Menu bar

1 February 2014

ဆရာဝန် တယောက်ရဲ. ရောဂါများ

မနေ.က ကျမ အမျိုးသား ဆေးရုံက သူ.လူနာတွေဆီက သယ်လာတဲ့  ရောဂါပိုးနဲ. ဝမ်းသွားပြီး အန်ပါတယ်။ ဆရာဝန်ဆိုတော့ လူတွေကို ရောဂါပေါင်းစုံမှ ပျောက်ကင်းအောင် ကုသပေးတယ်တဲ့။ ဒါပေမယ့် အဲလိုကုသပေးရင်းနဲ. ဆရာဝန်တွေမှာလဲ ရောဂါတွေရလာတတ်တာပါပဲ။ 

ဥပမာ ကျမဆို ဆေးရုံ အရေးပေါ်ဌာနမှာ တာဝန်ကျတုန်းက ဗိုက်အောင့် အစာအိမ်နာတဲ့ ရောဂါရလာပါတယ်။ မရပဲ နေမလား။ အစားအသောက်မှ မမှန်တာကိုး။ A+E rotation ရဲ.အလုပ်ချိန်တွေက တခြားဆေးဌာနတွေလို မဟုတ်။ အချိန်တွေက ကမိုးကမောက် ဆိုတော့ တခါတလေ မနက်စာကို နေ.လည် ၃နာရီလောက်မှ စားရတာလေ။ 

အခုထိလဲ တချို.ရက်တွေဆို ပထမဆုံး အစာကို ကျမနေ.လည် ၃နာရီလောက်မှ စားရပါတယ်။ ဥပမာ မနက်ခင်း ၈နာရီအရောက် ဆေးရုံသွား ဆေးခန်းမှာ လူနာအမြန်ကြည့်။ နေ.လည်ဘောလုံးပွဲကို အမှီသွားရ။ ကြားမှာ စားဖို. အချိန်မရှိ၊ ထမင်းချိုင့်လဲ့ ထဲ့စရာ မချက်ထားမိတော့ ဒီအတိုင်း ဗိုက်ဟောင်းလောင်းနဲ. ဘောလုံးပွဲမှာ၊ Halftime လောက်မှ ဘောလုံးသမားတွေရဲ. Energey drinks/ calory snacks တွေ နှိုက်စားရပါတယ်။ 

အဲဒီလို အလုပ်ချိန်မမှန်တော့ အထူးသဖြင့် ခရီးသွားများတဲ့ အခါတွေမှာဆိုရင်တော့ မနက် မနက်ဆို အီးအီးပါဖို.တောင် အချိန်ကမရှိ။ ဝမ်းကချုပ်လာ၊ ဝမ်းချုပ်တာကြာပြီး ဗိုက်ထဲမှာ အီးအီးတွေပြည့်လာတဲ့ အခါကျတော့ Overflow Diarrhoea လို.ခေါ်တဲ့ ဝမ်းတွေသွားပါရော။ 

လူနာတွေက ကိုယ့်မျက်နှာကို မကြာခဏ ချောင်းဆိုးထဲ့လိုက်လို. ရောဂါပိုးကူးပြီး ဖျားရတာ လည်ချောင်းနာရတာလဲ မကြာခဏ။ 

တခါတလေ အလုပ်ရှုပ်လွန်းလို. တနေကုန် ဆီးတောင်မသွားအားလို. ဆီးအောင့်ရတာလဲ မကြာခဏ။ 

လူနာတွေရဲ. သွေးတွေ မကြာခဏ ကိုယ်ကိုပေတာ စွန်းတာနဲ. သွေးကြောင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကြောက်ရတာလဲ ရှိပါသေးတယ်။ 

ဒီကြားထဲ အခုအားကစားမှာ လုပ်တော့ ကြွက်သားမှာ ဖြစ်တတ်တဲ့ Myofascial trigger points တွေကို ကုတာ၊ အရိုး အဆစ်တွေကို လျော့အောင် Manipulation/manual therapy တွေ လုပ်တာတွေ များတော့ လက်မက အဆစ်ကလေးနာလာလို. အခု အဲဒီ အလုပ်တွေအားလုံး Physio နဲ.ပဲလွှဲထားပြီး ကိုယ့်လက်ကိုယ် အနားပေးထားရပါတယ်။ Ultrasound scan ကတော့ သုံးရတာများတုန်းဆိုတော့ လက်ကောက်ဝတ်ပါ နာမလာအောင် အတော် သတိထားနေရပါတယ်။

ဒါတောင် စာမေးပွဲတွေ၊ အလုပ်က စိတ်ဖိစီးမှုတွေနဲ. စိတ်ပိုင်းဆိုင်ရာ ရောဂါတွေအကြောင်း မပါသေးဘူးနော်။ 
ကဲ ဖြစ်ချင်ဦးဟဲ့ ဆရာဝန် .....။

5 January 2014

ဟန်းဘက်အိပ်တွေ

ကျမမှာ လှဖို.ပဖို. တန်ဖိုးသိပ်ကြီးတဲ့ ကျောက်မြတ်ရတနာ ဖက်ရှင်ပစ္စည်းတွေ မရှိပေမယ့် ဟန်းဘက်အိပ်ကလေးတွေတော့ ကျမ အနည်းငယ် အရူးထတတ်ပါတယ်။ စစဝယ်တုန်းကတော့ အရမ်းခင်တဲ့ အင်္ဂလိပ်သူငယ်ချင်းမလေး တယောက် ကိုင်ထားတဲ့ ၁၀နှစ်ကျော် အိုနေပြီဖြစ်တဲ့ အိပ်ကလေးကို အားကျမိလို.ပါ။ အဲဒီ အိပ်ကလေးကို ထုတ်ကိုင်လာတိုင်း သူမကို ကြည့်ရတာ အလွန် စမတ်ကျပြီး ဖက်ရှင်ကျကျနဲ. အထက်တန်း ဆန်နေသလိုပါပဲ။ ဒါနဲ. ကျမလဲ အဲဒီလို ၁၀နှစ်ကျော်ကိုင်လို.ရတဲ့ အိပ်အကောင်းစား တခုလောက်လိုချင်လာမိပါတယ်။ ဈေးပေါတာတွေ ဝယ်ရင်တော့ ၁နှစ် ၂နှစ်ဆို အိပ်ကဟောင်းသွား ပျက်စီးသွားတာပေါ့နော်။ 

အဲဒီလိုနဲ. လွန်ခဲ့တဲ့ ၃နှစ်က အရဲစွန်.ပြီး သူငယ်ချင်းကိုင်ထားတဲ့ Mulberry bayswater အိပ်ကလေးတလုံးကို ဈေးကြီးကြီးပေးပြီး ဝယ်မိခဲ့ပါတယ်။ ယောက်ျားဆီမှာ ဓါးမြတိုက်ပြီးတော့ပေါ့။ အဲဒီအချိန်က ဝယ်တုန်းက မှတ်မှတ်ရရ အင်္ဂလန်ပေါင် ၅၅၀ Selfridges မှာ ဈေးကြီးလွန်းလို.ဆိုပြီး အရဲစွန်.ပြီး ဝယ်ရတာ။ ဝယ်ပြီးတော့လဲ ရိုရိုသေသေ တန်ဖိုးထားပြီး နေ.စဉ်လို ထုပ်ကိုင်ဖြစ် သုံးဖြစ်ခဲ့ပါတယ်။ 

တနေ.က သူငယ်ချင်းတယောက် သူ.ရည်းစား ကောင်မလေး အတွက် ကျမနဲ. အမျိုးအစားတူ အိပ်ဝယ်ပေးချင်တယ်ဆိုပြီး ကျမကို အကြံဥာဏ် တောင်းလာပါတယ်။ ကျမကိုင်ထားတာ စမတ်ကျလို.ဆိုပဲ (ခွိခွိ)။ ဒါနဲ. ကျမနဲ. အမျိုးတူအိပ်ကလေးကို အင်တာနက်မှာ ရှာကြည့်ပေးဖြစ်ပါတယ်။ အဲ့ဒီအခါမှ တွေ.လိုက်ရတာက အဲဒီအိပ်တွေက အခုဆိုရင် အသစ်ဝယ်ရင် အင်္ဂလန်ပေါင် 895 နဲ. ebay လို website မျိုးမှာ အဟောင်းပြန်ဝယ်မယ် ဆိုရင်တောင် ပေါင် ၇၀၀ ကျော်ပါတယ်။ 

ဒါနဲ. လျှောက်ကြည့်ဖြစ်တော့ အဲဒီ Mulberry အိပ်တင်မဟုတ်ဘူး။ ကျမရဲ. သိပ်မများလှတဲ့ တခြား ဈေးကြီးပေးဝယ်ထားတဲ့ အိပ်တွေဆိုရင်လဲ ဒီ ၁နှစ် ၂နှစ် အတွင်းမှာတင် ဈေးတွေက ပေါင် ၁၀၀ကျော် ၂၀၀မက အတော်တက်နေတာ တွေ.ရပါတယ်။ (ဟဲဟဲ) ကျမသာ ဒီအိပ်တွေပြန်ရောင်းရရင်တော့ အတော် မြတ်နေပြီပေါ့။ ဒါကြောင့် ဒီနိုင်ငံမှာ တချို.တွေက ပြောကြတာ၊ ပိုက်ဆံအိပ်တွေကို အရင်းအနှီး မြှုပ်နှံမှုအနေနဲ. ဝယ်သိမ်းထားကြတယ် ဆိုပြီးတော့ပါ။ 

ဒီနိုင်ငံမှာက မြန်မာပြည်မှာလို ရွှေတွေ စိန်တွေ မဝတ်ကြ မဝယ်စုတတ်ကြပါ။ ဖက်ရှင်ပစ္စည်းဆိုလို. ဖန်စီ ဒီဇိုင်း ကျောက်မြတ်ရတနာ အတုတွေပဲ ဝတ်ကြပါတယ်။ တတ်နိုင်သူများကတော့ ဈေးကြီးတဲ့ အိပ်တွေနဲ. ဖိနပ် အကောင်းစားတွေ၊ Chanel တို.လို ဈေးအလွန်ကြီးတဲ့ ဒီဇိုင်နာကထုတ်တဲ့ ကျောက်မြတ်ရတနာတွေ ဝယ်ဝတ်ကြပါတယ်။ ဥပမာ Victoria Beckham ရဲ. Iconic  အိပ်တခုဖြစ်ခဲ့ဖူးတဲ့ Hermes Birkin အိပ်တွေဆို တအိပ်ကို ပေါင်၈၀၀၀ အနဲဆုံး တန်ပါတယ်။ Chanel classic flap ဆိုရင်လဲ အသေးဆုံးအိပ်က အခုဆို ပေါင် ၂၆၁၀ ရှိပြီး အကြီးဆုံးက £3315 ပါ။  ဒီ အိပ်တွေက ဘယ်တော့မှ Sales မချတဲ့ အပြင် နှစ်စဉ်တိုင်းလဲ ပေါင် ၁၀၀ သို. ၂၀၀ တက်နေတော့ လူတိုင်းကလဲ တတ်နိုင်ရင် ဝယ်ထားလိုက်မယ် ဆိုတာတွေခြည်းပါ။ ဈေးကြီးကြသလို အလွန်လဲ အကြမ်းခံကြပါတယ်။ ဥပမာ LV (Louis Vuitton) ရဲ. Canvas အသား၊ Gucci နဲ. Coach က ပိတ်သားလို၊ Prada က Saffiano leather ဆိုတာတွေဟာ ဖျက်စီးလို.တောင်မရအောင် အကြမ်းခံကြတယ်လို. အများ အဆိုပြုကြပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အချက်တခုက အဲဒီလိုဈေးကြီးလွန်းတဲ့ ဒီဇိုင်နာပစ္စည်းတွေက အတုတွေကလဲ အတော်ကို ထွက်တတ်ပါတယ်။ မသိရင် အစစ်ကိုင်ထားလားမသိ အတုတွေလားမသိပေါ့။ 

တချို. အင်တာနက် ဝက်ဆိုဒ်တွေမှာလဲ ပစ္စည်းအဟောင်းတွေ ပြန်ရောင်းတဲ့ သူတွေ၊ အဟောင်းပေမယ့် အစစ်ဖြစ်ကြောင်း Authentication လုပ်ပေးတဲ့သူတွေ မြောက်များစွာ စီးပွားဖြစ် လုပ်နေတာတွေကို တွေ.ရပါလိမ့်မယ်။ 

တနိုင်ငံနဲ. တနိုင်ငံ တန်ဖိုးထားကြတဲ့ အပေါ်ယံ အဆောင်အယောင် ပကာသန ပစ္စည်းတွေနဲ. အကြောင်းအရာတွေ မတူကြောင်းတွေးမိတာလေးရယ်ပါ။ 

ကျမကတော့ မတတ်နိုင်မှနေ သူများဝတ်ပြီးသား အဟောင်းတော့လဲ မကိုင်ချင်၊ ကိုယ်မတတ်နိုင်တာနဲ. အတုနဲ.လဲ ရှိုးပြဖို. စိတ်လုံမှာ မဟုတ်လို. လိုချင်တာလေးတွေ လိုချင်ကြောင်း တရာလေးပဲ မှတ်ပြီး သွားရည်ဆက်ကျ လိုက်ပါဦးမယ်လို. ....။

3 January 2014

မိန်းမတွေရဲ. ဒုက္ခ

Christmas မှာ အားတုန်း အင်တာနက် လျှောက်ကြည့်ရင်း တချို. ဘလော့ဂ်တွေ Youtuber တွေကိုလဲ လျှောက်ကြည့်ဖြစ်ပါတယ်။ အရင်ပို.စ်မှာ ရေးတဲ့ အတိုင်း ကျမလဲ ဖိနပ် အသစ်ရှာနေတုန်း ဆိုတော့ တခြား မိန်းကလေးတွေ ဘယ်လို ဖိနပ်စီးကြသလဲ၊ ဘယ် Brand ကကောင်းလဲ လျှောက်ကြည့် လျှောက်ရှာမိပါတယ်။ အဲဒီမှာ တခု သတိထားမိတာက ကောင်မလေး အများစု ပြောနေကြတာ ဖိနပ်အမြင့်တွေ အချွန်တွေဘယ်လို စီရကြောင်းနဲ. အဲဒါ တနေကုန်စီးထားရရင် ဘယ်လို ခြေထောက်နာတာ သက်သာအောင်း လုပ်ရကြောင်း။ ဥပမာ Vasaline လို အဆီလေး လိမ်းထားရင် နောက်နေ. ခြေထောက်မှာ အရည်ကြည်ဖု ထွက်တာနဲကြောင်း။ ဘယ် Plaster လို ဟာမျိုး ဆောင်ထားသင့်ကြောင်း။ တချို. ဒီဖိနပ် ချွန်ချွန်မြင့်မြင့်ကြီးတွေနဲ. တနေကုန် ၁၃နာရီ ဝတ်ထားပြီး ခြေထောက်နာတာနဲအောင် ဘယ်လိုလုပ်ရကြောင်း အစရှိသဖြင့်ပါ။ 

ကျမ ပြန်စဉ်းစားမိပါတယ်။ ခြေထောက် အရည်ကြည်ဖု ထွက်မှ ဘယ်လို Plaster ကပ်မယ်ဆိုတာထက် အရင်ထဲက ခြေထောက် အရည်ကြည်ဖု မထွက်ပဲ ခြေထောက် သက်သာတဲ့ ဖိနပ်ကို ရွေးစီးတော့ မကောင်းပေဘူးလားလို.။ ဘာကြောင့်များ ကိုယ့်ကိုယ် ညှဉ်းစဲပြီး လှချင်ကြသလဲ မသိ။ မိန်းကလေး ဆိုတော့လဲနော်။

နောက် တချို.ကလဲ ရေးထားတယ်။ ဝမှာစိုးလို. အစားလျှော့တာ တနေ.တနေ.ကို ဘာမှ မစားပဲ အစာခံ အငတ်ခံနေရတာ။ “ငါ့ ဘဝက အမြဲတမ်းကို ဆာလောင်နေရတဲ့ ဘဝတဲ့”။ တချို.ကတော့ ဆင်းရဲလွန်းလို. ဆာလောင်တယ်။ သူတို.ကတော့ ပိုက်စံ ရှိပေမယ့် မစားနိုင် အမြဲဆာလောင်နေရတယ်။ ကိုယ့်ကိုယ် နှိပ်စက်တဲ့ နောက် ဘဝတမျိုးပေါ့နော်။

နောက်ရှိသေးတယ်။ အကျီ င်္ ကျပ်ကျပ်တွေကို ဒုက္ခခံ ဝတ်ရတာ။ ကိုယ်မှာ Piercings တွေဖောက် (ဥပမာ လျှာထဲ၊ နို.သီးထိပ်တွေမှာ၊ ဝမ်းဗိုက်မှာ အစရှိသဖြင့်) ပြီး အလှဆင်ကြတာ။ တကိုယ်လုံး ဆေးမှင်ကြောင် လျှောက်ထိုးတာတွေ။ ပိုက်စံပို တတ်နိုင်သူများကတော့ Plastic surgery တွေ၊ Botox ထိုးတာတွေ .. နည်းလမ်းပေါင်းစုံ အနာခံပြီး လှချင်ကြတာကို ပြောတာပါ။ 

လူ.ဘဝက တိုလွန်းလှပါတယ်။ လူ.အပြင်ပန်းလှဖို.ထက် အတွင်းစိတ်လှဖို.သာ အားလုံး ပို ကြိုးစားကြမယ်ဆိုရင် ....။  အသက်ကြီးလာလို. ထင်ပါရဲ. ဘာရယ်မဟုတ် လျှောက်တွေးမိတာလေးတွေပါ။ 

25 December 2013

ဖိနပ် ကလေးတွေ

ကျမရဲ. ဖိနပ်ကလေးက အတော့်ကို အိုဟောင်းနေပြီဆိုတော့ Christmas sales မှာ ဖိနပ် အသစ် ဝယ်ဖို. စဉ်းစားရပါတယ်။ 

မြန်မာမှာတုန်းကတော့ ဖိနပ်တမျိုး ၁၂ရာသီ စီးလို.ရပါတယ်။ ဒီမှာတော့ ဆောင်းတွင်းအေးရင် ဝတ်တဲ့ Long boots,  နွေပူလာရင် ဝတ်တဲ့ Sandals အလုပ်တက်ရင် ဝတ်ရတဲ့ Smart shoes, အားကစားလုပ် လမ်းလျှောက်ထွက်ရင် ဝတ်တဲ့ Trainers မျိုးစုံ နေအောင် ရှိထားရပါတယ်။ တချို.ကောင်မလေးတွေကတော့ ည Night club သွားရင် ဝတ်တဲ့ ၅ပေ ၆ပေမြင့်တဲ့ ဒေါက် ချွန်ချွန်လေးတွေပါ ရှိမှာပါ။ ကျမကတော့ ဒီလို ဒေါက်ဖိနပ်မျိုးစီးတာ ကိုယ့်ကိုယ် အပြစ်ပေး နှိပ်စက်နေတာနဲ.တူလို. မစီးပါ။ တချို.ကပြောပါတယ်။ အဲဒီလို ဒေါက်မြင့်မြင့် ကလေး စီးလိုက်ရင် ကိုယ့်ကိုယ် ယုံကြည်မှုတက်သွားတယ်တဲ့။ ကျမစီးတုန်းကတော့ အဲဒီ Confidence က ဘယ်နေမှန်းမသိ၊ ချော်လဲပြီး ခြေကျိုးတာပဲ အဖတ်တင်ခဲ့ပါတယ်။  


Shoe insole
ဒီနိုင်ငံမှာ ခြေထောက်နာ ခါနာ ဒူးနာ ဆိုတာတွေနဲ. လာပြတဲ့ လူနာတွေ၊ High profile နာမည်ကျော် အားကစား သမားတွေမှာ ကျမတို. Biomechanical assessment ဆိုတာ လုပ်တတ်ပါတယ်။ သူတို.ရဲ. လမ်းလျှောက်တဲ့ စတိုင်၊ သူတို. ခြေထောက် အနေအထားကြည့်ပြီး ခြေထောက်ပြားတာ (Flat feed, pronated feet) ခြေခုန်းမြင့်တာ (high arch, supinated feet) လမ်းလျှောက်ရင်၊ ပြေးရင်၊ ခြေဖနောင့်နဲ. စပြီး နင်းသလား (Heel striker) ခြေထောက်ပြားပြီးချသလား (Midfoot or forefoot striker)၊ ခြေထောက်ဘယ်နေရာက ဖိအားအများဆုံး (Pressure points) အစရှိသဖြင့် စမ်းသပ်မှု မျိုးစုံ လုပ်တာပါ။ အဲလိုလုပ်ပြီးတော့ သူတို.ရဲ. လမ်းလျှောက်တဲ့ စတိုင်ကို ပြန်ပေးရုံတင်မက၊ သူတို.စီးတဲ့ ဖိနပ်တွေကိုလဲ insole shoes (ဖိနပ်ထဲ ထဲ့ပေးတဲ့ အခံတွေ), Heel raise, အစရှိသဖြင့် အမျိုးမျိုး အသင့်တော်ဆုံး ဖြစ်အောင် ဒီဇိုင်လုပ်ထဲ့ပေးပြီး Modify လုပ်ပေးတတ်ပါတယ်။ 

အရင်ထဲက ကျမတွေးမိတာက ဒီလို ရောဂါ အခြေအနေမျိုးသာ မြန်မာနိုင်ငံမှာဆို ဘယ်လိုလုပ်မလဲပေါ့။ မြန်မာနိုင်ငံမှာ ကတီပါဖိနပ်၊ ဖိနပ်အပြား၊ ဒေါက်ဖိနပ် ဆိုတာတွေဟာ insole ထဲ့ပြီး ပြင်လို.ရတဲ့ ဖိနပ်မျိုးတွေမှ မဟုတ်တာ။ တယောက်ထဲ တွေးမိတာမှ မကြာသေး။ စင်္ကာပူရောက်နေတဲ့ အင်္ဂလန်က ဆရာဝန်မ တယောက် ညည်းတာ တွေ.မိလိုက်ပါတယ်။ စင်္ကာပူမှာ အားလုံးက Sandals, flipflops တွေပဲ ဝတ်ပြီး လျှောက်သွားနေတော့ Plantar fasciopathy (ခြေဖိနောက်နာတဲ့) လူနာတွေခြည်း တွေ.တွေ.နေရတယ် ဆိုပြီးတော့ပါ။

အဲဒီလို မွေးကထဲက လျှောက်လာ သွားလာနေတဲ့ စတိုင်ကို နည်းအမျိုးမျိးစုံနဲ. ပိုကောင်းတဲ့ စတိုင်ပြင်ဖို. ကြိုးစားနေတဲ့ ဆေးအသိုင်းအဝိုင်းက လူတွေ ရှိသလို၊ တချိန်ထဲမှာပဲ တချို.တွေကလဲ အဲလို အမျိုးစုံ Modify လုပ်ထားတဲ့ ဖိနပ်တွေစီးတာ ပြဿနာပိုများလာအောင်သာ ဖိတ်ခေါ်နေတာ ဖြစ်တယ် ဆိုပြီး အညင်းပွားကြပြန်ပါတယ်။ 

အခုဆိုရင် Minimalist shoes လို.ခေါ်တဲ့ ဘာထောက်အမြင့် Heel Support အထောက်အကူမှ မပါပဲ ဖိနပ်ကို ပါးနိုင်သမျှ အပါးဆုံးပြန်လုပ်ပြီး စီးနေတဲ့ နာမည်ကြီး  တွေ အများကြီး ရှိပါတယ်။ ဖိနပ်မပါပဲ ပြေးတာ အားကစားလုပ်တာ (Bare foot running) တွေတောင် အတော် ပြန်ပေါ်ပြူလာ ဖြစ်နေပြန်ပါတယ်။ 

ဒီ အားကစား ဆေးပညာမှာလဲ တခြားဘာသာရပ်တွေလို နေ.စဉ်နှင့် အမျှ အမျိုးမျိုး ပြောင်းလဲ နေတာကြောင့် နောက်နေ.များ ဘာဖြစ်ဦးမလဲဆိုတာ စောင့်ကြည့်ရင်း အခုတော့ ဖိနပ် အသစ်ကလေးရဖို. စိတ်ကူးယဉ် ပြင်ဆင်လိုက်ပါဦးမယ်။ 

5 December 2013

ကြည်လင်တဲ့ အသားအရည်

စာလဲ မရေးဖြစ်တာ အတော့်ကို ကြာသွားပါပြီ။ အတော့်ကို အလုပ်တွေ ရှုပ်တာနဲ.ရယ် အချိန်မရှိတာရယ်နဲ.အပျင်းထူတာနဲရယ် အားလုံးပေါင်းပြီးတော့ပဲ ဆိုပါတော့။ 

အလုပ်တွေရှုပ်၊ ပင်ပန်းပြီး ညညဆို မျက်နှာမသစ် သွားမတိုက်ပဲ အိပ်ပျော်ပျော် သွားတာလဲ မကြာခဏပါ။ ရာသီဥတုက ဆိုးတာနဲ. ဆောင်းတွင်းလေက ခြောက်တာနဲ. Heater ရဲ.ဆိုးကျိုး အားလုံး ပေါင်းပြီး ဒီရက်ပိုင်း ကျမ မျက်နှာအသားအရည် အတော်ဆိုးလာပါတယ်။ အသားကပက် အသားက ခြောက်၊ ကြည်လင်မှုက မရှိတော့၊ မလေးရှားသွားတုန်းက နေလောင်ထားတာနဲပါ ရောပြီး ဘယ်လိုလုပ်ရပါ့။ ဖြေရှင်းဖို.နည်းလမ်း ရှာရတော့တာပေါ့။ 

ကျမက မိတ်ကပ် သိပ်မလိမ်းပါ။ အလွန်ကံကောင်းပြီး နဂို အသားအရည်က ဝက်ခြံမပေါက် အဖုအထစ်မရှိတော့ Moisturizer နဲ. Foundation နဲနဲလေး ပါတယ်ဆိုရုံ လိမ်းတာနဲ.တင် ပြီးရောပါ။ Foundation ကလဲ တဘူး ဝယ်ထားရင် ၂နှစ်ကျော်အောင် လိမ်းရတတ်ပါတယ်။ အခု အောက်ခံ အသားအရည်က အရမ်းဆိုးနေတော့ foundation လဲ လိမ်းလို.မရ၊ Moisturizer တွေကို ဘယ်လောက် ဈေးကြီးတာ ဝယ်လိမ်းပေမယ့် တိုးတက်မှုက မရှိ။ 

ဒါနဲ. Youtube မှာ အမျိုးသမီး တချို.ပြောပြတာ တွေ.လိုက်တာ ပျားရည်က အသားအရည်အတွက် ကောင်းတယ်ဆိုပဲ။ အိမ်မှာ ပျားရည်တွေကလဲ ရှိနေတော့ သူတို.လုပ်ပြတဲ့ အတိုင်း ပျားရည်ရယ်၊ သကြား အမှုန်.ညက်ညက် ကလေးတွေရယ်၊ အိမ်မှာရှိနေတဲ့ Glycerin နဲနဲရယ် ရောပြီး မျက်နှာကို အသားလေး ပွတ်ပေးဖြစ်ပါတယ်။ ပျားရည်က ပိုးသတ်တဲ့ အာနိသင်ရယ်၊ အသားအရည် အစိုဓါတ်ထိန်းပေးတာရယ်၊ သကြားအမှုန်းကလေးတွေက exfoliate လုပ်ပေးတာရယ် (exfoliate ဆိုတာ အသားအရည် အပေါ်က သေနေပြီးသား cells လေးတွေကို ဖယ်ထုတ် ရှင်းပေးတာကို ခေါ်တာပါ) ပေါင်းပြီးတော့ မျက်နှာကို ရေနဲ. ဆေးချလိုက်တယ် ဆိုတာနဲ. ချက်ချင်းပဲ မျက်နှာအသားအရည်ဟာ ကြည်လင်ပြောင်တင်းပြီး သန်.ရှင်းလာတာကို တွေ.ရတာပါပဲ။ အသားလေးကလဲ အလွန်နုပြီး ချောသွားပါတယ်။ အသားခြောက်ပြီး အဖတ်ဖတ် ဖြစ်နေတာတွေလဲ လုံးဝကို ပျောက်သွားရော။ 

ဒီနိုင်ငံမှာက Exfoliate လုပ်တာ အတော်ခေတ်စားပါတယ်။ လူ.အရည်ပြားမှာ Cells တွေက အသေမြန်သလို အတွင်းကနေ cells အသစ်တွေ ထပ်ထပ်ဖြည့်ပေးတာလဲ အလွန်မြန်ပါတယ်။ သေပြီးသား cells တွေက အရည်ပြားပေါ်မှာ ရှိနေသေးရင် အသားက ကြည်လင်မှု ကို ဆုတ်ယုတ်စေတယ်လို. ဆိုတာပါပဲ။ Exfoliate လုပ်ပေးတော့ သေပြီးသား cells လေးတွေ ရှင်းရှင်းပေးတော့ အသားအရည် ဝင်းပ ကြည်လင်တယ်ပေါ့။

ကျမကတော့ exfoliate ခဏ ခဏ မလုပ်ချင်တော့ အခု အားရင် အားသလို မျက်နှာကို ပျားရည်လေးသုပ် ၁၅မိနစ်လောက်ထား၊ ပြီးတော့ ရေနဲ ပြန်ဆေးတာမျိုး အခု တပတ် ၂ခါလောက် လုပ်ပေးဖြစ်နေပါတယ်။ စိတ်လိုရင်လိုသလို သကြားမှုန်းကလေး ရောပြီး ၁ပတ် ၁ခါ သို. ၂ပတ် ၁ခါလောက် exfoliate လုပ်ပေးပါတယ်။ မနေ.က ညက သူငယ်ချင်းတွေနဲ. စကားပြောတုန်း ကျမ အသားအရည် ဘယ်လောက် ကောင်းကြောင် ချီးကျွေးစကားတွေ (အဟမ်း) ကြားရတော့ ကျမရဲ. ပိုက်ဆံမကုန်ပဲ အကျိုးသက်ရောက်မှုအလွန် ရှိတဲ့ ဒီနည်းလေးကို ရှယ်ချင်စိတ်လေး ပေါက်လာတာနဲပဲ အရင်လို ဆေးပညာ အားကစား ဆေးပညာ အကြောင်းနဲ. မဆိုင်တဲ့ ဒါလေး ဘလော့ ရေးဖြစ်သွားရကြောင်းပါ။ 

29 July 2013

မြန်မာနိုင်ငံ နဲ. ဆက်သွယ်ရေး

ဒီနေ. အိမ်က အဖေ အမေဆီကို ဖုန်းဆက်တာ လိုင်းက အသံ မကြည်လင်၊ ပြောလို.ကမကောင်း။ အရင် တပတ်က ဆက်တုန်းကလဲ အဲလိုပဲ လိုင်းက ပြုတ်ကျကျသွားတာနဲ. သေသေချာချာ စကားမပြောလိုက်ရ။ 

ဒီပြဿနာက ကျမ ဒီအင်္ဂလန်ရောက်ပြီးထဲက တွေ.ကြုံရတဲ့ ပြဿနာ။ ဒီနိုင်ငံမှာ ဖုန်းလိုင်းယူတော့ ဖုန်းလိုင်းနဲ.အင်တာနက် ကုမ္ဗဏီတွေကနေ “နိုင်ငံခြားခေါ်တာ ရှိလား။ ရှိရင် လျှော့ဈေးနဲ. ရအောင်လုပ်ပေးမယ်” ဆိုပြီး မကြာခဏ ကြော်ငြာ ဝင်တတ်ပါတယ်။ ဥပမာ တလ ၁ ပေါင်ပိုပေးရင် အမေရိကကို အလကား ခေါ်လို.ရမယ်။ တလ ၅ပေါင်ပိုပေးထားရင် နိုင်ငံပေါင်း ၇၀ကျော်ကို အလကား ခေါ်လို.ရမယ်၊ တချို.ဆို နိုင်ငံပေါင်း ၂၀၀ကျော်၊ အစရှိသဖြင့်ပေါ့။ ပထမတော့ ကျမလဲ အကြောင်းမသိတော့ အင်းကောင်းတာပေါ့။ အိမ်ကို မကြာခဏ ဖုန်းခေါ်တာ တခါတလေ ၁လ ပေါင် ၂၀၀တောင် ကျော်သွားတတ်သေးတာလေ။ လျှော့ဈေးနဲ. ရမယ်ဆိုတော့ ဝမ်းသာအားရပေါ့။ အဲဒါနဲ. အရောင်းကောင်တာက လူကလဲ သူ ရောင်းရတော့မယ်ဆိုပြီး ဝမ်းသာအားရ အိမ်က ဘယ်နိုင်ငံမှာလဲ မေးပါရော။ မြန်မာနိုင်ငံဆိုတော့ သူ.ခင်ဗျာ အချိန်အတော် ကြာကြာ ခေါင်းကုတ် ရှာဖွေပြီးနောက် ... “ဆောရီးပါ မြန်မာနိုင်ငံတော့ ဒီလို လျှော့ပေးလို.ရတဲ့ နိုင်ငံတွေအထဲ မပါပါဘူး” ဆိုတဲ့ အဖြေကိုကြားရတာပါဘဲ။ 

ဒီလိုနဲ. မကြာခဏဆိုသလို ကြော်ငြာတတ်ကြတာ၊ ၁ခါက ၂ခါ၊ ၃ခါ ထပ်လာတော့ ကျမလဲ အရေထူလာပြီပေါ့။ နောက် သူတို. ကြော်ငြာဝင်ရင် “ငါတို. နိုင်ငံက သူမတူ၊ ထူးခြားတဲ့ နိုင်ငံ၊ နင်တိုဘာသာ နိုင်ငံပေါင်း ၂၀၀ မက ၃၀၀ဖြစ်ဖြစ် တကမ္ဘာလုံးပဲ လျှော့ဈေးပေးပေး တို.နိုင်ငံတော့ ပါမှာ မဟုတ်လို.” ပြောပြရတော့တယ်။ နှစ်တွေကြာလာတော့ တခါတလေတော့လဲ ပြောင်းလဲ တိုးတက်လာ မလား စုံစမ်းကြည့်ပေမယ် ထူးမခြားနား။ 

ဒီမှာ သိကြွမ်းတဲ့ နိုင်ငံတကာက သူငယ်ချင်းတွေကလဲ ကျမရဲ. ဖုန်းခေါ်ရတာ ဈေးကြီးတာ၊ ခေါ်ရခက်တာ ညည်းသံကြားတော့ ဘယ် ဖုန်းကဒ်၊ ဘယ်လိုင်းဆို ဈေးအလွန်သက်သာတာ။ ဥပမာ အိန္ဒိယ၊ အီရပ်၊ သီရိလင်္ကာ၊ တရုပ် အားလုံး ဖုန်းခေါ်ရင် ၁မိနစ်ကို ၁ပြားပဲပေးရတာ။ ခေါ်ကြည့် ပြောပြကြပေမယ့်၊ ကျမသိသလောက် မြန်မာကို ခေါ်ဖို.ဈေးအချိုဆုံး ရနိုင်တာကတော့ ပြား၂၀ထပ် မနဲ။ ဒါတောင် ဖုန်းလိုင်းက ကြည်တာမဟုတ်၊ မကြာခဏ လိုင်းပြတ်ကျတဲ့ ရောဂါက ရှိသေး။ 

စကားမစပ် မြန်မာနိုင်ငံက မိုဘိုင်းတွေ အကြောင်းလဲ တွေးမိသေးပြန်ပါတယ်။ ဒီ အင်္ဂလန် ရောက်ရောက်ချင်း အလုပ် မရသေးခင် ဖုန်းလိုတယ်ဆိုပြီး အမျိုးသားက မိုဘိုင်းဖုန်း ၁လုံးဝယ်ပေးပါတယ်။ မှတ်မှတ်ရရ ပေါင် ၂၀ ကျော်လေးပဲ ပေးရတယ်။ SIM ကဒ်က အလကား ရပါတယ်။ ဖုန်းဆိုင်တွေက ရောင်းချင်လွန်းလို.လေ။ ကျမ ရန်ကုန်မှာ နေတဲ့ အချိန်တုန်းက မိုဘိုင်းဆိုတာ လူတိုင်း မကိုင်နိင်။ SIM ကဒ်က အစိုးရဆီက မှောင်ခိုနဲ.မဟုတ်တရုတ် ပေါက်ဈေးနဲ.ဝယ်ရတာ။ အဲဒီတော့ ဖုန်းကိုင်နိုင်သူတွေက မိုဘိုင်းဖုန်းတွေကို အဆောင်အယောင်တခုလို ရှိုးပြစရာ တခုလို ခါးကြားမှာ ချိတ်ထားတတ်ကြတာ ဒီမှာ ပြောပြတော့ အပေါင်းအသင်း အားလုံးက တအံ့တသြ။

ဒါတင် ဘယ်ကဦးမလဲ။ Gmail တို. Gtalk တို.ကို တရားမဝင်ဘူး ပြောပြီး ပိတ်ထားခဲ့တာလဲ တို.နိုင်ငံ။ Viper လို အင်တာနက်ကနေ ဖုန်းပြောလို.ရတဲ့ applications တွေကို တရားမဝင်ဘူး ဆိုပြီးပြောတာလဲ တို. မြန်မာနိုင်ငံပါပဲ။ မြောက်ကိုးရီးယားတို အီသီယိုးပီးယားတိုတောင် အဲလို အခြေအနေမျိုး ကြုံဖူးမယ်မထင်။

အဲ မဆီမဆိုင် ထဲ့ပြောရရင် ကျမတို.နိုင်ငံရဲ. လတ်တလော တိုးတက် ပြောင်းလဲလာမှုနဲ.အတူ အခု မြန်မာ အစိုးရ အဖွဲ.အစည်းတွေမှာလဲ ခေတ်မှီစွာ အင်တာနက် သုံးလာကြပါပြီ။ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်တွေ ရှိလာကြပါပြီ။ ဥပမာ ကျမတို. ဆေးကျောင်းရဲ. ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်က အစပေါ့။ တော်တော်ကြီး ခေတ်မှီလာပြီပေါ့နော်။ ဒါပေမယ့် ဒီအစိုးရ ရုံးတွေရဲ. ဆက်သွယ်စရာ အီးမေးလ်ကို ကြည့်လိုက်ရင်တော့ Gmail accounts တွေ ဖြစ်နေတတ်တာ များပါတယ်။ အသိတယောက် မကြာသေးခင်က အလုပ်အတွက် ဆေးကျောင်းက စာလိုတော့၊ တောင်းတဲ့သူကို ငါတို.ဆေးကျောင်းကို တိုက်ရိုက် စာရေး၊ ဒါမှမဟုတ် အီးမေးပို.တောင်းလိုက်ပေါ့ ဆိုတော့ တောင်းတဲ့သူတွေက Gmail နဲ. အီးမေး လိပ်စာကိုကြည့်ပြီး အဲဒါ တကယ့် တရားဝင် အီးမေးဆိုတာ မယုံ။ ကျမ အသိက နာမည်တုနဲ. ဝင်ဖွင့်ထားတယ်လို. ထင်ပြီး စွပ်စွဲနေသေးတာ။ 

ကဲ ပြောရမယ်ဆိုရင်တော့ ပြီးတော့မှာ မဟုတ်၊ အခုတော့ ညဉ်.နက်လာပြီမို. ညည်းတာတွေကိုရပ်ပြီး ည အိပ်ယာဝင်ရပါတော့မယ်။ အားလုံး အိပ်မက် လှလှ မက်ကြပါစေ ........

10 July 2013

Internet and emails

ကျမ အင်္ဂလန်လာတာ ၂၀၀၅ အကုန်မှာ။ မြန်မာမှာ နေတုန်းက အဲဒီ အချိန်က အင်တာနက်ဆိုတာ သိပ်မသုံးကြသေး။ ကျမ အမျိုးသားက ကျမထက် ၅လစော အင်္ဂလန်ရောက်တာဆိုတော့ သူ.ဆီဆက်သွယ်ချင်ရင် ကျမ ယောက္ခမအိမ်မှာ အင်တာနက် ချိတ်ထားတော့ အဲဒီကနေ အီးမေးပို.ရပါတယ်။ ယောက္ခမရဲ. account ကနေပေါ့။ အဲဒီတော့ အမျိုးသားဆီ ဘယ်လိုလွမ်းကြောင်း ချစ်ကြောင်းတွေတော့ ပြောလို.မရဘူးပေါ့။ ဟီးဟီး။ 

အဲဒီ အချိန်က အမျိုးသားက ကျမကို ကိုယ်ပိုင် အီးမေး အကောင့် ဖွင့်ပေးမယ်ဆိုတော့ ကျမက “ပိုက်ဆံကုန်တယ် မလုပ်နဲ.”လို. ပြောမိသေးတယ်။ ပိုက်ဆံပေးပြီး ဖွင့်ရတယ် အောက်မေ့လို.လေ။ အမျိုးသားက မဟုတ်ဘူး အလကား ဖွင့်ရတာဆိုတော့ ဝမ်းသာအားရ အဲဒါဆိုရင် ဖွင့်ပါဦးပေါ့။ ဒါပေမယ့် အဲဒီအချိန်က မြန်မာနိုင်ငံမှာ gmail, hotmail ဆိုတာတွေ ပိတ်ထားတော့ ကျမကိုယ်တိုင်တော့ သုံးလို. မရ။ ဒါပေမယ့် သုံးလို. ရတာ မရတာက အကြောင်း မဟုတ်။ ကိုယ်နာမည်နဲ. အီမေးအကောင့် ရှိတယ်ဆိုတာနဲတင် ကျမမှာ ဝမ်းသာလုံး ဆို.နေပြီ ကျမအတွက် ဂုဏ်ယူစရာ တခု။ 

ဒါနဲ. ကျမ အင်္ဂလန်ရောက်လာတော့ အင်တာနက် အီးမေး အလကား သုံးရပါပြီ ဆိုပြီး ဝမ်းသာအားရ ရှိရှိသမျှ အီးမေးတွေ လိုက်ဖွင့်တာ Gmail, hotmail, yahoomail စုံလို.။ တချို.ဆို နာမည် ၂မျိုး account ၂ခု ၃ခုတောင့် ဖွင့်လိုက်သေး ဟီးဟီး။ နောက်မှ accounts တွေ များပြီး လိုက်စစ်ရတာ အချိန်ကုန်လွန်းလို. passwords တွေလဲ မေ့လိုမေ့။ ကိုယ့်ကိုတောင် ဟက်လုပ်တာ ခံရသေး။ ဒါနဲ. နောက်မှ account တစ်ခုပဲ စွဲစွဲမြဲမြဲ သုံးဖြစ်သွားတာ ဆိုပါတော့။

အဲဒီ ရောက်ခါစ အချိန်တုန်းကတော့ ဆေးရုံက အိမ်မှာ ငှားနေတုန်း။ အိမ်မှာ ကိုယ်ပိုင် အင်တာနက် သုံးလို.မရသေး။ ဆေးရုံမှာ အလုပ်လုပ်ပြီးရင် ညနေဆိုရင် လိုင်ဘရီကိုသွား လာသမျှ အီးမေးစစ် ပြန်စရာရှိတာပြန် အိမ်ကို အီးမေးပို.ဆိုတာတွေ လုပ်ရပါတယ်။ အလုပ်တွေကလဲ လျှောက်ထားချိန်ဆိုတော့ ညနေဆို ရင်ခုန်စွာ ဘာသတင်းထူး များရှိမလဲ လို အပြေးအလွှား သွားပြီး အီမေးစစ်ရတာ။ ဘာအလုပ်တွေ ထွက်လဲ အင်တာနက်မှာ သွားရှာရတာ။ ဆေးရုံ လိုင်ဘရီမှာ သုံးရတာဆိုတော့ website တော်တော်များများကိုတော့ သုံးမရအောင် ပိတ်ထားသေးတာပေါ့။

အဲဒီအချိန် ကျမ သုံးတဲ့ ဖုန်းကလေးကလဲ motorola သေးသေးပြားပြားလေး။ ဖုန်ခေါ်တာနဲ. text ပို.တာ ၂ခုပဲ သုံးလို.ရတယ်။ 

ဒီလိုနဲ ၂၀၀၆ - ၂၀၀၈ထိ isle of man မှာ အလုပ်လုပ်တော့ အိမ်မှာ အင်တာနက် သုံးလို.တော့ ရသွားပါတယ်။ ဆေးရုံကအိမ် ဆေးရုံက အင်တာနက်လိုင်း ဆိုတော့ အင်တာနက်ကတော့ နဲနဲတော့ နှေးပါတယ်။ အလုပ်က ပြန်ရောက်မှ ညနေခင်းတွေဆို အိမ် သူငယ်ချင်းတွေဆီကို အီးမေးပို.တာ လုပ်ရပါတယ်။ အဲဒီအချိန်မှာ ကိုရီးယားကားတွေ Youtube ကနေ. ကြည့်ပြီးတော့လဲ မြန်မာပြည်ကို အလွမ်းဖြေရတာ အမော။ 

၂၀၀၈ခုနှစ် Liverpool ပြောင်းတဲ့ အချိန်ကြတော့ အိမ်မှာ အင်တာနက် ဆက်ဖို. ၃ပတ်လောက် စောင့်ရမယ်တဲ့။ ဒါနဲ. အဲဒီ အချိန်မှာ iphone တွေ ပေါ်ခါစ၊ ဖုန်းနဲ. အင်တာနက် သုံးလို.ရတယ်။ အီးမေး စစ်လို.ရတယ်တဲ့။ ကဲ လမ်းသွားရင်း အလုပ်လုပ်ရင်း ... အချိန်ပြည့် အီးမေးစစ်လိုရမယ်တဲ့၊ အဲဒီအချိန်က ကျမလဲ မယုံတဝက် ယုံတဝက် နဲ. ကဲသုံးကြည့်တာပေါ့ဆိုပြီး အဲဒီအချိန်ကစပြီး iphone သုံးလိုက်တာ အခု အထိပဲ ဆိုပါတော့။ အခုတော့ ကျမရဲ. ဖုန်းဟာ ကျမနေ.စဉ် လုပ်နေကျ အလုပ်တွေအတွက် တကယ့် မဖြစ်မနေ အရေးပါတဲ့ အရာ တခုဖြစ်လာပါတယ်။

ကျမအလုပ်အတွက် အီးမေးဆိုတာကလဲ အလွန် အရေးပါတဲ့ အခန်းကဏ္ဍ တခုမှာ ပါဝင်ပါတယ်။ အလုပ်ကိစ္စ အားကစား သမားတွေရဲ. ဒါဏ်ရာ ကျန်းမာရေး ဆိုတာတွေ အီးမေးနဲ.နေ.စဉ် ဆွေးနွေးရပါတယ်။ အခုတော့ အလုပ်ထဲမှာ နဲနဲ အားပြီး ဆိုတာနဲ. ဖုန်းနဲ.ပဲ အီးမေးစစ်တာ ပြန်တာ လုပ်လိုက်တော့ အရင်ကလို ညနေ ဆေးရုံအလုပ် ပြီးတဲ့အထိ စောင့်စရာ မလိုတော့။ အလုပ်ကိစ္စတွေလဲ မနှောင့်နှေးတော့။ ကျမအတွက် ညနေခင်းကလဲ အားတဲ့ အချိန် ပိုများလာတာပေါ့လေ။ အားရင် အားသလို အလုပ်မှာ ပျင်းနေရင် facebook လို twitter လိုတောင် ဝင်စပ်စုတာတွေ မကြာခဏ လုပ်ဖြစ်လိုက်သေး။  

အခုတော့ iphone တင်မက ipad, tablets တွေ အပြင် .... ပို မြန်တဲ့ 4G network, ကိုယ်နဲမကွာ ယူသွားလို.ရတဲ. personal wifi hotspot .... Fibre optic broadband အစရှိသဖြင့် အသစ် အသစ်တွေ ပေါ်လာတာ တခါတလေများ လိုက်လို.တောင်မမှီ။ နောင် ဘာများ ထပ်ပေါ်မလဲ ကျမတို.ရဲ. နေစဉ်ဘဝကို ဘယ်လို သက်ရောက်မှုရှိဦးမလဲ ဆိုတာ ဆက်လက်စောင့်ကြည့်ပြီး အခုတော့ ကျမရဲ. ပျင်းစရာကောင်းတဲ့ အလုပ်ဘက် ပြန်ဆက်လိုက်ပါဦးမယ်။

18 June 2013

မြန်မာ ကွ

ဒီရက်ပိုင်း အင်တာနက်မှာ မြန်မာမလေး တယောက်ကို တဘက်သက် ရင့်ရင့်သီးသီး တိုက်ခိုက်ထားတာ ဖတ်လိုက်ရပြန်တယ်။ အမှန်တော့ ဒီလို ရင့်သီး ကြမ်းတမ်းတဲ့ စကားတွေနဲ. အင်တာနက်ပေါ် ဆဲတာ ဆိုတာတွေဟာ စိတ်ဓါတ်ကျစရာ မကြာခဏကို တွေ.မြင်နေရတာပါ။ 

ကျမ မြန်မာဖြစ်ရတာ ဂုဏ်ယူပါတယ်။ အလွန်လှပတဲ့ တိုင်းပြည်မှာ မွေးပြီး ကြီးပြင်းခဲ့ ပညာသင်ကြားခဲ့ရတာတွေ ဒီမှာ အမြဲ ဂုဏ်ယူစွာ ပြောပြနေကျ။ 

ဒီက အသိတွေ “နင်ရဲ. တိုင်းပြည် အကြောင်းပြောပြပါဦး” မေးလာခဲ့ရင် မဆိုင်းမတွ ... ငါတို.တိုင်းပြည် ဘယ်လောက်လှကြောင်း သယံဇာတတွေ ဘယ်လိုပေါကြောင်း တိုင်းသူပြည်သားတွေ ဘယ်လောက် ရိုးဖြောင့်ပြီး သဘောကောင်း ကူညီတတ်ကြောင်း။ အချင်းချင်းနာလည်လွယ် သဘောထားကြီးကြကြောင်း၊ အလွန် ဧည့်ဝတ်ကြေပြီး အားနာတတ်ကြောင်း .. အစရှိသဖြင့် ရှည်လျှားစွာ ရှင်းပြတတ်ပါတယ်။ 

ဒါပေမယ့် အခုနောက်ပိုင်း မြန်မာပြည်မှာ အင်တာနက်တွေ အသုံးများလာတော့ မြန်မာ ဝက်ဘ်ဆိုဒ်တွေ ပေါ်လာတယ်။ မြန်မာ အင်တာနက် အသိုင်း အဝိုင်း၊ ဆိုရှယ် ဝက်ဘ်ဆိုဒ်တွေ ဆိုတာ ရှိလာတယ်။ အဲဒီတော့မှ တွေ.လိုက်ရတဲ့ ရုတ်ရင်း ကြမ်းတမ်းတဲ့ စကားတွေ၊ ကွန်မန်.ပေးထားတာတွေ အင်တာနက်ပေါ် တက်ဆဲထား ဆိုထားတာတွေဟာ မမြင်ချင်မှ အဆုံး တွေ.ရ မြင်ရ ဖတ်ရပါတယ်။ ပြောထားတဲ့ စကားတွေ အများစုဟာ တကယ် မကြားဝံ့ မနာသာတွေရယ်ပါ။ ဖတ်ရတာ တွေ.ရတာတောင် မျက်စိရှက်ဖို.တောင် ကောင်းပါတယ်။ 

ဒီတော့ ကျမတွေးမိတာက ကျမထင်တဲ့ သိပ်ကို ယဉ်ကျေသိမ်မွေ.တဲ့ ကူညီတတ်တဲ့ မြန်မာတွေဆိုတာ ကျမရဲ. စိတ်ကူးယဉ် အိပ်မက်ထဲက ဂယောင်ခြောက်ခြား ထင်မြင်ချက်တွေပဲလား ဆိုတာ။ မြန်မာလူမျိုးဆိုတာ တကက် လက်တွေ. ဘဝမှာတော့ အခုလို မိုက်ရိုင်းတဲ့ ရင့်သီးတဲ့ စကားတွေပဲ ပြောတတ်တဲ့ လူတန်းစား တခုပဲ လားဆိုတာ။ အခုတလော ဂယက်ရိုက်နေတဲ့ ဘာသာရေး နိုင်ငံရေး ကိစ္စများလဲ အပါအဝင်ပါ။ တချို.တွေရဲ. ငါပြောတာပဲမှန်တယ်၊ ငါ့ ခံယူချက်နဲ.မတူရင် ဝင် ဆဲလိုက်မယ်၊ မိုက်မိုက်ရိုင်းရိုင်း ဝင်ဆော်ထဲ့လိုက်မယ် ဆိုတဲ့ လူမျိုးတွေ အများကြီးပဲ တွေ.နေရတာ တကယ် စိတ်ဓါတ်ကျဖို. ကောင်းလှပါတယ်။ လူတိုင်း ငြိမ်းချမ်းစွာ သဘောထား ကွဲလွဲခွင့် ရှိရမယ် မဟုတ်ဘူးလား။

လူဆိုတာ ကိုယ်ဘယ်ကလာတယ် ဆိုတဲ့ ကိုယ့်ရဲ. ဇာတိဇာတ်မြုပ် Root ကို မရှက်သင့်ဘူးလို ကျမယုံကြည်ပါတယ်။ ဒါပေမယ့် ဒီလို အင်တာနက်မှာ ဖတ်ရတာတွေ များလာတော့ တခါတလေတော့ ကျမ မြန်မာ ဖြစ်ရတာ ရှက်မိတယ်။ အဲလို ရှက်မိတဲ့ အတွက်လဲ့ ကျမကိုယ် ကျမ မသိုးမသန်. လိပ်ပြာမသန်.ဖြစ်ရပြန်ရော .... နောက်ဆုံးတော့ ကိုယ့်ရဲ. စိတ်ကူးယဉ် ကမ္ဘာလေးထဲမှာပဲ ကျမ ပြန်နေတော့မယ်လို. ဆုံးဖြတ်လိုက်တယ်။ ဒီ အင်တာနက် သုံးပြီး ရိုင်းစိုင်းတဲ့ သူတွေဟာလဲ မြန်မာလူမျိုးအားလုံး ရဲ. ပုံရိပ် ကိုယ်စားပြုတာ မဟုတ်ပဲ မြန်မာတွေထဲကမှ လူအနည်းစုလေးပဲ ဖြစ်ပါစေလို. ဆုတောင်းမိပါတော့တယ်။

11 June 2013

Extremists

ဒီနေ. အလုပ်ထဲမှာ အားကစား သမားတွေ ကြည့်နေတုန်း ဘေးနားက ဖွင့်ထားတဲ့ TV က Sky News မှာ မြန်မာနိုင်ငံ အကြောင်းပြတာ ပါလာပါတယ်။ ကျမလဲ အာရုံကို အထူးစိုက် ဘာတွေ ဖြစ်နေတာလဲ ပေါ့။ ဘေးက သူငယ်ချင်းတွေကိုလဲ ဂုဏ်ယူဝံ့ကြွားစွာ ဒါ ငါ့ကို မွေးပြီး ကြီးပြင်းခဲ့တဲ့ ငါ့ရဲ. တိုင်းပြည်ပေါ့လို.လဲ ပြောလိုက်သေး။ 

အဲဒီတော့ သူငယ်ချင်းတွေက ဘာတွေ ဖြစ်နေတာလဲ .. ဘာကြောင့် ဒီလူတွေ တဲထိုးပြီးနေရတာလဲ။ လူတွေ အတော် ဒုက္ခရောက်တဲ့ ပုံဘဲဆိုတာက စပြီး အခု လောလောဆယ် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေရတဲ့ ဆူပူမှုတွေနဲ. ပက်သက်ပြီး ဆွေးနွေးတဲ့ ဆီရောက်သွားပါတယ်။ 

ဒီမှာ သူငယ်ချင်းတွေကပြောတာ အစ္စလာန်က အစွန်းရောက်တွေ များပြီး ဆူပူမှုတွေ အတော်လုပ်တာ ငါတို.အားလုံး အသိပဲ။ ကမ္ဘာတဝှမ်းမှာ အတော်ဖြစ်တာပဲ။ ဒါပေမယ့် Buddhist extremist ဆိုတာ တခါမှ မကြားဖူးပါဘူး။ ဘာကြောင့်များ buddhist တွေပါတဲ့ ဘာသာရေး အထိကရုဏ်းတွေ ဖြစ်တာလဲတဲ့။

ကျမလဲ လူနာကြည့်နေရင်း တန်းလန်းဆိုတော့ ပြန်ရှင်းချက် ငြင်းချက် ဆွေးနွေးတာတွေ ပြန်မလုပ်နိုင်ခဲ့ .. စိတ်ထဲမှာတော့ အတွေးတွေ မေးခွန်းတွေ ထပ်သွားမိတာ အမှန် .....။

7 June 2013

ဒီမိုကရေစီ လေလား

ဒီရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း အကောင်းရော အဆိုးပါ ဝေဖန်ထားတာတွေ အတော်များများ တွေ.ရ ဖတ်ရပါတယ်။ 

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရဲ. လမ်းစအနေနဲ. ကိုယ်ရဲ. ခံစားချက် ထင်မြင်ချက်တွေ ပွင့်ပွင့်လင်းလင်း ပြောလို.ဝေဖန်လို. ရတာကိုတော့ ကျမ အတော် ဝမ်းသာမိပါတယ်။

ဒါပေမယ့် နိုင်ငံရေးမှာ အတော် များများဟာ ဒါမှန်တယ် ဒါမှားတယ်လို. တိုင်းတာလို. ရနိုင်တဲ့၊အဖြူအမဲ ခွဲခြားလို.ရနိုင်တဲ့ အရာတွေ မဟုတ်ဘူးလို. ကျမထင်ပါတယ်။ လူတယောက်က ဒါကို မှန်တယ်ထင်ပေမယ့် တခြားတယောက်ဘက်က ကြည့်ရင် မှားတယ်လို. မြင်ချင် မြင်မှာပါ။ ဒီလိုပဲ လူအများက ဖြူတယ်ထင်တာနဲ. အမဲကနေ အဖြူဖြစ်မသွားပါ။ ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ ညွှန်ပြတဲ့ နည်းလမ်းတွေကိုလဲ ကြိုက်တဲ့သူ ရှိသလို မကြိုက်တဲ.သူတွေလဲ ရှိမှာပါဘဲ။ ကျမ ကိုယ့်ကိုယ် ပြောနေကျ၊ အားပေးနေကျ စကားလေး တခွန်းကို အမှတ်ရမိတယ်။ "You can not please everybody" ဗုဒ္ဓဘုရားတောင် သူ.ကို ရန်ငြှိုးထားတဲ ဒေဝဒတ်ရှိသေးတာ။ သာမန်လူသားတွေမှာ ဆိုရင်တော့ ကိုယ်ကို သဘောကျတဲ့သူ ရှိသလို ကိုယ့်မကြိုက်တဲ့သူ မုန်းတဲ့သူဆိုတာ ပိုတောင်များဦးမယ် ထင်ပါတယ်။

ကျမကို ဒေါ်အောင်းဆန်းစုကြည် ထောက်ခံလား မေးလာမယ် ဆိုရင် သူ.ရဲ. ကိုယ်ရေးမကြည့်ပဲ တိုင်းပြည်အတွက် အနစ်နာခံတာလေး တချက်နဲတင် သူ.ကို ထောက်ခံပါတယ်။ သူမ အကျယ်ချုပ်က လွှတ်ပြီး ပါတီထဲ ဝင်ခါစက သူမ နာမည်ကြီး သလောက် တကယ်ရော လုပ်နိုင်ပါ့မလား ဆိုတဲ့ အတွေးမျိုးတွေ သံသယတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် သူ.မရဲ. နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကနဲ. အင်္ဂလန်မှာ ပြောခဲ့တဲ့ မိန်.ခွန်း စကားတွေ ကြားပြီကထဲက အဲဒီ သံသယတွေဟာ လုံးလုံး ပျောက်သွားခဲ့ပါပြီ။ တိုင်းပြည် ကြီးပွားအောင် အများကြီး နောက်ကျ ကျန်ခဲ့တဲ့ ကျမတို. အမိနိုင်ငံကို လမ်းအမှန်ပြန်ရောက်အောင် သူမပြန်ဆွဲတင်နိုင်လိမ့်မယ်လို ကျမ အခုတော့ ယုံကြည်မိသလို ဆုလဲတောင်းပေးမိပါတယ်။ လူအများ သဘောကျအောင် သူပါတီနိုင်အောင်ဆိုတဲ့ စိတ်လေးနဲပဲ အများအကြိုက် နိုင်ငံရေး မလုပ်ပဲ သူမ မှန်တယ် ထင်တာကို ရဲရဲဝံ့ဝံ့ ပြောရဲတဲ့ သူမစိတ်ထားကိုကတင် အလွန် လေးစားစရာ ကောင်းနေပါပြီ။ မျက်တမှိတ် လျှပ်တပျက် အတွင်းတော့ အရာအားလုံး ပြောင်လဲ မသွားနိုင်။

ဒီရက်ပိုင်း အတွင်းသတင်း တခုကြားမိတယ်။ နိုင်ငံ အကြီးအကဲဟောင်းကြီးရဲ. ရန်ကုန်ရဲ. ဈေးအကြီးဆုံးနေရာမှာ ရှိတဲ့ ဧက ပေါင်းမျာစွာ ကျော်တဲ့ ခြံကြီး အကြောင်းနဲ.၊ သိန်းသောင်းချည်တန်တဲ့ ဈေးအကြီးဆုံး ရပ်ကွက်တွေထဲက ခြံပေါင်း မြောက်များစွာတို.ရဲ. အကြောင်းပါ။ .........   ကဲနိုင်ငံ ဆင်းရဲတာ ဘာကြောင့်လို ထင်ပါလဲ ....

ကိုယ်က ဒီမိုကရေစီ နိုင်ငံ လိုချင်ရင်တော့ ..... ဒီမိုကရေစီနဲ. အတူပါလာတဲ့ ကောင်းကျိုးရော ဆိုးကျိုးပါ အတူ ဝေမျှ ခံစား စံစားကြရမှာပါပဲ။ အရာရာ တိုင်းမှာ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတယ်တဲ့။

ဒေါ်စု မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ပြီး မန်ဒီဘားလို လီကွမ်ယုလို တိုင်းပြည်ကို ခေါင်းဆောင်နိုင်ပြီး တိုင်းပြည် တိုးတက်ကြီးပွားအောင် ဆောင်ရွက်နိုင်တဲ့ ခေါင်းဆောင်ကောင်းကြီး တယောက် ဖြစ်ပါစေလို. 

4 June 2013

Population explosion

အရင် တပတ်က ဆွီဒင်သွားတော့ အားနေတဲ့ အချိန်တွေမှာ Dan Brown ရဲ. Inferno ဝတ္ထုကိုဖတ်ဖြစ်ပါတယ်။ သူ.ရဲ. ရေးနေကျ စတိုင်အတိုင်း Theme တခုခုကို အခြေခံ စာရေးတတ်တာ ဒီတခါမှာတော့ ကမ္ဘာကြီးမှာ လူဦးရေ တအားထူထပ်လာတဲ့ Population Growth အကြောင်းကို အခြေခံရေးထားပါတယ်။ 

စာအုပ်ဖတ်ပြီး အတွေး တချို.ဝင်လာပါတယ်။ ပုံပြထားတဲ့ Graph နဲ. တွက်ချက်ကြည့်လိုက်မယ် ဆိုရင်၊ အခုအတိုင်းသာ ဆက်သွားမယ် ဆိုရင်ပေါ့ နှစ် ၁၀၀ အတွင်းမှာပဲ Population Explosion နဲ. လူသားဆိုတဲ့ အမျိုးအနွယ် ပျောက်ကွယ်သွားနိုင်တယ်တဲ့။ စာရေးဆရာ ဥပမာပေးထားတာက ရေကန်ထဲမှာ ပေါက်နေတဲ့ ရေညှိပင်လေးတွေ၊ တအား ပွားပြီး တအား များလာတယ် ဆိုပါတော့။ ရေကန်ကသေးသေးနဲ. အားလုံး ရေညှိတွေ ပြည့်ကျပ်သွားတော့ သူတို.အတွက် လိုအပ်တဲ့ အောက်စီဂျင် အစာ အဟာရတွေ မလုံလောက်တော့ အပင်တွေ အကုန်သေကုန်ရောတဲ့။ 

လူတွေလဲ အတူတူ ဆက်သာ ပွားများနေမယ် လူဦးရေတွေ ပိုထူထပ်လာမယ်ဆိုရင် ဒီကမ္ဘာကြီးမှာ ရှိတဲ့ မြေကြီးနဲ. နေဖို. မလုံလောက်နိုင်တော့၊ ထွက်တဲ့ အသီးအနှံ အာဟာရတွေက လူတွေအားလုံး အတွက် မလုံလောက်နိုင်တော့ ဖြစ်လာမယ်ဆိုရင် .... ဆက် မတွေးရဲ စရာကြီးပါ။

30 May 2013

mixed races

ဒီရက်ပိုင်း တွေရတဲ. လူနာ အများစုနဲ. ပါလာတဲ့ ကလေးလေးတွေ တွေ.ရတာ အဖြူအမဲ ရောမွေးထားတာလေးတွေပဲ များနေတယ်။ အသားညိုတိုတို၊ ဆံပင်က ကပ္ဗလီအကောက်လေးတွေနဲ.။ အသားက ဝါတာတာ မျက်လုံး အညိုလေးတွေ။ ဆံပင်က နက်မှောင်လို. မျက်လုံးလေးက ပြာတာတာ ညိုညိုတိုတိုလေးတွေ ... တွေ.ရတာ စုံနေတာပဲ။

အဖြူနဲ. ကပ္ဗလီ၊ အဖြူနဲ. ကရေဘီရန်း၊ အဖြူနဲ. middle east (မြန်မာလို ဘယ်လိုခေါ်တယ်မသိ)၊ အဖြူနဲ. အာရှသား (ကုလား တရုပ် အစုံ) အဟဲ တို.မြန်မာတောင် ပါလိုက်သေးတယ်နော် ရောစပ်လို. မွေးလာတဲ့ ကလေးတွေ အသားအရောင် ဆံပင်အရောင် ရောင်စုံ ရောစပ်လို.ရယ်ပါ။ 

ကျမ အနေနဲ. လူမျိုးရေး ခွဲခြားတဲ့ စိတ်ဓါတ် မရှိပေမယ့် စိတ်ထဲ တွေးမိတာက နောင် ၁၀နှစ်ဆိုရင် Caucasian ဆိုတာတောင် ရှိပါဦးမလားလို.။ အားလုံး Mixed Races လေးတွေပဲ ဖြစ်နေမလား။ ကမ္ဘာရွာကြီးရဲ့ ကောင်းကျိုးလား ဆိုးကျိုးတွေလားပါပဲ။ 

20 May 2013

Voice Journal မှ စေတနာရှင် ပြည်သူကြီး ပေးခဲ့တဲ့ အတွေးများ


မအားမလပ် အလုပ်တွေရှုပ်လို. မရေးတော့ဘူး ထားပေမယ့် တွေးရင်းတွေးရင်း မနေနိုင်တော့လို. ရေးပါဦးမယ်။ မရေးရရင် အီးတစ်နေတဲ့ ဖီလင်နဲ. နေလိုမရဖြစ်နေလို. ရေးမှကို ဖြစ်တော့မယ်။

တလောက Voice Journal က စေတနာရှင်ပြည်သူကြီး တယောက်ရေးထားတဲ. ဆရာဝန်တွေ အပေါ် သူ.ရဲ. သဘောထားနဲ. ပေးထားတဲ့ အကြံပြုချက်များကို ဖတ်ရပါတယ်။ သူ.ကြောင့်ပဲ Facebook မှာ အတော် ဂရက်ရိုက်သွားခဲ့ရပါသေးတယ်။ ကျမကတော့ ဘယ်သူ.ဘက်မှ ဘက်မလိုက်ပဲ သူ.ရဲ. အယ်ဒီတာ ပေးစာကို အချက်လက်ကျကျ ပြန်သုံးသပ်ကြည့်ချင်ပါတယ်။ 

ဒီစေတနာရှင် ပြည်သူကြီးက သူ.အစာအိမ်ရောင်တာ သွားပြတာ ကြည့်မယ့် ဆရာဝန် ဆေးခန်းလာတာ နောက်ကျတာနဲ. ဒေါသပုန်ထပြီး ရေးထားတဲ. စာဆိုတော့ ဒေါသရဲ. အငွေ.အနှောင်းတွေ သူစာမှာ ထင်ဟပ်နေဆဲပါ။ သူ.စာကို ဖတ်ရတာ Australia ကို အတော် အထင်ကြီးပြီး ကိုယ့်နိုင်ငံမှာနေပြီး ကိုယ့်ပြည်သူပြည်သားတွေကို ကုသပေးနေတဲ့ ဆရာဝန်တွေကိုတော့ အတော်ဆော်ချင်နေပုံ ရတယ်လို. အထင်အမြင် ရစေပါတယ်။ ဒေါသနဲ. ရေးထားတော့ စာတပိုဒ်လုံး မှန်တာလဲ ပါပါလိမ့်မယ်၊ ပိုပြော ချဲ.ပြောတာတွေလဲ ပါပါလိမ့်မယ်။ ဆေးပညာ အကြောင်း နားမလည်တဲ့ အရပ်သားဆိုတော့ သူမှန်တယ်ထင်ပေမယ့် မှားနေတာတွေလဲ ပါပါတယ်။ စာ တပိုဒ်လုံး ထောက်ပြစရာ အချက်တွေ အများးကြီး ရှိပါတယ်။ ဒါပေမယ့် ကျမက အဲဒါတွေ တခုချင်း ထောက်ပြ ဖြေရှင်း ချေပချင်လို. မဟုတ်။ကျမရင်ထဲ အခုထိ ကျလိ ကျလိ ယားစေတဲ့ သူ.ရဲ. အကြံပြုချက်တွေကို ပြန်ပြောပြချင်လို.ပါ။ 

ကဲ စေတနာရှင် ပြည်သူကြီးရဲ. စေတနာ အပြည့်နဲ. အကြံပြုထားတဲ့ အကြံပြုချက်များ .... တခုချင်း  ပြန်ကြည့်ရအောင် ..


၁။ ဆေးတက္ကသိုလ်များမှ ဆရာဝန်များ ကျင့်ဝတ်ကို ကောင်းစွာ သင်ကြားပေးရန်။ 

(ဆရာဝန် ဖြစ်လာသူတိုင်း ဆရာဝန် ကျင့်ဝတ်နဲ. အညီ ကျင့်ကြံရမယ် ဆိုတော့၊ လူသား အားလုံးလဲ လူသား ကျင့်ဝတ်နဲ. ကျင့်ကြံရမယ်။ ဒါကိုတော့ ကျမ လက်ခံနိုင်ပါတယ်။

ဒါပေမယ့် စေတနာရှင် ပြည်သူကြီးကပဲ ပြောထားတာ၊ သူ.တူမ ဆရာဝန်မ Australia မှာ ညသန်းခေါင်လာတဲ့ အမျိုးသမီးလူနာကို အချိန်လားဖြုန်းနေမှန်း သိပေမယ့် မကုရင် လူနာ တရားစွဲမှာကြောက်လို. ပျူပျူငှာငှာ ဆက်ဆံပြီး ကုပေးရတယ်တဲ့။ 
ဟုတ်ကဲ့ ကျမအခုလုပ်တဲ့ England မှာလဲ အချိန်ကုန် ငွေကုန် အရက်သမား ဆေးသမားများ ဆေးရုံမှာ လာလာ ရှုပ်တာ အမြဲကို ရှိပါတယ်။ သူ.တို.တရားစွဲမှာစိုးလို.တော့ မဟုတ်၊ ဆရာဝန်ဆိုတဲ့ ကျင့်ဝတ်ကြောင့် ကျမတို.မှာ လူတန်းစားခွဲခြားလို. မရပဲ အားလုံး တန်းတူညီမျှ ဆက်ဆံပြီး  ဆေးကုပေးရပါတယ်။ စေတနာရှင်ကြီးရဲ. တူမ ဆရာဝန်ကျင့်ဝတ် ဆိုတာ ဘာတွေလဲ မေ့ကုန်ရင် ပြန်ဖတ်ရအောင် ပြောပြတာပါလို.။ စေတနာရှင်ကြီးကလဲ ဆရာဝန်ကျင့်ဝတ်နဲ. ပက်သက်ပြီး ဝင်ရောက် ဝေဖန် အကြံပြုချင်ရင် ဆရာဝန် ကျင့်ဝတ်မှာ ဘာတွေပါလဲဆိုတာ အရင်လေ့လာပါသင့်ပါတယ်လို.)



၂။ ဆရာဝန် တဦးလျှင် ဆေးခန်း တခုထက် ပိုထိုင်ခွင့်မရှိစေရန် 

(စေတနာရှင်ကြီးရေ “ကိုယ်ပိုင်အားလပ်ချိန်”တို. “အခြေခံ လူအခွင့်အရေး”တို. ဆိုတဲ့ စကားတွေ ကြားဖူးပါသလားလို.။ အစိုးရအလုပ်ချိန် ဆေးရုံမှာ တာဝန် ထမ်းဆောင် အလုပ်လုပ်ပြီးတော့ ကျန်တဲ့ အချိန် ကိုယ့် ကိုယ်ပိုင် အချိန်မှာ ကိုယ်ဘာသာကိုယ် ဆေးခန်း ၁ခုပဲ ထိုင်ထိုင်၊ အခု ၁၀၀ ပဲထိုင်ထိုင်ပေါ့။ အခြေခံ အကျဆုံး လူ.အခွင့်အရေးတောင် ဆရာဝန်တွေမှာ မရှိရတော့ဘူးလား။  ဆရာဝန် ဆေးခန်းနောက်ကျတယ်၊ မကျေနပ်ဘူးဆိုရင် အဲဒီ ဆရာဝန်နဲ. သွားမပြနဲ.ပေါ့ကွယ်။ ရီစရာတွေ သိပ်မပြောပါနဲ.လို.။ အဓိပါယ်မရှိတဲ့ အကြံပြုချက်တွေနဲ. တော့ ဆရာဝန်တွေကို မလုပ်ကြံပါနဲ.လို.)


၃။ ဝင်ငွေခွန် စည်းကြပ်ရန်။ အထူးကု ဆရာဝန်ကြီး သမားတော်ကြီးများ MBBS ဘွဲ.ရသည့် အချိန်မှစ၍ ယနေ.အထိကာလ တခုလုံးအတွက် ၁နှစ်လျှင် သိန်း၁၀၀၊ နှစ်၃၀ဆိုလျှင် သိန်း ၃၀၀၀ သတ်မှတ် ဝင်ငွေဆောင်ရန်  

(ဗုဒ္ဓေါ မြတ်စွာဘုရား ... ဆရာဝန်ဖြစ်ရတာ အတော် မလွယ်ပါလားနော်။ နိုင်ငံတခုလုံး စည်းပွားရေးရှင်ကြီးတွေ၊ ခရိုနိုကြီးတွေ၊ လေကြောင်းလိုင်း တလိုင်းလုံးပိုင်ပြီး မိလျှန်နဲ.ချီ လစဉ် ဝင်ငွေရှိပါတယ် ဆိုတဲ့ လူတွေ၊ အသာ မျက်ကွယ်မှာထားလို. ဆရာဝန်ကြီးတွေပဲ အခွန်ကောက်ဆိုပါလား ...။ စေတနာရှင်ကြီးရယ် ဦးဏှောက်ရှိခဲ့ရင် နဲနဲ ပြန်စဉ်းစားကြည့်ပါ။ ဦးဏှောက်ရှိမရှိ သေချာအောင်လဲ CT Head scan လေးရိုက်ကြည့်ပါလားလို ဆရာဝန် တယောက်အနေနဲ. ပြန်အကြံပြုချင်ပါတယ်။ လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ ဆရာဝန် ဆိုတဲ့ လူတန်းစားနဲ. နိုင်ငံ့ သယံဇာတာတွေနဲ. ကြီးပွားနေတဲ့ သူတွေနဲ. ဘယ်သူက အခွန်ပိုဆောင်သင့်လဲ။ 
မှန်ကန်တဲ့ တရားမျှတတဲ့ ဥပဒေရှိတဲ့ နိုင်ငံသာဆိုရင် လူတိုင်း တူညီတဲ့ အခွင့်အရေးနဲ. ဝင်ငွေ အနည်းအများပေါ် မူတည်ပြီး တိုင်းသူပြည်သားတိုင်း အချိုးကျ အခွန်ဆောင်သင့်ပါတယ်။ အဲ Educational Clearance (EC) အတွက် ဒါဏ်ငွေပေးရမယ်ဆိုရင်လဲ ဆရာဝန်ဆိုတာ တခုပဲ ခွဲခြားမထားပဲ၊ ရှိသမျှ ပညာတတ် တက္ကသိုလ်အားလုံး ညီတူညီမျှ ကောက်ခံဖို. စဉ်းစားသင့်ပါတယ်။ ဒါမှ တရားမျှတတဲ့ ဥပဒေ ဖြစ်မှာပေါ့နော်)


၎။ ဆရာဝန် ကြီးကြပ်ကော်မတီဖွဲ၍ စည်းကမ်းဖေါက်ဖျက်သော ဆရာဝန်ကြီးများအား ဆမ ဒါဏ်ငွေ အစရှိသဖြင့် အပြစ်ယူရန် ....

(ဒီအချက်ကိုတော့ အဓိပါယ် ရှိတဲ့ အတွက် ကျမ ထောက်ခံပါတယ်။ ဆရာဝန်လဲ ဆရာဝန် ကျင့်ဝတ် စည်းကမ်းဆိုတာ ရှိတယ် မဟုတ်ပါလား။ စည်းကမ်းဖေါက်ဖျက်လို အပြစ်ဒါဏ်ပေးတာ တရယ်မျှတပါတယ်။ 
ဒါပေမယ့် ဆရာဝန်တွေ အပေါ် မတရား စွပ်စွဲ အပြုလုပ်ခံရတဲ့ ကိစ္စတွေအတွက် ဆရာဝန်တွေဖက်က ရပ်တည်ပေးမယ့် အစိုးရ အဖွဲအစည်းလဲ ဖွဲပေးသင့်ပါတယ်။ လူသတ်သမားတောင် FAIR TRIAL ပေးပြီးမှ ပြစ်ဒါဏ်ချရတာ မဟုတ်လား၊ တဘက်ပြောစကားနဲ. တင် အပြစ်ပေးလိုမရ၊ နှစ်ဘက်လုံး နားထောင်မှ ဘယ်ဘက်က မှားလဲဆိုတာ သိနိုင်တော့မှာပေါ့နော်)

ကဲကဲ ရေးပြီးတော့ မောသွားပြီ။ ဒီမှာပဲ ရပ်ပြီး ကိုယ်အလုပ် ကိုယ်ပြန်လုပ်ရတော့မယ်။ 

Now I am just going to mind my own business!!

မှားတာရှိ ဝန်ဒါမိ၊ အပြုသဘော ဝေဖန်ချက်များအားလုံးကို လဲ ကြိုဆိုပါ၏  

17 May 2013

ချစ်ပြီးတော့ မုန်း

တနေ.က ကားမောင်းရင်း ရေဒီယိုမှာ ကြားလိုက်မိတဲ့ သတင်းလေးတပုဒ်ပါ။

အင်္ဂလန်လွှတ်တော်အမတ် (Liberal Democrat MP Chris Huhne) နဲ. သူ.အမျိုးသမီး ကား Speed Ticket လိမ်မိလို. နှစ်ယောက်လုံး ထောင်ကျသွားကြသတဲ့။ စဖြစ်တာက လွန်ခဲ့တဲ့ ၈နှစ် လောက်ကဆိုပါတယ်။ 

အင်္ဂလန် လမ်းတွေပေါ်မှာ speed camera တွေရှိပါတယ်။ အဲဒီ Speed Camera တွေရှေ.မှာ ကားတစီး သတ်မှတ် အရှိန်ထက် ပိုမြန်မောင်းမိရင် အဲဒီကားရဲ့ နောက်ပိုင်း လိုင်စင်ဓါတ်ပြားကို အော်တိုမတ်တစ် ဓါတ်ပုံရိုက်ယူထား တတ်ပါတယ်။ ဒါကို ရဲတွေက နောက်မှ ဒီကားပိုင်ရှင် ဘယ်သူလဲ ဆိုတာ ရှာပြီးတော့ အဲဒီအချိန် ဒီကားကို ဘယ်သူ မောင်းတာလဲ ဆိုတာ စုံစမ်းပါတယ်။   Penalty points အပြစ်ဒါဏ် အမှတ်တွေ သတ်မှတ်ထားတာထက် များလာရင်တော့ လိုင်စင် အသိမ်းခံရတာ။ စည်းကမ်းလိုက်နာဖို. သင်တန်း ပြန်တက်ရတာ မျိုးတွေ လုပ်ရပါတယ်။ 

ဒီ လွှတ်တော်အမတ်က အဲဒီ ticket ရောက်လာ ချိန်မှာ သူမှာ အရင် ရထားတဲ့ Penalty points တွေ များနေပြီ ဆိုပဲ။ ဒါနဲ. သူ.မိန်းမက သူ.အစား ညာပြီး အဲကားကို သူမ မောင်းတာပါ ဆိုပြီး ဒါဏ်ငွေဆောင်ပြီး သူ.ယောက်ျားအစား အပြစ်ဝင်ယူပေးလိုက်တယ်။ အဲဒီတုန်းကတော့ အချစ်တွေနဲ. အကောင်းပေါ့။ အဲ နောက်နှစ်အတော်ကြာတော့ အမျိုးသား လွှတ်တော်အမတ်က သူ.ရဲ. အတွင်းရေးမှူးကလေးနဲ. ဖောက်ပြန်တဲ့ သတင်းတွေထွက်လာပြီး သူ.မိန်းမကြီးနဲ. ကွာရှင်းမယ်လုပ်ပါရော။ မခံမရပ်နိုင်တဲ့ သူမိန်းမက သတင်းသမား (ဂျာနယ်လစ်ဆိုပါတော့) တယောက်နဲ. စကားပြောပြီး ဒီ အရင်က ကိစ္စကို ဖော်ကောင်လုပ်ပါရော။ သတင်းစာထဲမှာ သတင်းကြီး တရပ်အနေနဲ. ပါလာတော့ ဥပဒေအရ စုံစမ်းရ အရေးယူရတာတွေ ဖြစ်လာပါတယ်။ ပထမတော့ မိန်းမက  သူ.ယောက်ျားက ခြိမ်းချောက်လို. လုပ်ရပါတယ်ဆိုပြီး တရားရုံးမှာ လျှောက်ပါတယ်။ ဒါပေမယ့် တရားသူကြီး နဲ. ဂျူရီတွေမှ ခြိမ်းချောက်တာ ဘာသက်သေမှမရှိ၊ တရားရုံးကို လိမ်ညာတယ် Obstruction of Justice ဆိုပြီး လင်မယား ၂ယောက်လုံး တယောက် ထောင် ၈လ ချလိုက်ပါတယ်။ 

ဒီကိစ္စ ကျမ ခေါင်းထဲ ဝင်လာတာက အလွန် စိတ်မြန်တဲ့ ကျမမှာလဲ Speed ticket တခု ရထားတာ ရှိပါတယ်။ ၃နှစ်တော့ ပြည့်ခါနီးပါပြီ။ အိမ်ကို ရဲဆီကနေ စာရောက်လာပြီး “ဒီကား ဒီအချိန် ဒီလမ်းမှာ ဘယ်သူမောင်းတာလဲ” စုံစမ်းခံရတုန်းက အမျိုးသားကို “သွပ်ပြားကို တကယ်ချစ်ရင် ရဲကို ဒီကား ငါမောင်းတာပါလို” ပြန်ရေးပေး နောက်ဖူးပါသေးတယ်။ နောက်ပဲ နောက်တာနော်။ တော်သေးတာပေါ့ မဟုတ်တာ မလုပ်မိလို.။ တော်ကြာ ကျမပါ ၈လ ဂျေးလ် (Jail) ထဲရောက်နေဦးမယ်။

မကောင်းမှုသည် စိတ်ကွယ်ရာမရှိတဲ့။ ဘယ်သူ မသိ မိမိကိုယ် မိမိ သိတာကြောင့် အတတ်နိုင်ဆုံး ဖြောင့်မှန်စွာ နေထိုင်တာပဲ ကောင်းပါတယ်လို ...။

16 May 2013

မေ့မရသော ဖြစ်ရပ်တခု

ဒီကိစ္စဖြစ်ခဲ့တာ နှစ်နဲ.ချီ တော်တော်ကြာခဲ့ပါပြီ။ ဒါပေမယ့် ကျမ မေ့မရသေးပါ။

အရင်ကျမလုပ်ခဲ့တဲ့ အလုပ်တခုမှာ မန်နေဂျာကြီး တယောက်ရှိပါတယ်။ အလုပ်မှာ အလွန်အာဏာကြီး သြဇာညောင်းလို. ကျမတို.ရဲ့ ကိစ္စ အတော်များများ သူနဲ.ပဲ ဆွေးနွေးတိုင်ပင်ခဲ့ရပါတယ်။ 

တနေ.တော့ အလုပ်မှာ "Reception" ဧည့်ခံ နေရာမှာ လူလိုလို. မန်နေဂျာကြီးကပဲ အလုပ်ခေါ်စာထုပ်၊ လူရွေးပြီး အင်တာဗျူးပြီး အလုပ်ခန်.လိုက်ရပါတယ်။ အဲဒီ မိန်းကလေးကို အလုပ်ပေးတော့်မယ်လို. မန်နေဂျာကြီးက ဖုန်းထဲမှာ ကတိပေးပြီးမှ အဲဒီ မိန်းကလေးက ကျမကိုယ်ဝန် လေးလရှိနေတယ်။ ဒါ့ကြောင့်ခွင့် ကြိုစီစဉ်ချင်တယ်လို. ပြောပါရော။

ဒီနိုင်ငံမှာ ကိုယ်ဝန်ရှိလာရင် (NHS ဆေးရုံတွေမှာ) Maternatiy Leave ဆိုပြီး လစာပြည့်နဲ. ၆လ။ လစာတဝက်နဲ. ၆လ၊ စုစုပေါင်း ၁၂လ ခွင့်ယူလို.ရပါတယ်။ 

အဲဒီ ကိုယ်ဝန်ရှိနေတယ်ဆိုတဲ့ စကားလဲ ကြားရော မန်နေဂျာကြီးက ဒါဆိုတော့ အလုပ်ပေးလို. မဖြစ်သေးဘူးဆိုပြီး ပြန်ပြောလိုက်မိတယ်တဲ့။ မန်နေဂျာကြီးဘက်က စဉ်းစားကြည့်ရင် အလုပ်အသစ်ခန်.တာ အလုပ်မှာ လူလိုလိုပေါ့။ ခန်.ပြီးတာနဲ. မကြာခင် ၁နှစ် ခွင့်ပြန်သွားမယ့်လူကို ဘယ်သူခန်.ချင်ပါ့မလဲ။ 

အမျိုးသမီးက သူ.ကိုယ်ဝန်ကြောင့် အလုပ်မပေးတော့ဘူးလဲ ကြားရော၊ ရှေ.နေငှားပြီး ကိုယ်ဝန်ကြောင့် လူတန်းစားခွဲခြားတာ "Discriminate" လုပ်ပါတယ်ဆိုပြီး တရားစွဲပါရော။ အဲလိုနဲ. ကျမတို.ရဲ. ချစ်ကြောက်ရိုသေခဲ့ရတဲ့ မန်နေဂျာကြီး အလုပ်ထွက်သွားရပါတယ်။

ဒီစာရေးဖြစ်တာက လောကမှာ ကိစ္စ အဖြစ်အပျက် အတော်များများဟာ မျက်တမှိတ် လျှက်တပြက် အတွင်း ဖြစ်တတ်ကြပါတယ်။ တကယ် သံဝေဂ တရားရစရာပါ။ ကျမ ဒီဖြစ်ရပ်ကို ပြန်တွေးမိတိုင်း သတိလေးနဲ. နေဖို.၊ ဘုရားတရား မမေ့ဖို.၊ ဘာမဆို နှစ်ခါပြန် စဉ်းစား ဆင်ခြင်ဖို. မကြာခဏ ကိုယ့်ကိုယ် ပြန်သတိပေးမိတော့တာပါဘဲ။ 

14 May 2013

Unusual names in medical profession

ဒီစာမှာတော့ အလုပ်အတူတူ တွဲလုပ်ဖူးတဲ့ ထူးထူးခြားခြား အင်္ဂလိပ်နာမည်တွေ ပိုင်ဆိုင်တဲ့ သူငယ်ချင်း လုပ်ဖေါ်ကိုင်ဖက်တို.ရဲ့ နာမည်လေးတွေ အကြောင်း ရှဲလိုက်ပါဦးမယ်။

အရင် ကျမနဲ. အလုပ် အတူတူလုပ်ရတဲ့ ဆရာဝန်ကြီး Consultant တယောက်ရဲ. နာမည်က Dr. Dead တဲ့။ အဟဲ .. ကျမတို. သူ.ကိုခေါ်ရင် ဒေါက်တာ ဒီအက် (De'ad) လို. ပြောင်းခေါ်ရပါတယ်။ လူနာတွေကြားရင် ကြောက်ပြီး ထွက်ပြေးကြလို.လေ။ 

အမျိုးသားကလဲ ပြောတယ် သူ.ဆရာကြီး Consultant ရဲ. နာမည်က Dr. Sorrw တဲ့။ ဆရာရယ် နာမည်ကြားတာနဲ. ငိုချင်လာပြီနော်။ 

အဲ ရှိသေးတယ်။ အင်္ဂလိပ်နာမည်တွေထဲက အလွန်အသုံးများတာ။ Dr. Payne တဲ့ (အသံထွက်တာ Dr. Pain လို.ပဲခေါ်တာကိုး)။  ဆရာနာမည်ကြားရတာနဲ.တင် ရင်ထဲ အသဲထဲ သိပ်နာတယ်နော် ဟိ။ 

မနေ.ကလဲ Chronic Pain နဲ. လူနာတယောက်ကို Pain Clinic က Doctor Blame ဆီကို refer လုပ်လိုက်ရသေးတယ်။ 

ကျမသူငယ်ချင်း သူနာပြုတယောက်ရဲ. နာမည်ကတော့ Diana တဲ့။ သူငယ်ချင်း အပေါင်းအသင်းတွေက အတိုကောက် သူမကို Di လို.ခေါ်ကြတယ်။ ဘာဖြစ်တယ် မှတ်လဲ။ ကျမ သူငယ်ချင်း ဆရာဝန်တယောက်ကပေါ့။ အသက်မြော့မြော့ သေခါနီး လူနာနားကနေ သူနာပြုဆရာမလေး Di ကို အားပြဲကြီးနဲ. လှမ်းအော်ခေါ်လိုက်တာ ... "Die .. Die" ဆိုပြီး တော့. .. အဟဲ လူနာရှင်တွေ မျက်ပြူးသွားရတယ် ဆိုပါတော့။ ဖြစ်မှ ဖြစ်တတ်ပါတယ်။

ကျမနဲ. လောလောဆယ် အတူတူ အလုပ်လုပ် တွဲလုပ်နေတာကတော့ Dr. TooGood တဲ့။ တကယ်ပါပဲ အတော်လွန်လား အချော်လွန်လားဆိုတာ ... ပြန် မပြောနဲ.နော် ဟဲဟဲ။ အခုတော့ အရမ်းခင်ရတဲ့ သူနာပြုမလေး Ms DrinkWater ဆီမှာ ရေသွားတောင်းသောက်လိုက်ဦးမယ်။ 

10 May 2013

Don't criticise what you don't know well enough

ကျမ ဘဝမှာ သေသေချာချာ မလေ့လာ မသိဘဲ အထင်မှားမိတာတွေ မကြာခဏ ရှိပါတယ်။ ဥပမာတချို. ပြောရရင် ...

လူတွေကပြောကြတယ် ဘောလုံးသမားတွေဆိုတာ လခတွေ မထိုက်မတန် မတရားရပြီး အကျင့်မကောင်း ရိုင်းတဲ့သူတွေ၊ ဘဝင်မြင့်နေတဲ့လူတွေတဲ့။ ကျမလဲ သူတို.တွေ မီလျန်နဲ.ချီရနေတာ တွေ.နေရတော့ ပထမတော့ မှန်တယ်လို. ထင်ခဲ့ပါတယ်။ ကံကောင်းလိုက်တဲ့ သူတွေလို.လဲ တွေးမိပါတယ်။ ဒါပေမယ့် အခု သူတိုနဲ. အနီးကပ်တွဲ အလုပ်လုပ်တော့မှ သူတို.ရဲ့ဘဝ ဘယ်လောက် သနားစရာကောင်းလဲ။ မရေရာ မသေချာတဲ့ ဘဝတွေဘဲ တွေ.ရပါတယ်။ ဘဝအာမခံချက်မရှိ၊ ကစားနိုင်တဲ့ (Career) သက်တမ်းက တို၊ ဒီကြားထဲ ဒါဏ်ရာကြောင့် အကြာကြီး အနားယူရတာလဲ ဖြစ်နိုင်၊ တခါတလေ သိပ်မကစားနိုင် အမှားအယွင်းလုပ်မိရင် အားလုံး ဆဲတာ ဆိုတာခံရ၊ ဒါကြောင့် တချို.တွေ စိတ်ဓါတ်ကျ၊ သေကြောင်းကြံတာတွေ ဖြစ်ကြ၊ အသက် ၇-နှစ် ၈နှစ်လောက်ထဲက စလေ့ကျင့် သင်ယူ ကြရတာ၊ ဒီလို မနေမနား အပြင်းအထန် လေ့ကျင့်ပြီး နားရက်ဆိုတာကလဲ မရှိသလောက် ...။ သူတို.ကိုကြည့်ပြီး ကျမတော့ သနားမိပါတယ်။ (သူ.တို.တွေကိုယ်ထက် အဆ ရာထောင်ချီမက ပို ချမ်းသာတာ ခဏ ဘေးဖယ်လို.ပေါ့)။ အရင်က ထင်ခဲ့ မိတဲ့ ဘာမှမလုပ် McDonald စားပြီး လခ မတရားရနေတဲ့ လူတွေ ဆိုတဲ့ အတွေးတွေ ဖြောက်မိပါတယ်။

ဒီရက်ပိုင်း အရိုးအထူးကုတွေနဲ. တွဲလုပ်ရပါတယ်။ တမျိုးမထင်ပါနှင့် ကျမ Surgeon မဟုတ်ပါ၊ ဆေးကျောင်းထဲက ကျမ ဆေးဝါး Physician  လုပ်ပဲ လုပ်မယ် ကျွေးကြော်လာသူ၊ Physician တယောက်အဖြစ်ပဲ ရပ်တည်နေသူပါ။ အတွေ.အကြုံအတွက် အရိုးအထူးကုနဲ. လုပ်ရမယ်ဆိုတော့ ကျမ အနည်းငယ် လန်.မိပါတယ်။ ဒီမှာ ပထမဆုံး Posting အရိုးဆောင်မှာ လုပ်တုန်းက လူနာတယောက် ပေါင်ရိုးကျိုးပြီး (fracture neck of femur) ခွဲကုရပါတယ်။ ခွဲပြီး ၃ရက် မြောက်မှာ လူနာက အမောဖေါက်၊ သွေးထဲက အောက်စီဂျင်အတိုင်းအတာတွေ ထိုးကျပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေရှိတာက သွေးခဲ အဆုတ်ထဲကို ရောက်သွားတဲ့ Pulmonary Embolism ဆိုတာပါ။ ခွဲစိတ်ထာတဲ့ လူနာတွေရဲ့ ဖြစ်တတ်တဲ့ Complications တခုဖြစ်ပြီး အသက်အန္တရယ်နဲ.လဲ အလွန်နီးပါတယ်။ ဒါနဲ. အရိုးဆရာ Consultant ကို အကြောင်းကြားတော့ သူမေးတာက

6 May 2013

english usages

ကျမတို. ဒီအင်္ဂလန်မှာ နေတာလာ ရ-နှစ်ခွဲရှိပါပြီ။ ဒါပေမယ့် အင်္ဂလိပ်စကားကတော့ သင်လို.မဆုံးနိုင်စရာ၊ အခုထိ လေ့လာစရာ မှတ်သားစရာတွေ အများအပြား ရှိနေဆဲပါ။ ဆေးပညာနဲ. ပက်သက်ပြီး ပြောရတာ ရှင်းပြရတာ မခက်ပေမဲ့ တခါတလေ ဟိုအကြောင်း ဒီအကြောင်း လေပေါချင်ရင်တော့ အင်္ဂလိပ်စကားရှာမရ ဘာသာပြန်မရ အခက်တွေ.တာ ဖြစ်တတ်တုန်းပါ။ 

ဒီတပါတ် စနေ တနင်္ဂနွေ တနလာင်္ ၃ရက် ပိတ်ရက်ရပါတယ်။ နေကလဲသာ၊ ရာသီဥတုကကောင်းတော့ သူငယ်ချင်းတွေ နေရာ အရပ်ရပ်က လာလည်ကြပါတယ်။ အရမ်းခင်တဲ့ အင်္ဂလိပ် သူငယ်ချင်း ၂ယောက်ပါ အပါအဝင်ပေါ့။ သူတို.နဲ. ပန်းခြံထဲ လမ်းလျှောက်လို. ဒီလိုပဲ အလာပ သလာပ စကားတွေ ပြောရင်း မြွေတွေအကြောင်း ရောက်သွားပါတယ်။ 

အင်္ဂလန်မှာတော့ မြွေမရှိကြောင်း၊ ကျမတို. ငယ်စဉ်က ကွမ်းခြံကုန်းမှာ နေတုန်းက အိမ်နားမှာ မြွေကြီး အကြီးကြီးတကောင် ရှိကြောင်းနဲ. သူထွက်လာရင် ကျမတို. ဘယ်လို ခြောက်တော့မှ မြွေက ထွက်ပြေးသွားကြောင်း (Snake ran away) ကျမက ဆရာမကြီး လူတတ်မကြီး လုပ်ပြီး ပြောပြပါမိပါတယ်။ အဲဒီစကား ကြားတော့ ကျမသူငယ်ချင်း ဘိုနှစ်ယောက်မှာ ရယ်လိုက်ကြတာဆိုတာ။ နောက်တော့မှ သူတို.ပြန်ရှင်းပြတာက မြွေမှာ ခြေထောက်မရှိတော့ မပြေးနိုင်ကြောင်း။ ဒီအတွက် Run ဆိုတာ မသုံးရကြောင်း။ Snakes can not run, they slither and slide တဲ့။ ဟုတ်ပါ့။ ပြန်တွေးမှ အဲဒီတော့လဲ မှန်သား။ မြန်မာလိုတော့ မြွေထွက်ပြေးသွားတယ်ပဲ ပြောတာကိုး။ 

ဒီတပါတ် စနေ တနင်္ဂနွေရဲ့ မှတ်သားမိတဲ့ သင်္ခန်းစာ တခုပါ။ 

1 May 2013

National Anthems



God Save the Queen


ငယ်ငယ်ကဆို ကျောင်းမှာ နေ.စဉ် မနက် မနက် ဆို သြကာသရွတ်၊ ညနေ ကျောင်းမဆင်းမှီ နိုင်ငံတော် သီချင်းဆိုခဲ့ရတာ အမှတ်ရမိပါတယ်။ အဲဒီတုန်းကတော့ ဘာရယ် တန်ဖိုးမထားပေမယ့် အခုတော့ အဲဒီ စနစ် စည်းကမ်းကြောင့်သာ ကျမတို. အားလုံး သြကာသရွတ်တတ် ကမ္ဘာမကျေ ဆိုတတ်တာမို. ကျေးဇူးတင်ရပြန်ပါတယ်။ 

အခုရက်ပိုင်း မကြာခဏ အားကစားပွဲတွေ သွားရလွန်းတော့ တချို.ပွဲတွေမှာဆို နိုင်ငံတော် သီချင်း ဆိုရပါတယ်။ ကျမကတော့ ဒီနိုင်ငံရဲ.သီချင်း ဘယ်လိုက်ဆိုနိုင်မှာလဲ။ ခုထိတော့ ကမ္ဘာမကျေကလွဲလို.လဲ သူတို. သီချင်းကို လိုက်မဆိုချင်ဘူးလေ။ အဲ ကျမတယောက်ထဲ အားကျိုးမာန်တက် နိုင်ငံတော် သီချင်းလိုက်မဆိုနိင်တာလား ဆိုတော့လဲ မဟုတ်ပြန်ဘူး။ ခက်တာက ဒီနိုင်ငံက လူတော်တော်များများကတောင် သူတို.နိုင်ငံရဲ. နိုင်ငံတော်သီချင်းကို စာသားတွေ မရကြဘူးတဲ့။ ကဲ မခက်ပေဘူးလား။ ကျမတော့ ဝမ်းနည်းစရာ ကောင်းတဲ့ အချက်တခုလို. မြင်မိပါတယ်။

14 February 2013

အားကစား ဖိနပ်လေးများ

ခြေလက်မသန်သူတွေ အတွက်လုပ်တဲ့ အားကစား (Paraolympics) ရဲ့ ပြေးခုန်ပြစ် ပြိုင်ပွဲတခုမှာ အိန္ဒိယက အားကစား သမား တယောက် ဖိနပ်မပါပဲ အမြင့်ခုန်တာကို ဒီနိုင်ငံမှ လူများစွာက “သနားပါတယ်” လို ပြောကြတာ ကျမ ကြားမိပါတယ်။ ကျမအတွက်တော့ ဖိနပ်မပါဘဲ အားကစားလုပ်တာ အထူးအဆန်းမဟုတ်လှ။ ဒီအနောက်နိုင်ငံမှာတော့ အားကစား အမျိုးမျိုး အတွက် ဖိနပ်အမျိုးအစားပေါင်း မြောက်များစွာ ရှိပါတယ်။ ဥပမာ ဘောလုံး၊ တာတိုပြေးတာ အစရှိသဖြင့်ပေါ့။ အဲဒီတော့ ကျမအနေနဲ.  နဲနဲ စူးစမ်းချင်တဲ့ စိတ်ကလေး ပေါ်လာပါတယ်။ ဖိနပ် အမျိုးပေါင်း ဘယ်လောက်များ ရှိမလဲပေါ့။ 

ဘောလုံးက စပြောမယ်ဆိုရင် ဘောလုံးကန်တယ်ဆိုတာ မျက်ခင်းပြင်ပေါ် (Turf) မှာ ပြေးမယ်၊ ခုန်မယ်၊ ကန်မယ်၊ အမြန် ခန္တာကိုယ် အနေအထား ဦတည်ရာတွေ ပြောင်းရတာတွေ ရှိမယ်။ အဲဒီတော့ မျက်ခင်း (Turf) ပေါ်မှာ ချော်မလဲဘဲ ကုတ်ဆွဲထားပြီး ပြေးလွှားနိုင်မယ့် cleat Or Studs လို. ခေါ်တဲ့ အတက်ကလေးတွေ ဘောလုံး ဖိနပ်အောက်မှာ ရှိရပါတယ်။ သူတိုမရှိရင် မျက်ခင်းပြင်မှာ ချော်လဲနိုင်ပါတယ်။ ဒီထောက်တံ Stud တွေရဲ့ အရေအသွေးအပေါ် မတည်ပြီး ပျမ်းမျှ ဘောလုံး ဖိနပ်တရံရဲ့ တန်ဖိုးဟာ အင်္ဂလန်ပေါင် ၂၀၀ - ၃၀၀ ရှိတတ်ပါတယ်။ ပွဲမစခင်မှလဲ ဘောလုံးသမားတွေ ကွင်းထဲ မဝင်ခင် ဒိုင်လူကြီးဟာ အဝတ်လဲခန်း အပြင်ကနေ ဘောလုံးသမား တယောက်စီရဲ ဘိနပ်တွေ လာစစ်တာ လုပ်ရပါတယ်။ အမေရိကန်ဘောလုံး (Rugby) လဲ Studs ပါတဲ့ ဖိနပ်တွေနဲ.ပဲကစားတာပါ။