Menu bar

13 January 2013

ဆယ်ကျော်သက်အရွယ် စိတ်ထားလား

ကျမရဲ့ အခု အလုပ်မှာ ဆယ်ကျော်သက်အရွယ် အားကစား သမားများကို စောင့်ရှောက်ပေးရပါတယ်။ ဒီ အားကစားသမားလေးတွေနဲ. စကားလက်ဆုံ ပြောလို. သူတို.အကြောင်းတွေ မေးမိရင် သူတို.ရဲ့ ဘဝ အပေါ် အမြင် လူတတ် လူနားလည် လုပ်ပြချင်တာတွေ၊ လမ်းတဝဲ ရောက်နေတတ်တာတွေလဲ တွေ.ရတတ်ပါတယ်။ အဲလိုပြောတော့ ကျမက ပျက်စီးလေလွင့်နေတဲ့ လူဆိုးလေးတွေ မဟုတ်ပါ။ အများစုဟာ သူတို.လုပ်တဲ့ အားကစားနဲ. စကောလားရှစ် ကျောင်းတက်နေသူတွေ၊ အင်္ဂလန် နဲ. ဂရိတ်ဗြိတိန်ကို ကိုယ်စားပြု ယှဉ်ပြိုင်နေတဲ. အလွန်တော်တတ် ထူးချွန်လိမ္မာတဲ့ ကလေးငယ်တွေပါ။ ဆယ်ကျော်သက်အရွယ် ဘဝ အကြောင်း သိပ်မနားလည်သေးတော့ လူကြီး လုပ်ပြချင်တာမျိုး တခြားလူ အထင်ကြီးအောင် ကိုယ်မဟုတ်တဲ့ လူတယောက်လို ဟန်ဆောင်ပြတာမျိုးတွေပါ။ 

နိုင်ငံခြားရုပ်ရှင်များမှာလဲ High School Movies ဆိုတဲ့ ဒီ ဆယ်ကျော်သက် တွေရဲ့ ဘဝ၊ အခက်အခဲ။ စိတ်ဖိစီးစရာ တွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပေါင်းမြောက်များစွာ ရှိပါတယ်။ ကိုယ့်ကိုယ် ကျောင်းမှာ ပေါ်ပြူလာ မဖြစ်မှာစိုးရိမ်ရတာတွေ၊ သူများတွေရဲ့ အနိုင်ကျင့်စရာ ဖြစ်မှာစိုးရတာတွေ၊ ဆေးသုံးကြည့်ချင်၊ ဆေးလိပ် အရက် လိင်ကိစ္စများ အပါအဝင်၊ သူတို.လေးတွေမှာ စိတ်ဖိစီးစရာ၊ စိတ်ဓါတ်ကျစရာ အမြောက်အများကို ကျော်ဖြတ်ရ တတ်ပါတယ်။ ဆယ်ကျော်သက်ဘဝဆိုတာ ဟိုမရောက် ဒီမရောက်မို.၊ ကလေးလဲ မဟုတ်တော့၊ လူကြီးလဲ မဖြစ်သေး၊ ဘဝဆိုတာဘာလဲ နားမလည် စမ်းသပ်ချင်စရာ အမြောက်အများနဲ. အလွန် စိတ်ရှုပ်စရာ ကောင်းတတ်ပါတယ်။

ကျမငယ်ငယ် ဆယ်ကျော်သက်အရွယ်ကတော့ ကျမ မိခင် ဆူတာ ကျမ မကြာခဏ ခံရတတ်တလို မေမေက ဆူတိုင်း ဆယ်ကျော်သက်ဆိုတာ သစ်ရွက်ကလေး လှုပ်တာက အစ ရင်ခုန်တတ်တယ် စိတ်လှုပ်ရှားတတ်တယ် ဆိုတာလဲ အမြဲထဲ့ပြော ဆုံးမလေ့ရှိပါတယ်။ တခုခု လမ်းလွဲ မရောက်ရအောင် မျက်စိဒေါက်ထောက်ကြည့် ဆုံးမခံခဲ့ရပါတယ်။ သစ်ရွက်လှုပ်တာ ရင်ခုန် မခုန်တော့မသိ၊ ကျမကိုယ် ကျမမှတ်မိနေတာကတော့ "ကျမဟာ ဘယ်လို လူစားမျိုးလဲ။ ဘယ်လို လူမျိုးဖြစ်ချင်တာလဲ။ ငါဘယ်လို ပြုမူလိုက်ရင် ဘယ်သူတွေက ဘယ်လိုထင်ကုန်မလား" ဆိုတဲ့ အတွေးပေါင်းဆုံနဲ့ စိတ်ရှုပ်ခဲ့ရတာပါပဲ။ ကိုယ်ဘဝကိုယ် ဘယ်လိုဖြစ်လာမလဲ စူးစမ်းမှုကလေးတွေ ရှိခဲ့သလို၊ ပြုမူခဲ့သမျှ ဝတ်စားခဲ့သမျှ ဆံပင်ပုံ ကအစ အပြောအဆို အသုံးအနှုန်း အများစုဟာ သူများအထင်ကြီးအောင် ဆိုတဲ့ စိတ်ဓါတ်မျိုးနဲ. ကြိုးစားပြီး နေခဲ့တာတွေပဲ များပါတယ်။ အဲဒီတော့ လူက ကိုယ်မဟုတ်ပဲ ဟန်ဆောင်ထားတဲ့ လူတယောက်လို ဖြစ်လာတတ်ပါတယ်။ ဥပမာ ကျမ လူတယောက်နဲ. ခဏ စိတ်ဆိုး စကားများတယ် ဆိုပါတော့။ ကျမက ခဏလေး စိတ်ပြည်သွားပေမယ့် ရုပ်ရှင်ထဲက မင်းသမီးလို၊ လွန်းထားထား ဝတ္ထုထဲ့က ဇတ်ကောင်လို မာနကြီးရမယ် အငြိုးအတေးကြီးပြီး ပြန်မခေါ်ပဲနေရမယ် ဆိုပြီး ကျမ ပြုမူခဲ့မိတာတွေကလဲ အမြောက်အများပါ။

အဲဒီတုန်းက စိတ်ထားနဲ. အခု အနည်းငယ် ရင့်ကျက်လာတဲ့ စိတ်ထား ဘယ်လိုတွေ ကွာခြားသွားခဲ့လဲ။ 

အခုတော့ ကျမက အသက်လဲ ရလာပြီမို. သူများ ဘယ်လိုထင်ပြီး ဘယ်လို ဝတ္ထုဇတ်ကောင်လို ပြောဆို ပြုမူရမယ်ဆိုတဲ့ စိတ်ထားမရှိတော့ပါ။ Just be myself - ကိုယ်နေတတ်သလိုပဲ နေပါတော့တယ်။ ကိုယ့်ကိုယ်လဲ ဘယ်လို လူမျိုးဆိုတာ သိနားလည်ပြီမို. သူများ ဝေဖန် အပြစ်တင်မှာကို မစိုးရိန်တတ်တော့ပါ။ ကိုယ်မဟုတ်တဲ့ လူတယောက်လို ဟန်ဆောင်နေပြဖို. လဲ စိတ်မဝင်စားတော့ပါ။ ကိုယ့်ဘဝကိုယ် ရုပ်ပိုင်းဆိုင်ရာ အဝတ်အစား အပြုအမူအားလုံးကို အရှိကို အရှိအတိုင်း ကျမ ယုံကြည်မှုအပြည့်နဲ. ဟန်ဆောင်မှုတွေ မပါဘဲ ပြုမူနေထိုင်ပါတော့တယ်။ အဲဒီတော့ ထင်ရာစိုင်း လုပ်ချင်တာလုပ်နေတာကို ပြောတာတော့ မဟုတ်ပါ။ စိတ်ထား ဖြူနိုင်သမျှ ဖြူအောင်ထားလို. ဘုရားဟော တရားနဲ. ညီအောင်နေပါတယ်။ ကိုယ်မှန်တာ မှားတာ ကိုယ်သာ အသိဆုံးမို. ကိုယ်မှန်အောင် နေသ၍ ကိုယ်ကိုယ် ယုံကြည်မှုလဲ အပြည့်ရှိလာပါတယ်။ သူများ အထင်မှားမှာ သူများ ငြိုငြင်မှာ မကောင်းပြောမှာ ဆိုတဲ့ စိတ်တွေ မရှိတော့ပါ။ 

ကျမ အခုထိ ဆယ်ကျော်သက် မနူးမနှပ် နားမလည်တတ်သေးတဲ့ အရွယ် စိတ်ဓါတ်လား၊ အရွယ်ရောက် ရင့်ကျက်လာပြီဖြစ်တဲ့ ယုံကြည့်မှုတွေနဲ. ပြည့်ဝတဲ့ မိန်းမ တယောက်ဖြစ်နိုင်ပြီလား ဆိုတာ မကြာခဏ ဒီ မေးခွန်းလေးတွေကို ကိုယ့်ကို ပြန်မေးပြီး ပြန်လည်သတိပေးဖြစ်ပါတယ်။

  • ကိုယ့်ရဲ အမူအရာတွေ အကျင့်အကြံတွေကို သူများ အတွက် ဆိုပြီး လိုက် ပြုပြင်ပေးနေသေးလား
  • ကိုယ်ဘယ်လို လူမျိုးလဲဆိုတာ ကိုယ့်ကိုယ် နားလည်ပြီး လက်ခံနိုင်ရဲ့လား
  • တခုခုလုပ်တိုင်း သူများအတွက် သူများ အထင်ကြီးအောင် ဆိုတာထက် ကိုယ်ဘာသာကိုယ် မှန်တယ် လုပ်သင့်တယ် ထင်လို. လုပ်တာလား
  • သူများ အထင်ကြီးအောင်၊ ကိုယ့်ကို သဘောကျ လာအောင် သူများ အကြိုက်လိုက်ဆောင် ဖားတာ ကပ်တာတွေ လုပ်မိနေသေးလား
  • ကိုယ်ရုပ်ရည် ကိုယ်ဟန်အနေအထား ကိုယ့်ဘဝကိုယ် ကျေနပ်ရဲ့လား၊ ယုံကြည်မှုရှိရဲ့လား လောကမှာ ကိုယ်ကို ယုံကြည်မှု အပြည့် ရှိတဲ့သူတွေဟာ အလှဆုံးပဲတဲ့ ....
အားလုံးပဲ ကိုယ့်လက်ရှိ ဘဝကို ရောင့်ရဲနိုင်ပြီး  ကိုယ့်ကိုယ် ယုံကြည်မှုတွေ အပြည့်ရှိတဲ့ သူများ ဖြစ်နိုင်ကြပါစေ။