Menu bar

10 May 2013

Don't criticise what you don't know well enough

ကျမ ဘဝမှာ သေသေချာချာ မလေ့လာ မသိဘဲ အထင်မှားမိတာတွေ မကြာခဏ ရှိပါတယ်။ ဥပမာတချို. ပြောရရင် ...

လူတွေကပြောကြတယ် ဘောလုံးသမားတွေဆိုတာ လခတွေ မထိုက်မတန် မတရားရပြီး အကျင့်မကောင်း ရိုင်းတဲ့သူတွေ၊ ဘဝင်မြင့်နေတဲ့လူတွေတဲ့။ ကျမလဲ သူတို.တွေ မီလျန်နဲ.ချီရနေတာ တွေ.နေရတော့ ပထမတော့ မှန်တယ်လို. ထင်ခဲ့ပါတယ်။ ကံကောင်းလိုက်တဲ့ သူတွေလို.လဲ တွေးမိပါတယ်။ ဒါပေမယ့် အခု သူတိုနဲ. အနီးကပ်တွဲ အလုပ်လုပ်တော့မှ သူတို.ရဲ့ဘဝ ဘယ်လောက် သနားစရာကောင်းလဲ။ မရေရာ မသေချာတဲ့ ဘဝတွေဘဲ တွေ.ရပါတယ်။ ဘဝအာမခံချက်မရှိ၊ ကစားနိုင်တဲ့ (Career) သက်တမ်းက တို၊ ဒီကြားထဲ ဒါဏ်ရာကြောင့် အကြာကြီး အနားယူရတာလဲ ဖြစ်နိုင်၊ တခါတလေ သိပ်မကစားနိုင် အမှားအယွင်းလုပ်မိရင် အားလုံး ဆဲတာ ဆိုတာခံရ၊ ဒါကြောင့် တချို.တွေ စိတ်ဓါတ်ကျ၊ သေကြောင်းကြံတာတွေ ဖြစ်ကြ၊ အသက် ၇-နှစ် ၈နှစ်လောက်ထဲက စလေ့ကျင့် သင်ယူ ကြရတာ၊ ဒီလို မနေမနား အပြင်းအထန် လေ့ကျင့်ပြီး နားရက်ဆိုတာကလဲ မရှိသလောက် ...။ သူတို.ကိုကြည့်ပြီး ကျမတော့ သနားမိပါတယ်။ (သူ.တို.တွေကိုယ်ထက် အဆ ရာထောင်ချီမက ပို ချမ်းသာတာ ခဏ ဘေးဖယ်လို.ပေါ့)။ အရင်က ထင်ခဲ့ မိတဲ့ ဘာမှမလုပ် McDonald စားပြီး လခ မတရားရနေတဲ့ လူတွေ ဆိုတဲ့ အတွေးတွေ ဖြောက်မိပါတယ်။

ဒီရက်ပိုင်း အရိုးအထူးကုတွေနဲ. တွဲလုပ်ရပါတယ်။ တမျိုးမထင်ပါနှင့် ကျမ Surgeon မဟုတ်ပါ၊ ဆေးကျောင်းထဲက ကျမ ဆေးဝါး Physician  လုပ်ပဲ လုပ်မယ် ကျွေးကြော်လာသူ၊ Physician တယောက်အဖြစ်ပဲ ရပ်တည်နေသူပါ။ အတွေ.အကြုံအတွက် အရိုးအထူးကုနဲ. လုပ်ရမယ်ဆိုတော့ ကျမ အနည်းငယ် လန်.မိပါတယ်။ ဒီမှာ ပထမဆုံး Posting အရိုးဆောင်မှာ လုပ်တုန်းက လူနာတယောက် ပေါင်ရိုးကျိုးပြီး (fracture neck of femur) ခွဲကုရပါတယ်။ ခွဲပြီး ၃ရက် မြောက်မှာ လူနာက အမောဖေါက်၊ သွေးထဲက အောက်စီဂျင်အတိုင်းအတာတွေ ထိုးကျပါတယ်။ အဲဒီတော့ ဖြစ်နိုင်ခြေရှိတာက သွေးခဲ အဆုတ်ထဲကို ရောက်သွားတဲ့ Pulmonary Embolism ဆိုတာပါ။ ခွဲစိတ်ထာတဲ့ လူနာတွေရဲ့ ဖြစ်တတ်တဲ့ Complications တခုဖြစ်ပြီး အသက်အန္တရယ်နဲ.လဲ အလွန်နီးပါတယ်။ ဒါနဲ. အရိုးဆရာ Consultant ကို အကြောင်းကြားတော့ သူမေးတာက

“ပေါင်က အနာ ဘယ်လို အခြေအနေရှိလဲ”
ကျမ “အနာကကောင်းတယ်။ ဒါပေမယ့် အမောဖောက် အသက်ရှူမြန်ပြီး အောက်စီဂျင် အတိုင်းအတာတွေ ထိုးကျနေတယ်”
Consultant “အနာကောင်းရင် ငါ့တာဝန်ပြီးပြီ။ ကျန်တာ Medical oncall ကို ခေါ်ပြလိုက်” တဲ့။ ကဲ .... 
အဲဒီ အတွေ.အကြုံမျိုးတွေကြောင့် ကျမက surgeon အများစုဟာ ခွဲခန်းထဲ အချိန်ကုန်ပြီး လူနာအပေါ်သိပ်ဂရုမစိုက်လို. အထင်မှားမိပါတယ်။ အခု တကယ်လုပ်ကြည့်တော့မှ လူနာတွေကို တကယ် ဂရုစိုက်၊ လူနာကောင်းကျိုးကို အမြဲစဉ်းစားပေးတဲ့ အရိုးခွဲစိတ်ဆရာကြီးများနဲ. တွဲလုပ်ပြီးမှ ကျမ အထင်တွေမှားနေပါလားဆိုတာ သိရပါတယ်။ 

ငယ်ကထဲက ကြားသမျှသီချင်း လိုက်ဟဲ တတ်တော့ ကာရာအိုကေ ဆိုတာလဲ အလွန်လွယ်တယ်လို. ထင်ခဲ့ ဖူးပါတယ်။ နောက်တကယ် ဆိုကြည့်တော့မှ (တော်ပါတော့ ရပ်ပါတော့ဆိုတဲ့ တောင်းဆိုသံတွေ ကြားရလွန်းတော့မှ) ကျမမှာ သီချင်းဆိုဖို. talent မပါတာ သိရတာပါ။ ဒါတောင်မမှတ်သေးပဲ အများရှေ. လူတတ်မကြီး လုပ်ပြီး အရှက်ကွဲရပါသေးတယ်။  ကျမ ကားမောင်းရင် အင်္ဂလိပ်သီချင်းတွေကို ရေဒီယိုကနေ နားထောင်တတ်တဲ့ အကျင့်ရှိပါတယ်။ လိုက်ဟဲဖြစ် ဆိုဖြစ်တာတော့ အလွန်ရှားသွားပါပြီ။ အသက်ကကြီးလာပြီးဆိုတော့လေ။ တလောက ဘောလုံးအသင်းနဲ. ခရီးသွားတော့ ဘတ်စ်ကားပေါ်မှာ အားလုံးက သီချင်းဆိုရမယ် တောင်းဆိုကြပါတယ်။ အင်္ဂလိပ်သီချင်းဆိုရတာပေါ့နော်၊ မြန်မာ သီချင်းဆိုပြလို. ဘယ်နားလည်ကြပါ့မလဲ။ ပထမတော့ ကျမအကျင့်အတိုင်း ဒါများ ဘာခက်တုန်းပေါ့။ မကြာခဏ လိုက်ညည်းနေတဲ့ ကျမလဲ အလွန်ကြိုက်ပြီး မြန်မာကော်ပီလဲရှိတဲ့ သီချင်းကို ရွေးပြီးဆိုလိုက်မယ်ပေါ့ .. Ronan Keating ရဲ. When you say nothing at all ကို ဆိုဖြစ်ပါတယ်။ အဟဲ ရလဒ်ကတော့ အဲဒီကစ ဒီတသက် ကျမ ဘယ်တော့ ဘယ်သောအခါမှ လူအများကြား သီချင်း မဆိုတော့ဘူး လို. ဆုံးဖြတ်လိုက်မိတာပါဘဲ။

ကဲ .. နောက်ဆို ဘယ်အရာကို မှ သေသေချာချာ မသိရင် မဝေဖန်၊ အထင်မသေး၊ ပေါ့ပေါ့တန်တန် မတွေးပါနဲ. လို ကိုယ်ကိုယ်ကို ပြန်ပြောမိတော့တာပါဘဲ။