Menu bar

4 February 2014

ကျမရဲ. နာမည်ကြီး လူနာများ

အားကစားပိုင်းမှာ လုပ်နေရတော့ မကြာခဏ ကျမ အမေးခံရတဲ့ မေးခွန်းလေးတခု ရှိပါတယ်။ နင့်ရဲ. လူနာတွေထဲမှာ နာမည် အကြီးဆုံးက ဘယ်သူလဲတဲ့။ ၂ခါ ၃ခါမက မကြာခဏကို အမေးခံခဲ့ရပါတယ်။ အမေးခံရတိုင်းလဲ ကျမ ဘာပြန်ဖြေရမှန်း မသိခဲ့ပါ။ လူနာတွေရဲ. အကြောင်း မပြောရဘူးဆိုတဲ့ Patients Confidentiality ဆိုတဲ့ ဆရာဝန်တယောက်ရဲ. တာဝန် စည်းကမ်းကလဲ ရှိနေပါတယ်။ ဒါပေမယ့် နာမည်လေး ပြောရုံနဲ.ရော ဒီ Patients Confidentiality  ဆိုတာကြီးက ဖောက်ပျက်ရာ ရောက်ပြန်သလား ကျမ မသိပါ။ ဒီနေရမှာ အဖြူအမဲဆိုတာ ခွဲလို.မရတဲ့ Grey area ညိုညိုမဲမဲ နေရာ တခုပဲ ဆိုပါတော့။ 

ဒါနဲ. မေးခွန်းရဲ. အဖြေကို ကျမ မကြာခဏ ပြန်စဉ်းစား ဖူးပါတယ်။ ကျမရဲ. လူနာတွေထဲမှာ ဘယ်သူကများ နာမည် အကျော်ဆုံး လူသိအများဆုံးပါလဲ။ ငယ်ကထဲက ဘောလုံးပွဲကြည့်ရတာ ဝါသနာပါသူဆိုတော့ ဒီမေးခွန်း စဉ်းစားလိုက်တိုင်း ဘောလုံးပဲ ခေါင်းထဲ အတွေးထဲ အရင်ဆုံး အမြဲ ဝင်လာတတ်ပါတယ်။ 

အင်္ဂလန်ရဲ. ဘောလုံးအသင်းတွေအားလုံး လေ့ကျင့်တဲ့နေရာ St Georges Park မှာ အလုပ်လုပ်တဲ့ ကျမအတွက် အင်္ဂလန်အသင်းမှ ဘောလုံးသမားများ မန်နေဂျာများအားလုံး ကျမ  ကူညီဖူးတယ်ဆိုပါတော့။ သူတို. လေ့ကျင့်ရင်း ဒါဏ်ရာ တခုခုများရမလား စောင့်ပေးရတာ (သူတို.ရဲ. အသင်း ဆရာဝန် ကျမရဲ. ဘော့စ်ကတော့ ရှိတာပေါ့)၊ နှစ်စဉ်ကူညီပေးရတဲ့ သူတို.ရဲ. Fitness Screening၊ ခရီးမသွားခင် ထိုးပေးရတဲ့ Travel immunization .. ဒါတွေ ပုံမှန်လုပ်ပေးရတော့ သူတို.က ကျမရဲ. နာမည်အကြီးဆုံး လူနာတွေလို. ပြောလို.ရလေမလား။

မန်နေဂျာတွေ အကြောင်း ပြောရရင်လဲ အခု Premier League ဘောလုံး အသင်းတွေရဲ မန်နေဂျာ အားလုံးနီးနီး မရှိဘူးဆို အနဲဆုံး ၅၀ရာခိုင်နှုန်းကျော် ကျမကြည့်ရှု ပေးခဲ့ရပါတယ်။ သူတို.မှာ ဘောလုံး မန်နေဂျာဖြစ်ဖို. (Fitness to Perform) လိုအပ်တဲ့ ကျန်းမာရေး အဆင့် ရှိပါတယ် ဆိုတာ နှစ်စဉ် ကျမအလုပ်လုပ်တဲ့ St Georges Park မှာ လာလာ စစ်ရတာလေ။ အဲဒီ အလုပ်ကို ဆရာဝန် အနေနဲ. ကျမကပဲ ဦးဆောင်ပြီး လုပ်ပေးတာပါ။ ဒါဆိုသူတို.ကရော နာမည်ကြီးတွေထဲ လူအသိအများဆုံးတွေထဲ ပါလေမလား။

ကျမအနေနဲ. West Bromwich ဘောလုံးပွဲမှာလဲ ဆေးခန်းထိုင် သူတို.ရဲ. ပထမ အသင်းသား အားလုံးကို ဒီနှစ် season စချိန်လောက်တုန်းက ကြည့်ပေးဖူးပါတယ်။ Birmingham City ဘောလုံး အသင်းကတော့ ပြောမနေပါနဲ.တော့။ လွန်ခဲ့တဲ့ ၃နှစ်လုံး ကျမက ဒီအသင်းရဲ. ဆရာဝန် ၂ယောက်ထဲက တယောက်ဆိုတော့ သူတိုရဲ. ပြဿနာပေါင်း သောင်းခြောက်ထောင်ကို ဖြေရှင်းပေးနေကျပါ။ အဲဒီတော့ ဒီအသင်းတွေကရော ဘယ်သူကများ နာမည် အကြီးဆုံး ဖြစ်လေမလဲ။ 

အမျိုးသမီး ဘောလုံး အသင်းက အမျိုးသားလောက် နာမည် မကျော်တော့ ဒီစာရင်းထဲ ဝင်နိုင်မယ်မထင်။ 

ဒါနဲ. ဘောလုံး မဟုတ်ပဲ တခြား အားကစားဆိုရင်ရော။ ဘယ်ဟာကများ နာမည်ကျော်မလဲ စဉ်းစား မိပြန်တယ်။ 

ကျမလုပ်ခဲ့တဲ့ အားကစားတွေကလဲ အလွန်များသကိုး။ အိုလန်ပစ်မှာတုန်းက ဘော်လီဘော နဲ. ကမ်းခြေဘော်လီဘော၊ နောက် ဒိုင်း ဗင်း  စက်ဘီး  လှေလှော် Gymnastics (ဂျွန်းဘား) အစရှိသဖြင့် ကမ္ဘာ့ချန်ပီယန်ပြိုင်ပွဲတွေမှာ လုပ်ခဲ့တော့ ကမ္ဘာအရပ်ရပ်က အတော်ဆုံး အားကစားသမားတွေနဲ. တွေ.ခဲ့ ကြုံခဲ့ ကုပေးခဲ့ရတာတွေရှိပါတယ်။ 

နောက် ကမ္ဘာ့ နံပါတ် ၁ (အခုတော့ ၂လားမသိ) Australia Netball ... ကမ္ဘာနံပါတ် ၃ England Netball အသင်း .. အင်္ဂလန်ဟော်ကီ .. Great Britain Basketball team အစရှိတာတွေ မျိုးစုံနဲ.လဲ လုပ်ခဲ့ဖူးလေတော့ သူတို.ကရော ဘယ်လောက် နာမည်ကြီးတဲ့ အထဲ ပါမလဲ မသိပါ။ 

စဉ်းစားရင်း စာရင်းကတော့ ရှည်လာပါတယ်။ ဒါပေမယ့် ဘယ်သူတယောက်ထဲကမှ နာပါတ် ၁ နေရာ ရောက်မလာပါ။ 

ကွမ်းခြံကုန်းဆိုတဲ့ တော့မြို.ကလေးမှာ ကြီးပြင်းခဲ့တဲ့ ကျမ ငယ်ငယ်က စိတ်ကူးယဉ် အိပ်မက် မက်ခဲ့ဖူးပါတယ်။ ငါကြီးလာရင် နိုင်ငံခြားမှာ ပညာတွေသင်နိုင်တဲ့သူ ကမ္ဘာအနှံ.ခရီးတွေ လျှောက်သွားနိုင်တဲ့သူ ဖြစ်ချင်တယ်လိုလေ။ ပညာတွေလဲ သင်ရပါတယ် (မသင်ချင်မှ အဆုံး ဆိုပါတော့)။ ခရီးတွေလဲ သွားရလွန်းလို. အခုတော လျှော့ပြီး အိမ်မှာပုံမှန် အလုပ်လုပ်နိုင်အောင် ကျိုးစားနေရပါတယ်။ ကမ္ဘာအရပ်ရပ်တော့ စုံလို.မဟုတ်၊ ယောက်ျား complaint လုပ်တာခံရလွန်းလို.ပါ။ ကျမရဲ. အိပ်မက်ကလေးတွေ အကောင်အထည်ပေါ်လာတာ ပြောတာပါ။ 

အခုတော့ ကျမ အိပ်မက်အသစ်တခု ထပ်မက်မိတယ်။ ကျမရဲ. အိပ်မက် အများကြီးတွေထဲက တခုဆိုပါတော့။ အင်္ဂလန်အသင်းရဲ. ဆရာဝန်အဖြစ်နဲ. ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်ဖို.လေ ... ဟီးဟီး။ 

အိပ်မက်ဆိုတာ တကယ်ယုံကြည်ရင် တကယ်အမှန် ဖြစ်မြောက်လာတတ်တယ်တဲ့။ အဲဒီတော့ ကျမလဲ ယုံကြည်စွာ ဆက်လက် မျှော်လင့် စောင့်စားလို. ...... ဒီစာကို ဒီမှာပဲ ရပ်လိုက်ပါတော့တယ်။

21 December 2013

Taping in Sport Medicine

မြန်မာမှာ SEA Games တွေ လုပ်နေတာ မြန်မာ ဘောလုံးပွဲတွေ ကြည့်ပြီးတော့ တချို. အားကစားသမားတွေ အထူးသဖြင့် မလေးရှားက ဘောလုံးသမားတွေ Kinesio Tape တွေ ကပ်ထားတာ သတိထားမိလိုက်ပါတယ်။ 


အားကစား ဆေးပညာမှာ ဒီ Tape တွေ ကို အလွန်.အလွန် သုံးကြပါတယ်။ ဥပမာ ဘောလုံးပွဲ တခုမစခင် သူတို.ရဲ. အဝတ်လဲခန်းထဲ ဝင်ကြည့်လိုက်ရင် ဘောလုံးသမားတွေ တယောက်ပြီး တယောက် Tape တွေများစွာနဲ အလွန် အလုပ်ရှုပ်နေတဲ့ Physiotherapist ကို တွေ.ရပါလိမ့်မယ်။ တခြားအားကစားတွေမှာ ခန္တာကိုယ် နေရာအနှံ. ဖြစ်နိုင်ပေမယ့် ဘောလုံးမှာတော အများဆုံး လိုအပ်တတ်တာ ခြေကျင်းဝတ်ပါ။ မြန်မာ ဘောလုံးသမား ကျော်လင်းလို ခြေကျင်းဝတ် ဒါဏ်ရာမရအောင်၊ ရပြီးသား ဒါဏ်ရာ ပြန်မဖြစ်အောင် ကာကွယ်ဖို. ဆိုပါတော့။ 

ဒါနဲ. Tape အကြောင်းနဲနဲ ရှင်းပြရရင် အဓိက အခြေခံအားဖြင့်တော့ ၂မျိုးရှိပါတယ်။ 


ပထမ တမျိုးက Athletic tape ဒါမှမဟုတ် Zine Oxide tape လို.ခေါ်တာပါ။ ဒီ tape ရဲ. အဓိက ရည်ရွယ်ချက်က ခန္ဓာကိုယ်မှာ Support ဒါမှမဟုတ် Stability ရအောင် အတွက် သုံးပါတယ်။ ဥပမာ ခြေကျင်းဝတ်က အရွတ် (Ligament) ဒါဏ်ရာ ရသွားတယ် ဆိုပါတော့။ ဒီ Zinc Oxide tape နဲ.သုံးပြီး ခြေကျင်းဝတ်ရဲ. လှုပ်ရှားမှုကို အထောက့်အပံ့ ဖြစ်အောင်၊ ခြေခေါက်လဲတာကို ကာကွယ်ရအောင် သုံးပါတယ်။ ဒီ tape ရဲ. ကောင်းကျိုးဟာ သုတေသန စာစောင်တွေ များစွာမှာ သက်သေပြုထားပြီးသားပါ။



ဒုတိယ Tape အမျိုးအစားကတော့ Kinesiology tape လို.ခေါ်ပါတယ်။ ဂျပန်ကြီး တယောက် ရှာတွေ.ပြီး စတင် အသုံးပြုခဲ့တာပါ။ ဒီ tape ကိုတော့ နာနေတဲ့ ကြွက်သားကို အနာရော့အောင်၊ ကြွက်သားရဲ. ဝန်နဲအောင် လုပ်လို.ရသလို (Muscle inhibition and reduce loading)၊ သိပ် အသုံးမပြုမိတဲ့ ကြွက်သားတွေကို နှိုးဆွစေဖို. အနေနဲ.လဲ (Activation) သုံးလို.ရပါတယ်။ ဒါဏ်ရာရထားတဲ့ နေရာကို (ဥပမာ ဘောလုံးကန်ရင်း ကိုယ့်ပေါင်ကို မတော်မဆ အကန် ခံရတယ် ဆိုပါတော့) ဒါနဲ. ကပ်ထားရင် နောက်နေ. ရောင်လာတာ မရှိအောင် အရောင်နဲအောင် ကာကွယ်လို.ရပါတယ်။ တချို. အရွတ်တွေ ရောင်တယ် နာတယ်ဆိုရင်လဲ (Tendinopathy) ဒါလေးသာ ကျွမ်းကျင်စွာ နည်းလမ်းကျအောင် ကပ်ပေးလိုက်၊ အနာက ချက်ချင်း ပျောက်သွားပြီး လူနာ ကျေးဇူး အတန်တန် တင်တာကို ခံရတတ်ပါတယ်။ တခါတရံ.မှာ ပြတ်နေ ဒါဏ်ရာရနေတဲ့ အဆစ်နဲ. အရွတ် အတွက် အသုံးပြုလို.ရပေမယ့် athletic tape လောက်တော့ support  မလုပ်ပေးနိုင်ပါ။ နိုင်ငံ အတော်များများရဲ. အားကစား ဆေးပညာမှာ အလွန် ပေါ်ပြူလာဖြစ် အသုံးများတဲ့ tape  ပါ။ အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံနဲ.လဲ လာပါတယ်။ သုတေသနတွေမှာ သူ.ရဲ. ကောင်းကျိုးကို အသေအချာ သက်သေမပြနိုင်ပေမယ့် အားကစား ဆေးပညာမှာတော့ အလွန်အသုံးများတဲ့ အရေးပါတဲ့ အရာ တခုပါပဲ။


အဓိက အားကစား ဆေးပညာမှာ သုံးတဲ့ Tape တွေရဲ. အကြောင်း အတိုချုပ်ကတော့ ဒီမျှပါပဲရှင်။

Disclaimer: Photos are taken from the internet randomly. No copyright infringement intended.

31 July 2013

အားကစားသမားနဲ. အာဟာရ

မနေ.က ကျမ အမျိုးသားက ပြောတယ်။ သူသတင်း စာစောင်တခုမှာ ဖတ်ရတာ မြန်မာ အားကစားသမားတွေ ပြိုင်ပွဲဝင်ဖို. အတွက် လေ့ကျင့်ဖို. စခန်းထိုး Camp လုပ်ရင် အစားတွေ တအားကျွေးတယ်တဲ့။ အဲဒီတော့ အားကစား သမားတွေ လာတုန်းက ခပ်ပိန်ပိန်ရယ်၊ camp က ပြန်သွားရင် ဝတုတ်ကြီးတွေ ဖြစ်သွားကြတယ်တဲ့။ ဒီသတင်း ကျမကိုယ်တိုင် ဖတ်ရတာ မဟုတ်သလို ဘယ်လောက်မှန်သလဲ ဆိုတာလဲ ကျမမသိပါ။

ကျမတော့ အားကစားသမား Training ကိုလာပြီး ကိုယ်အလေးချိန် တက်လာတယ် ဆိုတာ ဖြစ်နိုင်မယ် မထင်။ ဒီသတင်း တကယ် မှန်တယ်ဆိုရင်တော့ တခုထဲသော ဖြစ်နိုင်ခြေက အားကစားသမားတွေ လေ့ကျင့်ဖို.လာပေမယ့် သေသေချာချာ လေ့ကျင့်တာ ကစားတာ မလုပ်ကြလို.။ ဒါမှမဟုတ် စားတဲ့ အစားအစာတွေက ကျန်းမာရေးနဲ. မညီညွတ်လို. ဖြစ်ပါလိမ့်မယ်။ ဥပမာ ဆီပြန်စာတွေ အစားများပြီး အစာမကျေနိုင်၊ အဲဒီတော့ Training ကောင်းကောင်း မလုပ်နိုင် ဆိုတာ မျိုးလိုပေါ့။

ကျမတော့ ဒီက အားကစားပွဲတွေရဲ. Training Camp တွေကို ဆရာဝန် အနေနဲ. လိုက်သွားရတိုင်း ဝိတ်ကျရင်ကျ မကျရင်တောင် ပိုကျန်းမာလာတယ် ဆိုတဲ့ ခံစားချက်နဲ. ပြန်လာရတာ များပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူတို. ကျွေးတဲ့ အစားအသောက်တွေက အာဟာရနဲ. အလွန် ညီညွတ်တာကိုး။ ဟင်းသီးဟင်းရွက် အသားငါး အသီးအနှံ တကယ် စုံလင်စွာ ပါတာကိုး။ အစားကို လျှော့စားစရာကို မလို။ မနက်စာ၊ နေ.လည်စာ၊ ညနေစာ၊ ညအိပ်ယာမဝင်မှီ အစာ အပြင်၊ ပြိုင်ပွဲ သို.မဟုတ် လေ့ကျင့်ခန်း မသွားမှီ တနပ်၊ တနေ. ၅နပ် စားရတာတောင် ဘယ်သူမှ အလေးချိန် တက်လာတယ်ရယ်လို. မရှိ။ တကယ်ပြောတာပါ ပန်းကန် အမောက် တနေ. ၅နပ်စားရတာ။ အားကစားသမားတွေဆို မောမောနဲ. ၂ပန်းကန် ၃ပန်းကန် စားကြတဲ့  အပြင် သူတို.အတွက် training ပြီးတိုင်း Amino acids နဲ. Carbohydrate တွေ အများကြီးပါတဲ့ Recovery Drinks တွေ သောက်ကြပါသေးတယ်။ မနက်ခင်းတိုင်းလဲ ကျမတို. ကိုယ် အလေးချိန်ချိန်တာ ခန္တာကိုယ် ရေဓါတ် တိုင်းဖို.ဆီးစစ်တာ ((Dehydration) ဆိုတာတွေ လုပ်ရပါတယ်။  

သုတေသန သတင်း အချက်အလက်တွေ အရ ဘောလုံးသမား ဘောလုံးပွဲ တပွဲကန်ရင် အင်နာဂျီ ကယ်လိုရီ ၁၅၀၀ လောက် ပျမ်းမျှ ကုန်တယ်တဲ့။ အဲဒီ ကယ်လိုရီ ပမာဏဟာ ကျမတို. မိန်းကလေးတွေမှာ (ဘာလေ့ကျင့်ခန်းမှ မလုပ်ပဲ) တနေ.တာ အတွက် လိုအပ်တဲ့ ကယ်လိုရီ နဲ. ညီမျှပါတယ်။ ရှင်းရှင်းလေး ပြန်ပြောရရင် ဘောလုံး တပွဲကန်လိုက်တဲ့ အတွက် အင်နာဂျီ ကုန်သွားတာ ပြန်ဖြည့်စီးဖို. ဆိုရင် အနဲဆုံး ကျမတို. မိန်းကလေးတွေ တနေ.တာ စားသောက်တဲ့ အစာ အားလုံးရဲ. ၂ဆ ပြန်စားပေးဖို.လိုအပ် ပါတယ်။ ကဲ အဲဒီတော့ တနေ. အနဲဆုံး ၃ချိန်လောက် လေ့ကျင့်ရတဲ့ (ဘောလုံးပွဲ ၃ပွဲတာလောက်ရှိတဲ့) Training camp မှာ ၁ပတ်လာ နေလိုက်လို. ကိုယ်အလေးချိန်တွေ တက်ပြီး ပြန်သွားရတယ် ဆိုတာ ဘယ်လို ဖြစ်နိုင်မှာလဲ နော်။

တွေးမိတဲ့ အတွေးလေး တခုရယ်ပါ။

27 July 2013

ကျမနဲ. ဘီတပ်ကုလားထိုင်

တနေ.ကပေါ့ ကျမလုပ်တဲ့ ဆေးရုံမှာ ဘီးတပ်ကုလားထိုင်လေးတွေ သွားကြည့်မိတယ်။ အားကစားမှာလဲ မသန်စွမ်းသူများက ဘီးတပ်ကုလားထိုင်နဲ. ကစားနည်းမျိုးစုံ ကစားတာရှိတော့ သူတို. သုံးတဲ့ ကုလားထိုင်တွေ ကျမလဲ နားလည်ထားအောင် သွားလေ့လာတဲ့ သဘောပါ။ အဲဒီမှာ သဘောကောင်းတဲ့ ဆရာကြီးတယောက်က ဒါဆိုလဲ ဘီးတပ်ကုလားထိုင် တခုလောက် ယူပြီး ဆေးရုံဘေးပတ်ဝန်းကျင် လျှောက်မောင်းကြည့်ပါလားတဲ့။ အဲဒီတော့ ကျမ တွေးမိတာ ဘီးတပ် လက်တွန်းလှဲ ဆိုရင်တော့ ကျမ လက်မောင်းက အဲလောက် သန်တာမဟုတ်။ ပင်ပန်းရော့မယ်။ လျှပ်စစ်နဲ. လုပ်တဲ့ ကုလားထိုင်လေးတွေ ဆိုရင်တော့ လက်ညှိုး လက်မ ၂ ချောင်းထဲနဲ. မောင်းလိုရတော့ စမ်းကြည့်တာပေါ့ ဆိုပြီး ကျမနဲ. အသိ လုပ်ဖေါ်ကိုင်ဖက် ကောင်မလေးတယောက်နဲ. အတူ ဆေးရုံ အပြင်ဘက်ကို လျှပ်စစ် ဘီးတပ် ကုလားထိုင် တယောက်တလုံးနဲ. ထွက်ဖြစ်ခဲ့ ကြပါတယ်။ 

စမောင်းခါစဆိုတော့ ဟိုယိုင်ယိုင် ဒီယိုင်ယိုင်၊ ဟိုတိုးလိုက် ဒီတိုးလိုက်။ လမ်းမှာတွေ.တဲ့ လမ်းသွားလမ်းလာတွေတော့ ကျမတို.ကို ကြည့်ပြီး မသန်မစွန်းသူ ကောင်မလေးတွေ တကယ်ထင်ပြီး တချို.လဲ သနားတဲ့ မျက်လုံးလေးတွေနဲ.။ တချို.လဲ သေသေချာချာ လမ်းဖယ်ပေးကြ။ တချို.ကလဲ အားပေးတဲ့ အပြုံးလေးတွေ ပြုံးပြသွားသေး။ တချို.ကတော့ ကျမတို.လမ်းကျဉ်းလေးကို မရမက ဖြတ်နေတော့ ဘာကူပေးရမလဲ အဆင်ပြေရဲ.လား ဆိုပြီး ဖေါ်ရွှေတဲ့ အပြုံးတွေနဲ. လာကူပေးကြ ပြန်ပါတယ်။ လမ်းကူးတော့လဲ ကားတွေက ကျမတို. လမ်းဖြတ်ပြီးတဲ့ အထိ စိတ်ရှည်လက်ရှည်နဲ. စောင့်ပေးကြပါတယ်။ တချို.ဆို လက်တောင် ပြသွားလိုက်သေး။

ကျမတော့ စိတ်ထဲ တမျိုးချည်း ဖြစ်မိတာ အမှန်။ ဘယ်လို ပြန်ပြောရမယ် မပြောတတ်။ တခါတလေ လမ်းဖြတ်ကူးရမယ်ဆိုရင် စိတ်ထဲ ကြောက်တာ စိုးရိမ်တာမျိုး ဖြစ်မိသလို၊ လမ်းက မညီညာ အဖုအထစ်တွေ များနေရင် ငါဖြတ်လိုရပါ့မလား ပူပန်မိတာလဲ မကြာခဏပါ။ ဘေးကလူတွေရဲ. ဂရုဏာ အပြုံးတွေကို ကြည့်ပြီးတော့လဲ တကယ် မသန်းစွမ်းသူတွေ ဘယ်လိုများ ခံစားရမလဲ တွေးမိတာ အမှန်။

ဒီမှာ ဒုက္ခတွေ.စရာက ပေါ်လာသေး။ ကျမရဲ. ဘီးတပ်ကုလားထိုင် ဘီးက မြေနိမ့်ထဲ ကျွန်ကျပြီး ပြန်ရုန်းလို မရတော့။ ကားဘီး နွံနှစ်သလို ဘီးက တဝှီဝှီလယ်ပြီး ကုလားထိုင်က မရွေ.။ ကျမလဲ ဘာလုပ်ရမှန်းမသိ။ အဲဒီအချိန်မှ ခပ်တည်တည်နဲ. ဘီးတပ်ကုလားထိုင်ပေါ်က ထပြီး ကုလားထိုင်မရွှေ.ရင်လဲ ဘေးကလူတွေ၊ စောစောက ဂရုဏာ အပြုံးနဲ.လူတွေ၊ တွေ.သွားရင် ကျမကို ဒုက္ခသည် ယောင်ဆောင်သူဆိုပြီး ကလော်ဆဲတော့မယ်။ ထမရ ပြုမရ၊ ဘီးကလဲ မရွေ. ကျမ တော်တော် ချွေးပြန်သွားခဲ့ရပါတယ်။ တော်ပါသေးတယ်။ လမ်းဟို တဘက်ချမ်းက လူတယောက်က လာပြီး တွန်းမပြီး လမ်းပေါ်ပြန်တင်ပေးလို. ပြန်ဆက်သွားလို.ရသွားပါတယ်။ တကယ် မသန်စွမ်းသူသာဆိုရင် ဘယ်လောက်တောင်များ စိုးရိမ် ကြောက်စိတ်ဝင်သွားမလဲနော်။

အဲဒီလိုနဲ. ၁နာရီနီးနီး ကျမတို ၂ယောက် တွေ.ရာ လမ်းလျှောက်မောင်းပြီး ဆေးရုံထဲ အဆင်ပြေစွာ ပြန်ရောက်လာပါတယ်။ ကဲ ဘာ အထစ်အငေါ့မှ မရှိ။ လူကလဲ ဘီးတပ်ကုလားထိုင်ပေါ်မှာ နဲနဲ ရဲလာပြီ။ အားလုံးလဲ ပြီးပြီဆိုတဲ့ စိတ်နဲ. ဆေးရုံ ရှေ.တဲ့တဲ့ ပလက်ဖေါင်းပေါ် ကျမ အရှိန်နဲ. တက်လိုက်တာ ပလက်ဖေါင်းက နဲနဲ မြင့်ပြီး အဖုဖြစ်နေတော့ ကုလားထိုင်က ဝုန်းကနဲ ဆောင့်ခုန်လိုက်တာ ကျမလဲ အုန်းကနဲ ကုလားထိုင်ပေါ်က မြောက်တက်ပြီး လမ်းမပေါ် ဖင်နဲ ပြုတ်ကျပါရော။ ဆေးရုံရှေ.တဲ့တဲ့ လူနာတင်ယဉ်တွေ ရပ်ထားတဲ့နေရာ။ Paramedics လို.ခေါ်တဲ့ ရှေးဦးပြု ကုသတဲ့ သူတွေရဲ. ရှေ.တဲ့တဲ့ကို ပြုတ်ကျတာ။ သူတို.က ကျမကို သိနေပြီးသား သူတွေဆိုတော့ တကယ် မသန်စွမ်းသူ မဟုတ်မှန်း သိနေတော့ ရယ်ချင်တဲ့ မျက်နှာတွေနဲ. တခွိခွိ လုပ်ပြီး .. “အဆင်ပြေရဲ.လား၊ ဘယ်နားနာသွားလဲ” လာမေးကြ လာထူပေးကြပါရော။ ကျမလဲ အရှက်ပြေ ရယ်ကျဲကျဲ နဲ. .. “ဟဲဟဲ နာပါဘူး ရပါတယ် ရပါတယ်” ဆိုပြီး .... ကျမရဲ. တနေ.တာ စွန်.စားခန်းလေး ပြီးစီးသွားခဲ့ရပါတယ်။ 

12 July 2013

ခါးနာတတ်သူ နဲ. ပိုးသတ်ဆေး

တလောက ထွက်လာတဲ့ စာစောင်တချို.မှာ ဖေါ်ပြထားတဲ့ နာတာရှည် ခါးနာတတ်သူတွေနဲ. ရက် ၁၀၀ ပိုးသတ်ဆေးကုထုံးကို လူအတော်များများ စိတ်ဝင်တစားရှိလှ ပါတယ်။ 

အထူးသဖြင့် အနောက်နိုင်ငံမှာ ခါးနာတဲ့သူတွေ အလွန်ပေါပါတယ်။ နေမကောင်းလို. အလုပ်မလုပ်နိုင်တဲ့ Off Sick ခေါ်ရတဲ့ ရောဂါတွေထဲမှာ ခါးနာတာက နံပါတ် ၁ ကနေ ၅ အတွင်းမှာ ရှိပါတယ်။ ဆေးရုံ ဆေးခန်းမှာတွေ.ရတဲ့ လူနာတွေ လုပ်ဖေါ်ကိုင်ဖက် တွေမှာလဲ အတော်များများဟာ ခါးနာတတ်သူတွေ ဖြစ်နေပြန်တယ်။

ပုံမှန်ဆိုရင် ခါးနာတတ်သူတွေကို exercises (အများအားဖြင့်တော့ ကျမတို. ခေါ်တဲ့ Core muscle exercises/ Core stability exercises) ဆိုတာတွေနဲ. သက်သာအောင် နောက်ထပ်မဖြစ်အောင် သင်ပြ ရှင်းပြ ရပါတယ်။ တချို.လဲ သက်သာသွားပြီး တချို.ကြတော့လဲ  Private Physio/ Chiropracter ဆိုတာတွေနဲ. အပ်စိုက်တာ၊ နှိပ်တာ၊ အဆစ်တွေ လျော့အောင် manipulation ဆိုတာတွေ အမျိုးမျိုး စမ်းသပ် ကုကြတာတွေလဲ ရှိပါတယ်။ ပျောက်တဲ့သူ ရှိသလို ဆရာများ သားသေ၊ ပိုဆိုးပြီး နာတာရှည် ဖြစ်ကုန်တာတွေကလဲ အလွန်များတာကိုး။ ခက်တာက ဒီနိုင်ငံမှာ Benefits/ compensation ဆိုတာတွေက ရှိတော့ အလုပ်မလုပ်နိုင်ရင် အစိုးရ ထောက်ပံ့စာနဲ.သက်တောင့်သက်သာ အိမ်မှာနေပြီး ကောင်းကောင်း စားလို. နေလို.ရပါတယ်။ အဲဒီတော့ တချို.ကလဲ ရောဂါ မသက်သာချင်တော့ ..။ အဲဒီတော့ အခက်တွေ.တာ ကျမတို.လို ကျန်းမာရေး နယ်ထဲကသူတွေ။ 

ခါးနာရခြင်း အကြောင်းရင်းကလဲ အမျိုးမျိုး ရှိပါတယ်။ ခါးမှာ Vertebra ဆိုတဲ့ အရိုးလေးတွေရှိပါတယ်။ vertebra တွေရဲ. ကြားမှာ Disc ဆိုတဲ့ အရိုးပါး ဂျက်လီ အိပ်ကလေးတွေ ရှိပါတယ်။ vertebra တွေ ကြားထဲကနေ အာရုံကြောလေးတွေ ထွက်လာပြီး ခြေထောက်ထဲကို သွားကြတယ်။  vertebras အရိုးတွေ သူ.နေရာ တကျရှိအောင် ထောက်ခံပေးထားတဲ့ ကြွက်သား အရွတ်(fascia) ဆိုတာတွေကလဲ ရှိပါတယ်။ 

အဲဒီတော့ ခါးနာတာ ဘေးထောက်ခံထားတဲ့ ကြွက်သား အရွတ်တွေက နာတာလား (ကျမတိုခေါ်တဲ့ Mechanical back pain)။ Disc ကလေး ပေါက်သွား ကျွန်သွားပြီး နာတာလား။ ခါးမှာ အာရုံကြောညှပ်မိပြီးနာတာလား အစရှိသဖြင့်ပေါ့။ ရှင်းရရင် စာအလွန် ရှည်သွားမှာမို .... အားလုံး ကျော်ချပါပြီ။

အခုပြောမှာက Disc ကြောင့် ဖြစ်တဲ့ ခါးနာတတ်သူတွေ။ Disc က အကြောင်းအမျိုးမျိုးကြောင့် ပေါက်သွားပြီး အထဲက ဂျယ်လီလို အရာလေးတွေ ကျွန်ထွက်လာပြီး ဘေးမှာရှိတဲ အာရုံကြောလေးတွေကို သွားဖိမိတတ်ပါတယ်။ တချို. လူနာတွေကတော့ ဘာမှ လုပ်စရာမလို အချိန်ကြာလာတာနဲ. အမျှ ပျောက်သွားတတ်ပေမယ့် တချို.လူနာတွေမှာတော့ steoid နဲ. Nerve Block ဆေးထိုးပေးရတာ၊ ဒါမှမသက်သာသေးရင် ခွဲကုရတဲ့ Microdiscetomy (ကျွန်နေတဲ့ disc နေရာလေး လှီးထုတ်ပစ်တာ) Vertebra fusion (disc တခုလုံး ဖယ်ထုတ်ပြီး အရိုး ၂ခု ဆက်လိုက်တာ) ဆိုတာမျိုးတွေ လုပ်ရပါတယ်။ 

အဲဒီမှာ သုတေသန အုပ်စု တစုက တွေ.လာတာ လူနာအများစုရဲ. ဖယ်ထုတ်လိုက်တဲ့ disc မှာ Propionbacterium acnes လို.ခေါ်တဲ့ ပိုးဝင်နေတာ တွေ.ရတယ်တဲ့။ 

ဒါနဲ. လူနာ အုပ်စု တစု (Disc ကျွန်ပြီး ၆လကျော် ခါးနာသူများ၊ MRI scan မှာ disc protrusion + Modic changes (ဘေးက vertebra အရိုးမှာ ရောင်နေတာ) ရှိတဲသူတွေ) စုပြီး ရက် ၁၀၀ ပိုးသတ်ဆေး (Amoxicillin + Clavulanic acid 500/125) ကိုပေးကြည့်ပါတယ်။ ၆လ၊ ၉လ၊ ၁နှစ် follow up မှာ ပိုးသတ်ဆေး သောက်တဲ့ သူတွေက Placebo သောက်သူတွေထက် သိသိသာသာ  တော်တော် သက်သာလာတာ တွေ.ရသတဲ့။ 

စာရေးပျင်းတော့ သေသေချာချာ အသေးစိပ်တော့ မရေးတော့ပါ။ ဒါပေမယ့်တွေးမိတာက မြန်မာနိုင်ငံမှာလို ပိုးသတ်ဆေး အကန်းအသပ် အတားအမြစ် မရှိ တွင်တွင်သုံးပြီး Physio ကောင်းကောင်း မရှိတဲ့ နိုင်ငံလိုမျိုးမှာ ဒါဟာ နာတာရှည် ခါးနာသူတွေအတွက် ပုစ္ဆာ အဖြေ တခုများ ဖြစ်လာ မလားလို.ပါ။ 

18 May 2013

Foam Rolling

အသက်ကကြီးလာတော့ မကြာခဏ တကိုယ်လုံး ကိုက်တတ်ခဲတတ်နဲ.။ ငယ်ငယ်ကဆို အိမ်က မွေးစားထားတဲ့ ကလေးမလေးတွေနဲ. တက်တက်နင်းခိုင်းရတာ ကျမ မှတ်မိပါသေးတယ်။ အဲလို ငယ်ကတဲက ညောင်းတတ်တာလေ။

အခုတော့ ကိုယ့်ကို နင်းပေးနှိပ်ပေးဖို. ဆိုတာ ဝေးလို. အင်္ဂလန်မှာ အစစအရာရာ ကိုယ်အားကိုယ်ကိုးရတာ။ ဒါပေမယ့် ဒီ Foam Roller ဆိုတာလေး ရှာတွေ.ထားတော့ အတော်လေး ဟန်ကျနေပါတယ်။ ဒီ Foam လေးပေါ်မှာပဲ ကိုယ့်ရဲ့ ခန္တာကို်ယ် အလေးချိန်လေးနဲ. အသာ လှိမ့်ပေးတော့ အနှိပ်ခံရတဲ့ အတိုင်း အလွန် အညောင်းပြေပါတယ်။ အရမ်းနာမှာလဲ မစိုးရိမ်ရတော့ပါ။ 

အဲဒီတော့ နှိပ်တာတွေ အကြောင်းပြောရရင် ဒီမှာ ဆေးပညာ (Physio/ Physical therapist) တွေရဲ. နည်းတွေနဲ. နှိပ်နည်း မြောက်များစွာရှိပါတယ်။ ကြွက်သားတွေကို နှိပ်နယ်ပေးတော့ သွေးလှဲ.ပတ်မှု အားကောင်းစေပါတယ်။ တချို.ကြွက်သားတွေ အရွတ်တွေမှာ ဒါဏ်ရာရပြီးတာပဲ ဖြစ်ဖြစ်၊ အသုံးများလွန်း အပြင်းအထန် အားကစားလုပ်ပြီးတော့ ပဲဖြစ်ဖြစ်၊ ကြွက်သားတွေ တင်းနေတတ်ပါတယ်။ ဒါဏ်ရာလေးတွေ ရပြီးတော့လဲ အနာရွတ်တွေဖြစ်ပြီး ကြွက်သားနဲ. အရွတ်တွေ ကပ်နေ (Adhesion)တာလဲ ဖြစ်တတ်ပါတယ်။ ဒါတွေကို သေသေချာချာ နှိပ်နယ် Foam roll လုပ်ပေးခြင်းနဲ. သက်သာစေပြီး ကြွက်သားတွေကို ပိုကျန်းမာစေသတဲ့။ Long and Strong Muscles လို.လဲ တင်စား ပြောကြပါသေးတယ်။ တချို.ကြွက်သားလေးတွေမှာတော့ အချိန်အလွန်ကြာ အသုံးပြုခံရတာ များလွန်းတော့ ကြွက်သား အထုံး အဖုအထစ် ကလေးတွေ ဖြစ်လာပြီး အာရုံကြောကိုပါ ထိခို်က်ပြီး နာတာကြင်တာတွေ ဖြစ်စေပါတယ်။ ဆေးပညာမှာတော့ Myofascial trigger points (Or) Myofascial refer pain လို.ခေါ်ပါတယ်။ ဒါတွေကိုလဲ Sport Massage နဲ. နှိပ်တာ ကောင်းကောင်းလုပ်ပေးတာနဲ.တင် ပြောက်ကင်းနိုင်ပါတယ်။ ကျမတွေ.ဖူးတဲ့ လူနာတချို. ပခုန်းနာ ခါးနာတာ နှစ်နဲချီကြာနေတာ အခုမှ Physiotherapist ကောင်းကောင်းနဲ.တွေ.ပြီး maunal therapy ကောင်းကောင်း အနှိပ်ခံလိုက်ရတာ နှစ်အတော်ကြာ နာနေတာတွေ ကြက်ပျောက်ငှက်ပျောက် ပျောက်ကင်းသွားတာတွေ တွေ.ဖူးပါတယ်။ 

Foam rolling နဲ.လဲ သေသေချာချာ အသုံးပြုတတ်ရင် အဲဒီလို အကျိုးအမြတ်မျိုး ရတာကြောင့် ဒီမှာတော့ အားကစား သမား တော်တော်များများ အသုံးပြုကြပါတယ်။ ကျမကိုယ်တိုင်ကတော့ အားကစား သမားတော့ မဟုတ်ပေမယ့်၊ သိပ်ညောင်းတတ်လွန်းတော့ ညနေစောင်း အိမ်ပြန်ရောက်ပြီး ဒီ Foam roller လေးနဲ.ပဲ ညားညားနေရတာ အတော်ကြာပါပြီ ပေါ့ကွယ်...။

20 February 2013

Oscar Pistorius - Highs and Lows, good and bad

အော်စကာ ပစ်စ်တိုးရိယပ်စ် ဆိုတဲ့ နာမည်ဟာ အားကစားတွေ အကြောင်းစိတ်ဝင်စားတဲ့ သူများ အများစု ကြားဖူးပြီးသား ဖြစ်နိုင်လောက်ပါမယ်။ ဒါမှမဟုတ် သတင်းဖတ်တဲ့ လူများ သူ.ရဲ့ လောလောလတ်လတ် မော်ဒယ်ရည်းစားကို သေနတ်နဲ. ပစ်သတ်တဲ့ သတင်းကို တွေ.မိဖတ်မိကောင်း ဖတ်မိပါလိမ့်မယ်။ သူဟာ ကျမရဲ့ အရင်က အားကစားသမားတွေ ထဲမှ ချီးကျူးအားကျခဲ့ရတဲ့ အားကစားသမား တယောက်လဲ ဖြစ်ခဲ့ပါတယ်။ ဟိုးအရင်ထဲက ကျမ အချိန်ရရင် သူ. အကြောင်းရေးဦးမယ် ဆိုပြီး အားခဲထားတာပါ။

သူဟာ တောင်အာဖရိကနိုင်ငံမှ ခြေနှစ်ဖက်လုံး ဖြတ်ထားပြီး အိုလန်ပစ်ရော၊ မသန်စွမ်းသူတွေပဲ ပြိုင်တဲ့ ပါရာအိုလန်ပစ်ရောမှာပါ ဝင်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်ကိုင်ထားသူ တစ်ဦး ဖြစ်ပါတယ်။ အခု အမြန်ဆုံး ဆိုတဲ့ world record ကို ကိုင်ထားသူလဲ ဖြစ်ပါတယ်။ သူ.ကို သူရဲ့ ခြေတုကြောင့် လူအများ၊ သတင်းစာတွေထဲမှာ Blade Runner လို.လဲ အသိများကြပါတယ်။

သူဟာ မွေးတုန်းက ခြေနှစ်ဖက်လုံးမှာ fibula လိုခေါ်တဲ့ အရိုးမပါဘဲ မွေးလာတဲ့ သူပါ။ အသက် ၁၁လသားအရွယ်မှာ ခြေနှစ်ဘက်လုံး ဒူခေါင်းအောက်ကနေ ဖြတ်လိုက်ရပါတယ်။ ငယ်စဉ်ကထဲက ခြေထောက်မရှိပေမယ့် ဘဝကို အရှုံးမပေး ခြေတုနဲ. အားကစားပေါင်း မြောက်များစွာမှာ ဝင်ပြိုင်ခဲ့ပါတယ်။ ဥပမာ အမေရိကန် ဘောလုံး (Rugby)၊ တင်းနစ်စ်၊ water polo နပန်းလုံး အစုံပါပဲ။ သူအသက် ၁၇နှစ်မှာ တာတို ပြေးတာ စလေ့ကျင့် ယှဉ်ပြိုင်ခဲပြီး၊ ၂၀၀၄ ပါရာအိုလန်ပစ်မှာ မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ကို ရခဲ့ပါတယ်။ 

14 February 2013

အားကစား ဖိနပ်လေးများ

ခြေလက်မသန်သူတွေ အတွက်လုပ်တဲ့ အားကစား (Paraolympics) ရဲ့ ပြေးခုန်ပြစ် ပြိုင်ပွဲတခုမှာ အိန္ဒိယက အားကစား သမား တယောက် ဖိနပ်မပါပဲ အမြင့်ခုန်တာကို ဒီနိုင်ငံမှ လူများစွာက “သနားပါတယ်” လို ပြောကြတာ ကျမ ကြားမိပါတယ်။ ကျမအတွက်တော့ ဖိနပ်မပါဘဲ အားကစားလုပ်တာ အထူးအဆန်းမဟုတ်လှ။ ဒီအနောက်နိုင်ငံမှာတော့ အားကစား အမျိုးမျိုး အတွက် ဖိနပ်အမျိုးအစားပေါင်း မြောက်များစွာ ရှိပါတယ်။ ဥပမာ ဘောလုံး၊ တာတိုပြေးတာ အစရှိသဖြင့်ပေါ့။ အဲဒီတော့ ကျမအနေနဲ.  နဲနဲ စူးစမ်းချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။ ဖိနပ် အမျိုးပေါင်း ဘယ်လောက်များ ရှိမလဲပေါ့။ 

ဘောလုံးက စပြောမယ်ဆိုရင် ဘောလုံးကန်တယ်ဆိုတာ မျက်ခင်းပြင်ပေါ် (Turf) မှာ ပြေးမယ်၊ ခုန်မယ်၊ ကန်မယ်၊ အမြန် ခန္တာကိုယ် အနေအထား ဦတည်ရာတွေ ပြောင်းရတာတွေ ရှိမယ်။ အဲဒီတော့ မျက်ခင်း (Turf) ပေါ်မှာ ချော်မလဲဘဲ ကုတ်ဆွဲထားပြီး ပြေးလွှားနိုင်မယ့် cleat Or Studs လို. ခေါ်တဲ့ အတက်ကလေးတွေ ဘောလုံး ဖိနပ်အောက်မှာ ရှိရပါတယ်။ သူတိုမရှိရင် မျက်ခင်းပြင်မှာ ချော်လဲနိုင်ပါတယ်။ ဒီထောက်တံ Stud တွေရဲ့ အရေအသွေးအပေါ် မတည်ပြီး ပျမ်းမျှ ဘောလုံး ဖိနပ်တရံရဲ့ တန်ဖိုးဟာ အင်္ဂလန်ပေါင် ၂၀၀ - ၃၀၀ ရှိတတ်ပါတယ်။ ပွဲမစခင်မှလဲ ဘောလုံးသမားတွေ ကွင်းထဲ မဝင်ခင် ဒိုင်လူကြီးဟာ အဝတ်လဲခန်း အပြင်ကနေ ဘောလုံးသမား တယောက်စီရဲ ဘိနပ်တွေ လာစစ်တာ လုပ်ရပါတယ်။ အမေရိကန်ဘောလုံး (Rugby) လဲ Studs ပါတဲ့ ဖိနပ်တွေနဲ.ပဲကစားတာပါ။

10 August 2012

မြန်မာ့ အားကစား ကမ္ဘာလွှမ်းဖို.

ပထမ မြန်မာ အားကစား သမားတွေ အိုလန်ပစ်လာပြိုင်မယ် ဆိုတာ သိရတုန်းကတော့ ဝမ်းသာအံ့သြ မိပါတယ်။  အခု ဘာဆုမှ မရပြန်တော့ အတော် အားမလို အားမရ ဖြစ်ရပြန်ပါတယ်။ ကိုယ့်အိမ်နီးချင်းနိုင်ငံတွေက ဆုတံဆိပ်တွေ အများကြီးနဲ.၊ တရုတ်ဆို ရွှေဆုတံဆိပ် အများဆုံး နံပါတ် ၁မှာ၊ ကိုရီးယား ဂျပန်တို.တိုတောင် တကမ္ဘာလုံးရဲ နံပါတ် ၁၀ အတွင်းလောက် ချိတ်နေတော့ ကိုယ့်နိုင်ငံကိုယ် ပိုအားမရ ဖြစ်ရပြန်ပါရော။ ငယ်က အငတ်တိုင်းပြည်ပါလို. ပြောစမှတ်ပြုတဲ့ အီသီရိုးပီးယားတောင်မှ ရွှေ ၂ခု ကြေး ၂ခု။

ဒါပေမယ့်လဲ ပြန်စဉ်းစားကြည့်တော့ ကိုယ့်နိုင်ငံက အားကစားအတွက် ထောက်ပံ့မှုနဲ. ငွေကြေးဆိုတာတွေ သိပ်မှမရှိတာနော။ အားကစားမှာ ဘယ်လိုပဲ "talent" ရှိရှိ၊ ဖြစ်နိုင်ခြေရှိပေမယ့် သူထူချွန်ရာကို တစိုက်မှတ်မှတ် မနေမနား၊ တခြားကိစ္စတွေ မပူရပဲ လေ့ကျင့်နိုင်မယ့် အခွင့်အရေးမျိုးမှ မရှိဘဲကိုး။ သူများ နိုင်ငံတွေမှာဆို အားကစား ထူချွန်ရင် အားကစား စကောလာနဲ. ကျောင်းကောင်းကောင်းတက်၊ လခ ကောင်းကောင်းရသကိုး။ 

ဒီရက်ပိုင်း မြန်မာက သူငယ်ချင်းတယောက် ပြောပြလို. မြန်မာ အားကစား ဘောလုံးသမားတွေ ပြိုင်ပွဲမဝင်ခင် မိုရီယာမင်းအားဆေးထိုးကြတာမျိုး၊ အကိုက်အခဲ ပြောက်ဆေးမျိုးတွေ တာရှည်ဆွဲစားတာမျိုးတွေ၊ ဒီလိုမျိုး ကောင်းရာနှိုးနှိုး ထင်ရာမြင်ရာ ကုနေရတာလေးတွေလဲ ကြားမိပါတယ်။ ဒါပေမယ့် ကျမစိတ်ပူမိတာက ဆေးတွေက သေသေချာချာ မစီစစ်ရင် ဂရုမစိုက်ရင်တော့ တချို.ဆေးတွေဟာ (ဥပမာ သွင်းတဲ့ အားဆေးထဲက) တချို.ဓါတ်တွေဟာ တားမြစ်ဆေးနဲ. ညိပြီး (Doping နဲ.) အပိတ်ခံရနိုင်ပါတယ်။ 

6 July 2012

နေ.စဉ်တွေထဲမှ တညနေခင်း

ကျမတို. ဆေးရုံမှာ Clinic ထိုင်ပြီဆိုရင် လူနာတယောက်ကို နာရီဝက် Book လုပ်ပါတယ်။ (တခြား အထူးကု ဘာသာရပ် တွေမှာတာ့ ၁၅မိနစ် မိနစ်၂၀ ဖြစ်မလား) အဲဒီတော့ ပုံမှန်ဆိုရင် ကျမတို. တညနေ ဆေးခန်းမှာ လူနာ ၆-ယောက် ၇-ယောက်လောက် ကြည့်ရတတ်ပါတယ်။ ကျမလုပ်တဲ့ အလုပ်နဲ. မနေ.က ကျမရဲ့ ဆေးခန်းလေး အကြောင်းပြန်ပြောရရင် ...

၁။  ။မာရသွန် အပြေးသမား ညာဘက် ခြေသလုံးရှေ.က အရိုးမှာ ပြေးလိုက်တိုင်း နာနေလို.တဲ့။ ထင်တဲ့ အတိုင်း ဓါတ်မှန် ရိုက်လိုက်တော့ “Stress Fracture”.. 
Stress fracture က မာရသွန် တာဝေး အပြေးသမားတွေ (အထူးသဖြင့် endurance exercise လုပ်တဲ့ သူတွေနဲ.) အသက်ကြီးတဲ့ သူတွေမှာ ဖြစ်တတ်ပါတယ်။ အရိုးပါးလာ အားနဲလာတာနဲ့ (Osteoporosis) အရိုးကို အနားမရ တအားသုံးလို. ဖြစ်တတ်ပါတယ်။ ဘယ်လို ကုမလဲ ဆိုတော့ ကယ်လစီယမ်တွေ လုံလောက်အောင်စား၊ ဗိုက်တာမင် ဒီ အားမနဲအောင်နေ၊ ပြီးတော့ အရိုးကို အနားပေးရတာပေါ့။ ဒီမှာတော့ Air Cast Boot လို.ခေါ်တဲ့ ဖိနပ် ထူထူကြီးနဲ. ၈-ပတ်လောက် စီးခိုင်းရပါတယ်။ ကဲ ဒီအကြောင်း ပြောရင် ပြောစရာတွေ အများကြီးမို. ဒီမှာပဲရပ်။ နောက်တယောက် သွားမယ် .... 

11 May 2012

Under Performance Syndrome

အားကစား သမားတွေမှာ ကျမတို.ပြောတဲ့ Unexplained Underperformance Syndrome ဆိုတာ ရှိပါတယ်။ သူတို.တွေ လေ့ကျင့်တာများလွန်းပြီး ခန္တာကိုယ်က မခံနို်င်တော့ဘဲ သူတို.ရဲ. လုပ်ဆောင်နိုင်မှု စွမ်းရည်တွေ သိသိသာသာ ကျဆင်းလာပါတာကို ခေါ်တာပါ။ ကုနည်းကတော့ ခန္တာကိုယ် ပြန်လည်သန်စွမ်းလာအောင် လုံလောက်တဲ့ အနားယူမှုတွေ လုပ်ပေးရပါတယ်။ 

ကျမ အခုပြောချင်တာက အားကစားသမားတွေနဲ. ပက်သက်လို.ရယ် မဟုတ်ပါဘူး။ လူသားအားလုံးမှာလဲ လိုအပ်တဲ့ အနားယူမှုဆိုတာ ရှိသင့်ပါတယ်။ နို.မဟုတ်ရင် နေ.စဉ် အိပ်ရေးမဝ ခန္တာကိုယ် နွမ်းနယ်ပြီး စိတ်မပျော်မရွှင် စိတ်ဓါတ်ကျဆင်းတာတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒီနိုင်ငံမျာတော့ တနှစ်ကို ၃၂ ရက် (စနေ တနင်္ဂနွေ မပါဘဲ) ဟောလီးဒေး ယူဖို.ခွင့်ပြုထားပါတယ်။ ကျမတို. မြန်မာနိုင်ငံမှာ တုန်းကတော့ နားရမယ်မှန်း မသိ၊ ဟောလီးဒေးဆိုတာလဲ မရှိ၊ ပင်ပန်းရမှန်းလဲ မသိခဲ့ပါ။ ဒီနိုင်ငံရောက်ပြီးမှ သူတို.က ဟောလီးဒေးဆိုတော့ ကိုယ်လဲ လိုက် ဟောလီးဒေးပြီး အခုတော့ ကျမလဲ အလွန်ကို ပင်ပန်းတတ်၊ ညည်းငြူတတ်လာပါပြီ။ ကောင်းတဲ့ ပြောင်းလဲမှုလို.တော့ ကျမ မထင်ပါ။ 

29 April 2012

Fuel for Exercising

ဒီနေ. Exercise Physiology တွေပြန်ဖတ်ဖြစ်တာနဲ. ဒီမှာ နဲနဲ မြန်မာလို ပြန်ဝေမျှ လိုက်ပါတယ်။ ဒီ လူ.ခန္တာကိုယ်ရဲ. သုံးတဲ့ အင်နာဂျီတွေရဲ. အကြောင်းဟာ အသေးစိတ်ပြောရင် အလွန် ရှုပ်ထွေးတာမို.၊ ကျမလဲ လိုရင် ဖတ်လိုက် ပြီးရင် ပြန်မေ့သွားလိုက်နဲ. ဆိုတော့၊ ဒီမှာ လိုရင်း အကြမ်မျဉ်း နဲနဲ ပဲ ရေးပါမယ်။ တော်ကြာ ခေါင်းရှုပ်ကုန်မှာ စိုးလို.ပါ။ ကျောင်းမှာတုန်း ကတော့ ရှေ.က ဆရာမ ရှင်းပြတာကို ခေါင်းတွေကုတ်ပြီး မျက်စိကလေး ကလယ် ကလယ်နဲ. နားထောင်ခဲ့ ဖူးပါတယ်။ 

ခန္တာကိုယ်မှာ အားလုံးသိတဲ့ အတိုင်း ကစီဓါတ်(carbohydrate)၊ အဆီဓါတ်(Fat) နဲ. အသားဓါတ်(Protein) တို.ကနေ ATP လို.ခေါ်တဲ့ အင်နာဂျီကို ထုတ်ပါတယ်။ လူတယောက်ရဲ. နေ.စဉ် လိုအပ်တဲ့ အင်နာဂျီဟာ ဘယ်လောက် လှုပ်ရှားသွားလာမှုများတယ် ဆိုတာ မူတည်ပြီး ၁၈၀၀ ကယ်လိုရီ ကနေ ၃၅၀၀ ကယ်လိုရီလောက်အထိ ပျမ်းမျှ ပြောင်းလဲမှု ရှိပါတယ်။ အခြေခံကတော့ ရှင်းရှင်းလေးပါ။ ဝင်သွားတဲ့ ကယ်လိုရီ ပမာနနဲ. ပြန်သုံးလိုက်တဲ့ ကယ်လိုရီပေါ် မူတည်ပြီး ဝင်တာများရင် ကိုယ်အလေးချိန် တက်မယ်။ ထွက်တာများရင် အလေးချိန်ကျမယ်ပေါ့။ သကြားတဇွန်းဟာ ၂၀ ကယ်လိုရီ၊ နှမ်းဆီတဇွန်း ၄၅ကယ်လိုရီ ထုတ်နိုင်ပါတယ်။

8 April 2012

ခါးနာတတ်တဲ့ သူတွေ

အရေးပေါ်ဌာနမှာ ခါးနာလို. လာပြတာဆိုရင် တခါတလေ လူနာကို မမြင်ခင် ကတဲက စိတ်နဲနဲ ညစ်မိတာ အမှန်ပါပဲ။ ဘာလို.လဲ ဆိုတော အများစုဟာ Chronic back pain လို.ခေါ်တဲ့ နာတာရှည် ခါးနာတတ်သူတွေ ဖြစ်ပြီး ဆေးပညာ အရ ကုရန် မလွယ်တာတွေ ဖြစ်လို.ပါပဲ။အနာပျောက်ဆေးသောက် လေ့ကျင့်ခန်းလုပ် စိတ်ဖိစီးတာတွေ ဖယ်ထုတ်ပြီး အကောင်းမြင်နိုင်အောင် ကျိုးစား ဆိုတာကလွဲလို. သိပ်လဲ ပြောစရာ အကြံပေးစရာ သိပ် မရှိလှပါဘူး။ ကိုးရီးယား ဇတ်လမ်းတွဲတွေ ထဲကလို  aja aja fighting ပေါ့နော။

အရင် တပတ်က အလုပ်မှာ လုပ်ဖော်ကိုင်ဖက် ဆရာဝန် တယောက်က ခါးနာတာနဲ. ပက်သက်ပြီး စာသင်ဖို. တချိန် ယူပေးပါပြောတော့ အင်တာနက်မှာ လျှောက်ဖတ်ကြည့်တော့ မှ တချို.လူနာတွေ ညည်းငြူထားတာတွေ တွေ.မိပါတယ်။ တချို.ကပြောတာ “ဆရာဝန်က သူ ခါးနာတာကို လုံးဝ ဂရုမစိုက်ဘူး” “သူခါးနာတာ ဆရာဝန်က ဘာ စစ်ဆေးချက် Xrays မှ မလုပ်ဘူး”၊ တယောက်ကတော့ “ငါ သာ အရင်ကလို ငယ်ငယ် ချောချောလေးဆိုရင် ဆရာဝန်တွေ က သေသေချာချာ ဂရုစိုက်မှာပဲ” တဲ့။ နှိပ် ထားတာတွေကတော့ စာမျက်နှာ ၃မျက်နှာလောက်ရှိပါတယ်။ 

19 March 2012

ရုတ်တရက် ဖြစ်နို်င်သော အားကစားသမားတို.ရဲ. နှလုံးရောဂါ

ဘောလ်တွန် ဘောလုံး (Bolton Wanderers Football club) အသင်းမှ Fabrice Muamba ရဲ.ဘောလုံးပွဲမှာ ကစားနေတုန်း နှလုံး ခုန် ရုတ်တရက် မမှန်/ရပ်သွားရတဲ့  အကြောင်း သတင်းတွေမှာ ဖတ်မိရာမှ ဒီစာတိုလေး စရေးမိခြင်း ဖြစ်ပါသည်။ 

အလွန် ကျန်းမာ သန်စွမ်းတဲ့ အားကစား သမားတွေ ဒါမှမဟုတ် လူငယ်တွေမှာ အဖြစ်များတတ်တဲ့ Sudden Cardiac Death syndrome ဆိုတာ ရှိပါသည်။ ဆိုလိုရရင် အလွန် ကျန်းမာ သန်စွမ်းပေမယ့် ရုတ်တရက် လဲကျ အသက်ပါ ထွက်သွားတဲ့ အခြေအနေ မျိုးပါ။ ဘာကြိုတင် သတိပေးတာမျိုးမှ မရှိပဲပေါ့။ တော်သေးသည်။ ဒီအခြေအနေက မြန်မာလူမျိုး တို.တွင် အဖြစ်မများပါ။ 


ကမ္ဘာအရပ်ရပ် မှ သုတေသန မှတ်တန်းများ အရ ပျမ်းမျှ လူ ၅သောင်းတွင် ၁ယောက် ဖြစ်နို်င်ပါသည်။ ယောက်ျား မိန်းမ အချိုး ၉း၁ ရှိပြီး၊ အသက် ၂၃နှစ် သည် ပျမ်းမျှ အဖြစ်များဆုံး အရွယ် ဖြစ်သည်။

17 March 2012

ခြေဖနောင့် နာခြင်း (Plantar fascitis)

မြန်မာလိုတော့ တချို.က ခြေဖနောင့် အတက်ထွက်တယ် လို.ခေါ်တတ်သော ခြေဖနောင့်နာပြီး လမ်းလျှောက်တာ ခက်စေသော Plantar Fascitis ဆိုတဲ့ အကြောင်းကိုပြောပြ ချင်ပါတယ်။

ခြေဖဝါးမှာ Plantar Fascia လို.ခေါ်တဲ့ အရွတ်ပြားလေးရှိပါတယ်။ ခြေထောက်ရဲ. arch ကို ထောက်မပေးထားပြီး လမ်းလျှောက်သွားလာရ လွယ်ကူအောက် ကူညီပေးနေတဲ့ အရွတ်ပြားလေးပါ။ အခန်.မသင်.ရင် သူလဲ ရောင်ကိုင်းပြီး နာနိုင်ပါတယ်။ 

သုတေသန စာတန်းတွေမှာ လူ ၁၀ယောက်မှာ ၁ယောက် ဖြစ်နိုင်တယ်လို. ဆိုထားပါတယ်။ လမ်းလျှောက်များတဲ့ သူတွေ၊ တနေ.တာ မတ်တပ် ရပ်နေရတာ များတဲ့ သူတွေ၊ အားကစား စလုပ်ပြီး မာတဲ့ လမ်းမပေါ် အကြာကြီး ပြေးမိတဲ့ သူတွေ၊ မတော်တဲ့ ကိုယ်နဲ. အဆင်မပြေ တဲ့ ဖိနပ်တွေကို ဝတ်တဲ့သူတွေ၊ ကိုယ်အလေးချိန် သာမန်ထက် ပိုနေတဲ့ သူတွေ နဲ. ခန္တာကိုယ် အနေအထား (Allignment or Biomechanics) မမှန်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အသက်ကြီးတဲ့ သူတွေမှာ တော့ ဓါတ်မှန်ရိုက်ကြည့် လိုက်ရင် ခြေဖနောင့်မှာ အတက် ထွက်နေတာ တွေ.ရနို်င်ပါတယ်။ အတက်ရှိသူတိုင်းလဲ ခြေဖနောင့် မနာပါ။

16 March 2012

မရယ်သင့်ပေမယ့် ရယ်မိသော အဖြစ်များ



အားကစားပွဲ အမြောက်အများ ကို ဆရာဝန် တယောက်အနေနဲ. သွားရတိုင်း တချို. ပွဲများတွင် မီဒီယာနှင့် ကင်မရာမန်းများက နေရာအနှံ. မို. ဆုံးဖြတ်ချက် မြန်မြန်ချပြီး၊ အမှားမပြုမိအောင် အလွန်သတိထားရပါသည်။ ဒီလို သတိထားသည့်ကြားမှ အချင်းချင်း ကပေါက်တိ ကပေါက်ချာ လုပ်မိတာတွေကို ကျမတို. ကြုံတိုင်း မကြာ ခဏ ပြန်ပြောမိ ကြပါသည်။ ဥပမာ အားကစားပွဲ တခုတွင် ဒဏ်ရာရ နေတဲ့ အားကစားသမားကို သယ်ထုတ်ဖို. ကျိုးစားနေတုန်း ကိုယ်ပါ အရှိန်လွန်ပြီး ဒဏ်ရာရတဲ့ အားကစားသမားပေါ် တဲ့တဲ့ ချော်လဲတဲ့ သူနဲ.လဲ ကျမ ကြုံဖူးပါသည်။ ဟိုးတလောက Trampoline လို.ခေါ်တဲ့ စပရိန် အဝိုင်းကြီး ပေါ်မှာ (၅ပေလောက် အမြင့် ရှိပါတယ်) အားကစား သမား တယောက် ဒါဏ်ရာရနေတာ တက်ဆွဲဖို. ကျိုးစားတာ အပေါ် Trampoline ပေါ် မတက်နိုင်ပဲ အောက်ပြန် လျှောကျတဲ့ ဆရာဝန်လေး တယောက်ရဲ. အဖြစ်ကိုလဲ ကိုယ်တွေ. မြင်ခဲ့ရပါသည်။ (မရယ်သင့်သော်လဲ ခွိခနဲတော့ ခိုးရယ်ခဲ့ပါသေးသည်)။

15 March 2012

ပခုံးဆစ်နာတဲ့ ခဲတဲ့ရောဂါ (Frozen Shoulder)

ဒီပုခုံးဆစ် ခဲတဲ့ ရောဂါဆိုတာ အသက် ၄၀ - ၇၀ ကြားရှိတဲ့ အမျိုးသမီး တွေမှာ အဖြစ်များပါတယ်။
သုတေသန တွေမှ ဆိုထားတာကတော့ လူ ၅ယောက်မှာ ၁ ယောက်လောက် ဖြစ်နိုင်ခြေရှိတယ်တဲ့။ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ အတိအကျ မသိရပေမယ့် ဟိုမုန်း အပြောင်းအလဲ နဲ. သက်ဆိုင်ရမယ်လို. အဆိုတွေတော့ ရှိပါတယ်။ ဆီးချိုရောဂါ ရှိတဲ့သူတွေမှာ ၅ဆ ပိုအဖြစ်များတယ်လို. ဆိုပါတယ်။ ဘယ် ညာ နှစ်ဘက်လုံး ဖြစ်နိုင်တယ်ဆိုပေမယ့် အသုံးမပြုတဲ့ လက် ဖက်က ပိုအဖြစ်များပါတယ်။ ၅ယောက်မှာ ၁ယောက်က တခြားပုခုံးကိုပါ ဆက် ဖြစ်စေနိုင်တယ်လို. ဆိုပါတယ်။
ရောဂါ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် ရောဂါ အဆင့်က ၃ ဆင့် ခွဲတွေ.နို်င်ပြီး ဒါကို ဖြတ်သန်းဖို. ပျမ်းမျှ ၂ နှစ်လောက် ကြာပါတယ်။ ဆိုလိုတာကတော့ ဘာမှ မကုရင်တောင် ဒီ ၂ - ၅နှစ် လောက်ကြာရင် ဒီခဲနေတဲ့ ပုခုံးဆစ်ဟာ သူ.ဟာသူ ပြန်ပျော်ပြီး ရောဂါ ပျောက်သွားပါလိမ်.မယ်။ 

အဆင့် ၃ ဆင့်ကို အတိုချုန်. ရှင်းပြပါမယ်။ 


ပထမ အဆင့်၊ စတင်ခဲလာခြင်း (၂လ - ၉လ)
ဒီအချိန်က ပုခုံးဆစ်၊ အင်္ဂလိပ်လို Gleno-humeral joint လို.ခေါ်တဲ့ အဆစ်နဲ.အဆစ်နားမှာရှိတဲ. အရွတ်တွေ စပြီး ရောင်ကိုင်းလာပါတယ်။ လူနာအနေနဲ. ဒီအချိန်မှာ ပုခုံးမှာ အရမ်းနာနို်င် ကိုက်ခဲနိုင် ပါတယ်။ ညဘက်မှာ ပိုဆိုးတတ်ပြီး အဲဒီ ပုခုံးကို ဖိအိပ်ရင် ပိုနာပါတယ်။

14 March 2012

အားကစား နဲ. ကျန်းမာရေး

WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ.အစည်းကြီးမှ လူတယောက် အခြေခံ ကျန်းမာရေး ကောင်ရန် အတွက် တနေ. မိနစ် ၃၀။ တပတ်မှာ ၅ ရက်၊ အားကစား လုပ်သင့်သည်ဟု ဆိုထားပါတယ်။ 

အားကစား လုပ်ချင်း၏ အကျိုးကျေးဇူးများ မှာ ပြောမကုန်နို်င်ပါ။ ပုံမှန် အားကစား လုပ်ချင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာရောဂါများ၊ သွေးတိုး၊ ဆီးချို၊ စိတ်ဓါတ်ကျချင်း တို.ကို ကာကွယ်နိုင်ပါတယ်။ ပုံမှန် အားကစား လုပ်သူသည် စိတ်တည်ငြိမ်ခြင်း ပျော်ရွှင်ပေါ့ပါး ခြင်းများကိုလဲ ခံစားနို်င်ပါတယ်။ 

အားကစားဟု ဆိုရာတွင် အေရိုးဗစ် ဟုခေါ်သော နှလုံး အဆုတ် ကျန်းမာရေး အားကောင်စေသော အားကစားမျိုး (Cardiovascular exercise or Aerobics) ရှိသလို ကြွက်သား အုပ်စုတခုစီ ကို အားစိုက် လုပ်ရသော လေ့ကျင့်ခန်း (Resistance and Strengthening exercise)၊ ကိုယ်ခန္တာ အဆီချပြီး ကျစ်လစ် သန်မာစေသော လေ့ကျင့်ခန်း (Conditioning exercise) ဆိုတာတွေလဲ ရှိပါတယ်။ အဆစ်တခုချင်းဆီ ကြွက်သား အုပ်စု တခု ချင်းဆီ ကို ဆွဲ.ဆန်.ပေးခြင်းအား ဖြင့်လဲ (Stretching) သူတို.ရဲ. ပြော့ပြောင်း သန်မာမှု (Flexibility) ကို အားပေးတဲ့ အပြင် သူတို.ရဲ. ထိခိုက် ဒဏ်ရာ ရမှုကိုလဲ ကာကွယ်နိုင်ပါတယ်။