Menu bar

29 July 2013

မြန်မာနိုင်ငံ နဲ. ဆက်သွယ်ရေး

ဒီနေ. အိမ်က အဖေ အမေဆီကို ဖုန်းဆက်တာ လိုင်းက အသံ မကြည်လင်၊ ပြောလို.ကမကောင်း။ အရင် တပတ်က ဆက်တုန်းကလဲ အဲလိုပဲ လိုင်းက ပြုတ်ကျကျသွားတာနဲ. သေသေချာချာ စကားမပြောလိုက်ရ။ 

ဒီပြဿနာက ကျမ ဒီအင်္ဂလန်ရောက်ပြီးထဲက တွေ.ကြုံရတဲ့ ပြဿနာ။ ဒီနိုင်ငံမှာ ဖုန်းလိုင်းယူတော့ ဖုန်းလိုင်းနဲ.အင်တာနက် ကုမ္ဗဏီတွေကနေ “နိုင်ငံခြားခေါ်တာ ရှိလား။ ရှိရင် လျှော့ဈေးနဲ. ရအောင်လုပ်ပေးမယ်” ဆိုပြီး မကြာခဏ ကြော်ငြာ ဝင်တတ်ပါတယ်။ ဥပမာ တလ ၁ ပေါင်ပိုပေးရင် အမေရိကကို အလကား ခေါ်လို.ရမယ်။ တလ ၅ပေါင်ပိုပေးထားရင် နိုင်ငံပေါင်း ၇၀ကျော်ကို အလကား ခေါ်လို.ရမယ်၊ တချို.ဆို နိုင်ငံပေါင်း ၂၀၀ကျော်၊ အစရှိသဖြင့်ပေါ့။ ပထမတော့ ကျမလဲ အကြောင်းမသိတော့ အင်းကောင်းတာပေါ့။ အိမ်ကို မကြာခဏ ဖုန်းခေါ်တာ တခါတလေ ၁လ ပေါင် ၂၀၀တောင် ကျော်သွားတတ်သေးတာလေ။ လျှော့ဈေးနဲ. ရမယ်ဆိုတော့ ဝမ်းသာအားရပေါ့။ အဲဒါနဲ. အရောင်းကောင်တာက လူကလဲ သူ ရောင်းရတော့မယ်ဆိုပြီး ဝမ်းသာအားရ အိမ်က ဘယ်နိုင်ငံမှာလဲ မေးပါရော။ မြန်မာနိုင်ငံဆိုတော့ သူ.ခင်ဗျာ အချိန်အတော် ကြာကြာ ခေါင်းကုတ် ရှာဖွေပြီးနောက် ... “ဆောရီးပါ မြန်မာနိုင်ငံတော့ ဒီလို လျှော့ပေးလို.ရတဲ့ နိုင်ငံတွေအထဲ မပါပါဘူး” ဆိုတဲ့ အဖြေကိုကြားရတာပါဘဲ။ 

ဒီလိုနဲ. မကြာခဏဆိုသလို ကြော်ငြာတတ်ကြတာ၊ ၁ခါက ၂ခါ၊ ၃ခါ ထပ်လာတော့ ကျမလဲ အရေထူလာပြီပေါ့။ နောက် သူတို. ကြော်ငြာဝင်ရင် “ငါတို. နိုင်ငံက သူမတူ၊ ထူးခြားတဲ့ နိုင်ငံ၊ နင်တိုဘာသာ နိုင်ငံပေါင်း ၂၀၀ မက ၃၀၀ဖြစ်ဖြစ် တကမ္ဘာလုံးပဲ လျှော့ဈေးပေးပေး တို.နိုင်ငံတော့ ပါမှာ မဟုတ်လို.” ပြောပြရတော့တယ်။ နှစ်တွေကြာလာတော့ တခါတလေတော့လဲ ပြောင်းလဲ တိုးတက်လာ မလား စုံစမ်းကြည့်ပေမယ် ထူးမခြားနား။ 

ဒီမှာ သိကြွမ်းတဲ့ နိုင်ငံတကာက သူငယ်ချင်းတွေကလဲ ကျမရဲ. ဖုန်းခေါ်ရတာ ဈေးကြီးတာ၊ ခေါ်ရခက်တာ ညည်းသံကြားတော့ ဘယ် ဖုန်းကဒ်၊ ဘယ်လိုင်းဆို ဈေးအလွန်သက်သာတာ။ ဥပမာ အိန္ဒိယ၊ အီရပ်၊ သီရိလင်္ကာ၊ တရုပ် အားလုံး ဖုန်းခေါ်ရင် ၁မိနစ်ကို ၁ပြားပဲပေးရတာ။ ခေါ်ကြည့် ပြောပြကြပေမယ့်၊ ကျမသိသလောက် မြန်မာကို ခေါ်ဖို.ဈေးအချိုဆုံး ရနိုင်တာကတော့ ပြား၂၀ထပ် မနဲ။ ဒါတောင် ဖုန်းလိုင်းက ကြည်တာမဟုတ်၊ မကြာခဏ လိုင်းပြတ်ကျတဲ့ ရောဂါက ရှိသေး။ 

စကားမစပ် မြန်မာနိုင်ငံက မိုဘိုင်းတွေ အကြောင်းလဲ တွေးမိသေးပြန်ပါတယ်။ ဒီ အင်္ဂလန် ရောက်ရောက်ချင်း အလုပ် မရသေးခင် ဖုန်းလိုတယ်ဆိုပြီး အမျိုးသားက မိုဘိုင်းဖုန်း ၁လုံးဝယ်ပေးပါတယ်။ မှတ်မှတ်ရရ ပေါင် ၂၀ ကျော်လေးပဲ ပေးရတယ်။ SIM ကဒ်က အလကား ရပါတယ်။ ဖုန်းဆိုင်တွေက ရောင်းချင်လွန်းလို.လေ။ ကျမ ရန်ကုန်မှာ နေတဲ့ အချိန်တုန်းက မိုဘိုင်းဆိုတာ လူတိုင်း မကိုင်နိင်။ SIM ကဒ်က အစိုးရဆီက မှောင်ခိုနဲ.မဟုတ်တရုတ် ပေါက်ဈေးနဲ.ဝယ်ရတာ။ အဲဒီတော့ ဖုန်းကိုင်နိုင်သူတွေက မိုဘိုင်းဖုန်းတွေကို အဆောင်အယောင်တခုလို ရှိုးပြစရာ တခုလို ခါးကြားမှာ ချိတ်ထားတတ်ကြတာ ဒီမှာ ပြောပြတော့ အပေါင်းအသင်း အားလုံးက တအံ့တသြ။

ဒါတင် ဘယ်ကဦးမလဲ။ Gmail တို. Gtalk တို.ကို တရားမဝင်ဘူး ပြောပြီး ပိတ်ထားခဲ့တာလဲ တို.နိုင်ငံ။ Viper လို အင်တာနက်ကနေ ဖုန်းပြောလို.ရတဲ့ applications တွေကို တရားမဝင်ဘူး ဆိုပြီးပြောတာလဲ တို. မြန်မာနိုင်ငံပါပဲ။ မြောက်ကိုးရီးယားတို အီသီယိုးပီးယားတိုတောင် အဲလို အခြေအနေမျိုး ကြုံဖူးမယ်မထင်။

အဲ မဆီမဆိုင် ထဲ့ပြောရရင် ကျမတို.နိုင်ငံရဲ. လတ်တလော တိုးတက် ပြောင်းလဲလာမှုနဲ.အတူ အခု မြန်မာ အစိုးရ အဖွဲ.အစည်းတွေမှာလဲ ခေတ်မှီစွာ အင်တာနက် သုံးလာကြပါပြီ။ ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်တွေ ရှိလာကြပါပြီ။ ဥပမာ ကျမတို. ဆေးကျောင်းရဲ. ကိုယ်ပိုင် ဝက်ဘ်ဆိုဒ်က အစပေါ့။ တော်တော်ကြီး ခေတ်မှီလာပြီပေါ့နော်။ ဒါပေမယ့် ဒီအစိုးရ ရုံးတွေရဲ. ဆက်သွယ်စရာ အီးမေးလ်ကို ကြည့်လိုက်ရင်တော့ Gmail accounts တွေ ဖြစ်နေတတ်တာ များပါတယ်။ အသိတယောက် မကြာသေးခင်က အလုပ်အတွက် ဆေးကျောင်းက စာလိုတော့၊ တောင်းတဲ့သူကို ငါတို.ဆေးကျောင်းကို တိုက်ရိုက် စာရေး၊ ဒါမှမဟုတ် အီးမေးပို.တောင်းလိုက်ပေါ့ ဆိုတော့ တောင်းတဲ့သူတွေက Gmail နဲ. အီးမေး လိပ်စာကိုကြည့်ပြီး အဲဒါ တကယ့် တရားဝင် အီးမေးဆိုတာ မယုံ။ ကျမ အသိက နာမည်တုနဲ. ဝင်ဖွင့်ထားတယ်လို. ထင်ပြီး စွပ်စွဲနေသေးတာ။ 

ကဲ ပြောရမယ်ဆိုရင်တော့ ပြီးတော့မှာ မဟုတ်၊ အခုတော့ ညဉ်.နက်လာပြီမို. ညည်းတာတွေကိုရပ်ပြီး ည အိပ်ယာဝင်ရပါတော့မယ်။ အားလုံး အိပ်မက် လှလှ မက်ကြပါစေ ........