ကျမ ငယ်စဉ်ကတော့ အင်မတန် အကြောက်တရား မရှိ၊ ပေါက်တတ်ကရလဲ အလွန် လုပ်တတ်ပါသည်။ အသက် ၅ နှစ်လောက် အရွယ်က ဆေးရုံဝင်း ထဲမှ နေအိမ်မှာ နေတုန်းက ငယ်သူငယ်ချင်းများနှင့် အလောင်းအစားလုပ်ပြီး ရင်ခွဲဆောင်တံခါးကို တယောက်ထဲ လူကြီးတွေ မသိရအောင် သွား ခိုးဖွင့်ခဲ့ဖူးပါသည်။ နောက်အနည်းငယ် ကြီးလာတော့၊ အသက် ၁၀နှစ်လောက် အရွယ်မှာ အရင်က “သူရဲမွေးထားပါသည်၊ သူရဲ အလွန်ခြောက်တတ်သည်” ဟု နာမည်ကြီးသော အိမ်ကြီးကို ပြောင်းရသည်။ ကျမ အိပ်ရာက နှစ်ထပ် အိမ်ကြီးရဲ. အပေါ်ထပ်မှာ၊ တယောက်ထဲ။ သူငယ်ချင်းတချို.မှ “မကြောက်ဘူးလား” ဟု ဝိုင်းမေး တာလဲ မကြာခဏ ခံခဲ့ရပါသေးသည်။ အခြောက်ခံ ခဲရဖူးလား ဆိုရင်တော့ ကြားသမျှ ချွတ်ချွတ် ချက်ချက် အသံများ အားလုံး သစ်ပင်မှ သစ်ရွက်လေတိုက်သံများ ဟုပဲ သတ်မှတ်ထားပြစ်လိုက်သည်။ မှတ်မှတ်ရရ တနေ.မှာတော့ သူငယ်ချင်း တသိုက် အိမ်မှာ လာဆော့ကြတုန်း သူငယ်ချင်း တယောက် အိမ်သာသွားတုန်း အိမ်သာတံခါးကြီးက အုန်းခနဲ စောင့်ပိတ်သံ ကြားရသည်တဲ့။
အိမ်သာတံခါး ဆွဲဖွင့်ဖို.ကြိုးစားတော့ မရ။ သူငယ်ချင်းတသိုက် အာပြဲကြီးနှင့် အော်ခေါ်သံကြောင့် ကျမ မေမေ နဲ. စကားပြောနေရာမှ အပြေးသွားတော့ အိမ်သာ တံခါးက သူ.အလိုလို ပြန်ပွင့်လာသည်။ အဲဒီ အချိန်မှစလို. အဲဒီ သူငယ်ချင်းများကို အိမ်ခေါ်ဆော့လို.ကို မရတော့ပါ။ ကျမကို အဲဒါ သူရဲလားမေးရင်တော့ မသိပါ။ အိမ်သာတံခါးက တခါမှ မကျပ်ဖူးပေမယ့် တခါတလေတော့ ဒါမျိုး ဖြစ်တတ်သည် မဟုတ်လား။
ဒီလိုနှင့် ဆေးကျောင်းရောက်တော့ သူရဲ တစေ အခြောက်ခံရတဲ့ ပုံပြင်တွေ မကြာခဏ ကြားလာရသည်။ ဆေးရုံဆိုတာ လူသေများတဲ့ နေရာ မဟုတ်ပါလား။ နောက်ဆုံးနှစ် အပိုင်း(က) လူထုကျန်းမာရေး နယ်ခရီးထွက်ရတော့ ကျမတို.သူငယ်ချင်း တသိုက် သံဃာဆောင် အဟောင်းမှာ တည်းရသည်။ အဲဒီ အဆောင်ကလဲ သရဲ အလွန်ခြောက်သည်ဟူ နာမည်ကြီးပါသည်။ သူရဲအလွန် ကြောက်တတ်သူ သူငယ်ချင်းတွေ ခမျာ မှာတော့ ညည အိပ်မပျော်နို်င်။ ညညခုတင်ကို လာလာလှုပ်သည် သူတိုကပြောတော့ အတူပါလာသော ကောင်လေးသူငယ်ချင်း ၂ယောက်ကိုပဲ “ ကြောက်တတ်သူကို ဖြဲခြောက်နေရလား” ဟု အပြစ်တင် ဆူဆဲ ဖို.ကျိုးစားခဲ့ ဖူးပါသည်။ ဒါပေမယ့် ဖြစ်ချင်တော့ မျက်တွင်းဟောက်ပက် သူငယ်ချင်း ကောင်လေးတွေက သူတို.တောင် အခြောက်ခံရပြီး အိပ်မရလို.ဆိုတော့ ပိုဆိုးတော့သည်။
မှတ်မှတ်ရရ အလုပ်သင် ဆင်းတုန်းကလဲ ပြူတင်းပေါက်က လူနာတယောက် ခုန်ချသေပြီး မကျွတ်နိုင်ပဲ မကြာခဏ လာခြောက်တတ်သည် ဟု အဆိုရှိဖူးပါသည်။ တခါမှတော့ ကိုယ်တွေ.မကြုံခဲ့။ အရိုးဆောင်မှာ တာဝန်ကျချိန်မှာ ကျမတို.နဲ. တတန်းထဲ အတန်းဖော် သူငယ်ချင်း တယောက် အလွန် မကျန်းမမာ ဖြစ်ခါ ဆေးရုံတင်ထားရသည်။ တညတော့ ဘာအလုပ်မှ မရှိသည်နှင့် တာဝန် အတူတူကျသော ကျမတို. သူငယ်ချင်း ၃ ယောက် ဆရာဝန် အခန်းထဲမှာ နားနေကြတုန်း တံခါး ဒုန်းဒုန်း လာခေါက်သံ ကြားမိသည်။ လူနာအသစ်လာတာပဲ ဖြစ်မည်ဟု ကျမတို. ၃ ယောက် တံခါးဖွင့် ထွက်လိုက်တော့ ကျမတို. အခန်း ရှေ.တဲ့တဲ့ သူနာပြုစားပွဲမှာ ထိုင်နားနေတဲ့ သူနာပြု ဆရာမလေးက “ဘာတုန်း” ဆိုတော့ အကြည့်နှင့် လှမ်းကြည့်လာသည်။ ကျမ က “ဆရာမ တံခါး လာခေါက်တာ မဟုတ်ဘူးလား” လို.မေးတော့ ဆရာမလေးက အူကြောင်ကြောင် မျက်နှာနှင့် “ဘယ်သူမှ မခေါက်ဘူး။ ဒီရှေကလဲ ဘယ်သူမှ ဖြတ်သွားတာ မတွေ.ပါဘူး” တဲ့။ ကျမတို. ၃ ယောက်လဲ အူကြောင်ကြောင် အခန်းထဲ ပြန်ဝင် နားနေလိုက်တော့သည်။ နောက်နေ. မနက်ကျမှ သိရသည်က ကျမတို.ရဲ. ချစ်လှစွာသော သူငယ်ချင်း ဆေးရုံမှာပဲ အဲဒီညက ဆုံးသွားသည်တဲ့။ ဆုံးသွားတဲ့ အချိန်ကလဲ တို်က်တိုက် ဆိုင်ဆိုင် ကျမတို. အဖြေမရှိတဲ့ တံခါးခေါက်သံ ကြားမိတဲ့ အချိန် ..။ “သူငယ်ချင်းများ လာနှုတ်ဆက် သွားတာလား” ဟုတော့ စဉ်းစားမိပါသည်။ ဒါပေမယ့် ဘယ်သူ.ကို သွားမေး၊ ဘယ်လို သက်သေပြ ရမည်လဲလေ။
အခုချိန် ကျမကို တယောက်ယောက်က သူရဲရှိတာ ယုံသလား မေးလာလျှင် “အများကြီး ဖြစ်နိုင် ပါသည်။” လို.ပဲ မရေမရာ ပြန်ဖြေမိမည် ထင်ပါသည်။ တကယ်တွေးကြည့်လျှင်တော့ ဒီ ကမ္ဘာရွာကြီး မဖြစ်ခင် ဟိုး ရှေး ပဝေသဏီ အချိန်ကပင် အင်္ဂလိပ် မြန်မာ တရုတ် ကလား .. ကမ္ဘာ အရပ်ရပ်တွင် သူရဲ တစ္စေ ဝိဥာဉ်နဲ. ပက်သက်သော ရာဇဝင် ဒဏ္ဍာရီတွေ ရှိသည်မဟုတ်ပါလား။ ဘုရားဟော တရားတွင်လဲ မကျွတ်သော နာနာဘဝ ဆိုတာတွေရှိမှတော့ ကျမအနေနှင့် ဒါတွေ မယုံပါဟု ဘယ်လို ခံငြင်းနိုင်ပါ့မလဲ။ ဒီလောကတွင် သိပ္မံပညာဖြင့် ရှင်းပြ မရနိုင်သော အရာ မြောက်များစွာလဲ ရှိသည်မဟုတ်ပါလား။ ဒါပေမယ် သူတို.တွေ ကိုယ့်ကို လာခြောက်နေမလား ဆိုပြီးတော့ တွေး ကြောက်နေမည့်အစား သူတို.အတွက် လုပ်ပေးနိုင်တာက ကျမတို. ဘုရားရှိခိုး ကောင်းမှုကုသိုလ်ပြုတိုင်း သူတိုအတွက် မေတ္တာပို. အမျှဝေပေးခြင်းသာလျှင် အမှန်အကန်ဆုံး အလုပ်ဟု ကျမတော့ ကျမ ယုံကြည်မိပါသည်။