ကျမရဲ့ ယုံကြည်ချက်ကတော့ ဘာကိုဘဲ လုပ်လုပ် သေးသေးမွှားမွှားလေးတွေက အစ ယုံကြည်မှု အပြည်နဲ့ အကောင်းဆုံး ဖြစ်အောင် လုပ်မယ်ဆိုရင်ပေါ့ ....။

အားလုံး အစစ အရာရာ အဆင်ပြေကြပါစေ။