Menu bar

22 March 2012

ပထမဆုံး တရားစခန်း အတွေ.အကြုံ

တခုတ်တရ အမှတ်တရ ရှိစွာပါပဲ ကျမ ပထမဆုံး တရားရိပ်သာ ဝင်ဖြစ်ခဲ့တာ ကျမ အသက် ၁၆ နှစ် အရွယ်မှာပါ။ အဲဒီ မတိုင်မီက ကျမ သြကာသနှင့် ငါးပါးသီလက လွဲလို. ဥပုဒ်စောင့်တာတွေ တရားထိုင်တာတွေဆိုတာ လုံးဝ မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ. အဲဒီနှစ်ရဲ. သင်္ကြန်မှာ လူကလဲ နဲနဲ အရွယ်ရလာပြီ ဆိုတော့ ရေလဲ မကစားချင်၊ သူများတွေ ပျော်နေချိန်မှာ အိမ်မှာ တယောက်ထဲလဲ မနေချင် ဖြစ်နေချိန်မှာ သူငယ်ချင်း တယောက်က အဖော်စပ်လာပါတယ်။ ရေငတ်တုန်း ရေတွင်းထဲကျ ဆိုသလို ဘာလုပ်ရမှန်း မသိ ဖြစ်နေတဲ့ ကျမဟာ နှစ်ခေါက်တောင် မတွေးမိ၊ သင်္ကြန် တရားဝင်မယ်လို. စိတ်ဆုံးဖြတ် လိုက်ပါတယ်။ မေမေကတော့ တခါမှ ဥပုဒ်တောင် မစောင့်ဖူးတာ ဖြစ်ပါ့မလားဆိုတဲ့ စိုးရိမ်တဲ့ အသံနဲ.ဆိုပါသေးတယ်။

ဒီလိုနဲပဲ တရားစခန်းကို ကျမရယ်၊ နီလာရယ်၊ သီတာရယ်၊ ဇာခြည်ရယ် သူငယ်ချင်း ၄ ယောက် ရောက်သွားပါတော့တယ်။ မလုပ်ရင် မလုပ်၊ လုပ်ရင်တော့ တကယ်ဖြစ်အောင် ကျိုးစားတတ်တာမို. ကျမတို. အပိုးကျိုးကျိုးနဲ. တရားကျင့်ကြံ ဖို.လုပ်ကြပါတယ်။ မလုပ်လို.လဲ မရအောင် ဆရာတော်ကြီးကလဲ အလွန်စည်းကမ်း တင်းကျပ်လှတယ် မဟုတ်လား။



ထိုင်ခုံ နေရာထိုင်ခင်းချတော့ အသက်နဲ.အလိုက်မို. ကျမတို. သူငယ်ချင်း ၄ ယောက်က နောက်ဆုံးမှာ။ တကယ်တမ်း တရား ထိုင်ကြည့်တော့ ၁ နာရီ အပြည့် ထိုင်နို်င်ဖို.ဆိုတာ အလွန်အင်မတန် အားထုတ်ရပါတယ်။ ၁၀မိနစ်လောက် ကျော်တာနဲ. စိတ်တွေက တောင်ရောက်မြောက်ရောက်။ “အိမ်မှာ ဘာချက်စားကြပါလိမ့်။ သန်းတို.အောင်တို. ဘောလုံးပွဲ ကဘယ်လို၊ ရဲကိုကို နဲ. လင်းဇာနည် အကြောင်း၊ ဗဒင်ပါ မကျန်ရအောင်။” ဘုန်းဘုန်း ကလဲ သိတယ်ထင်ပါတယ်၊ ဒုတ်ကောက်သံ တကောက်ကောက် ပေးလို. လာ သတိပေးတတ်ပါတယ်။ 

တချိန်မှာတော့ ကိုယ့် စိတ်နဲ.ကိုယ် နပန်းသတ်နေချိန်မှာပဲ ရှေ.မှာထိုင်သော အမကြီး၏ ရှည်လျှားသော  “ဘူ .....” ဆိုသော သံစဉ်နှင့်အတူ ပျံ.လာသော အီးစော်ကြောင့် ဖုန်းဖုန်း သင်ပေးတာတွေ ခေါင်းထဲ အတင်း ထဲ့ပြီး  “နံတယ် နံတယ်” မှတ်လို.၊ “ရယ်ချင်တယ်  ရယ်ချင်တယ်” ဆိုတာကို လဲ အသားကုန် စိတ်ထဲမှာ ရွတ်လို. အတင်းထိန်းချုပ် ကျိုးစားနေတုန်း ဘေးမှ သူငယ်ချင်း သီတာ က မအောင့်နိုင်ပဲ “ခွီး” ခနဲ ရယ်ချလိုက်သံကြောင့် ကျင့်ကြံ ထိန်းချုပ်နေတာတွေ ဘယ်ရောက်ကုန်သည်မသိ ကြက်ပျောက် ငှက်ပျောက်လဲ ဖြစ်ခဲ့ရပါသေးတယ်။ 

ထမင်းစားပြီး စ ပြန်ထိုင်ချိန်ကတော့ အဆိုးဆုံးပါ။ တခါမှ ညနေစာ မလွှတ်ဖူးတာကြောင့် ဗိုက်ဆာမှာ စိုးတာနှင့် တင်းနေအောင် စားထားသော ဗိုက်နှင့်၊ မျက်စိကလေး မှိတ်ပြီး ဖောင်းပိန်မှတ်ရ တယ်ဆိုတာ အင်မတန် မလွယ်ကူတဲ့ ကိစ္စဖြစ်ပါတယ်။ အိပ်ငိုက်သွားလိုက် “ငိုက်တယ် ငိုက်တယ်” ပြန်မှတ်လိုက်၊ အပြင်မှာ သင်္ကြန်သီချင်းနဲ. ကမဲ. သူငယ်ချင်းအကြောင်း တွေးမိသွားလိုက်၊ အဲဒီ အချိန်မှာပဲ    “ ဒုန်း .....” ဆိုတဲ့ အသံကြီးနှင့် အတူ တုန်ခါမှုကို ခံစားလိုက်ရပါတယ်။ လွင့်မျောနေသော စိတ်နှင့် “ကလူ ကလူ လိပ်ပြာ ပြန်လာပါ” ရွတ်မိ သလို တရားစခန်းလာ အိပ်ငိုက်နေ သဖြင့် ငလျှင်များလှုပ်၊ ငရဲပြည်များ အပို.ခံလိုက်ရသလားဟု လဲ ကရောင်ကတန်း တွေးမိလိုက် ပါသေးတယ်။ နောက်မှ မျက်စိတလုံး ဖွင့် ခိုးကြည့်မိတော့ ရှေ. ၂ တန်းကျော်က အဒေါ်ကြီး အိပ်ငိုက်ပြီး ခေါင်းနှင့် ကျမ်းပြင် ဆောင့်မိခြင်းသာ ဖြစ်နေပါတယ်။ စိတ်ထဲတွေးမိတာတော့ “သြ ကိုယ့်ထက် ဆိုးတဲ့ သူလဲ ရှိပါလားရယ်လို.”။

တခါတရံ စိတ်တွေက ပျံ.လွန်း၊ အိပ်ငိုက်လွန်းလာတော့ ထိုင်နေရာမှ မျက်လုံးလေးခိုးဖွင်. ဟိုကြည့် ဒီကြည့် လုပ်ဖို.ကျိုးစားတော့  ကိုယ့်ရှေ. ရပ်ပြီး တရားလှဲ.စောင့်ကြည့်နေတဲ့ ဘုန်းဘုန်း ရဲ. မျက်လုံးတွေနှင့် တဲ့တဲ့တိုးမိလို. “ဗုဒ္ဓေါ” ဆိုကာ ခမန်းခတန်း မျက်စိပြန်မှိတ် တရားဆက်မှတ် ရပါသေးတယ်။ ဘုန်းဘုန်းကို များ ဟဲခနဲ မချိပြုံး ပြုံးပြဖြစ်သေးလား ဆိုတာကိုတော့ မမှတ်မိတော့ပါ။

ကြားတစ်နာရီ စင်္ကြန် လျှောက်ချိန် ဆိုရင်တော့ ရှိသမျှ အကိုက်အခဲ အနာ အကျင် ပျောက်ဆေးများ ပွတ်သပ်လိမ်းပြီး ဘေးက အပေါင်းအသင်းတွေကို အနံ.နှင့် ဒုက္ခပေးဖို. အချိန်ပါ။

ဒီလိုနဲ. တနေ.တာကုန်ဆုံးပြီး ည တရားပွဲပြီးတော့ ၁၁နာရီ ခွဲပြီပေါ့။ အဲဒီတုန်းက စိတ်ထဲ ထင်မိတာက ည ၁၂နာရီကျော်လျှင် နောက်တရက် ပြောင်းပြီမို. အစားစားလို.ရပြီပေါ့။ အဲဒီတော့ ကော်ဖီနှင့် ရှိသမျှ မုန်.တွေ အဆင်သင့်ပြင်၊ နာရီစောင့်ကြည့်၊ စက္ကန်. မိနစ် ရေတွက်ပြီး ၁၂နာရီ ဒေါင် ဆိုတာနဲ. အသားကုန်လွှေး ကြတော့တာပါပဲ။ နောက်နေ.မှ အဒေါ်ကြီးတယောက် ရှင်းပြတော့မှ အာရုံလာသည် အထိ စောင့်ရတယ်ဆိုတာ သိရပါတယ်။ ဒါတောင်မှ မလျှော့သေးပါဘူး။ နောက်တညကျတော့ “ကော်ဖီနဲ. အိုဗာတင်းပဲ သောက်တာပါ၊ မုန်.မစားပါဘူး” ပြောလို. အဲဒီ အဒေါ်ကြီးကပဲ ကော်ဖီလို နို.ပါတာတွေလဲ သောက်လို.မရကြောင်း သင်ပေးရပါသေးတယ်။

အဲဒီလိုနှင့် တစ်ရက်ပြီး တစ်ရက် .. လူလဲ ပို အိနြေ္ဒရလာပြီး၊ ပိုထိုင်နိုင်လာပြီး၊ နောက်ဆုံးနေ. ၁၀ရက်မြောက်ကို ရောက်လာတော့တယ်။ လူကြီးသူမတွေ ကလဲ ချီးကျူးလို.။ ကိုယ်လဲ ကိုယ့်ရဲ. အားထုတ်မှုနဲ. ကျေနပ်ပြီး “ငါတော်တော် တရားရပြီပဲ။ နောင်ကို လောဘ၊ ဒေါသ၊ မောဟ၊ တွေ လျှော့လို. သတိလေးနှင့်နေရမယ်” လို. သံဝေဂ အသိစိတ် တွေရနေတုန်း၊ မထင်မှတ်ပဲ နောက်ဆုံးနေ.ရဲ. နေ.လည်ဆွမ်းစားချိန်မှာ ဝေယျာဝစ္စ အမကြီး တယောက်ဆီမှ “ဈေးပိုင်း မီးလောင် နေတယ်” ဆိုတာကို ကြားလိုက်ရ ပါတော့တယ်။ အဲဒီမှာ မိဘတွေ အတွက်တွေးပြီး စိတ်ထဲ ဟုန်းခနဲပူတဲ့ အပူ၊ ကိုယ်ဘာသာကိုယ်တောင် ဘာလုပ်မိလဲ မသိ။ “အိမ်ပြန်မယ်၊ အိမ်သွားကြည့်မှ ဖြစ်မယ်” ဆိုပြီး ရောဂီဝတ်ကြီးနှင့် ပြေးလိုက်တာ ဆိုတာ။ အိမ်ရောက်တော့ မီးကငြိမ်းပြီးနေပြီ။ ဘာမှ အကြီး အကျယ် မဟုတ်။ ဘယ်သူမှ ထိခိုက်ဒဏ်ရာမရ။ ရှက်ရှက်နဲ. ရောဂီစခန်းပြန်လာတော့ ဘုန်းဘုန်းက “ဒကာမကြီး တရားတော်တော် ရနေပေါ့” လို. စီးနောက်တာ ခံလိုက်ရပါသေးတယ်။

အဲလိုနဲ.ပဲ ၁၀ရက်တရားစခန်းလဲ ပြီးသွားပါတယ်။ ကျမလဲ အတွေ.အကြုံ အသစ်တွေ အများကြီး ရခဲ့ ပါတယ်။ အဲဒီ အချိန်က စလို. ကျမ ဝိပဿနာ ကို ယုံကြည်မိ၊ ကိုးကွယ်မိပြီး အားထုတ် လာတာတော့ ဒီနေ. အထိပါပဲရှင်။